MPT က စာဆိုတော်နေ့အထိမ်းအမှတ် နိုင်ငံတစ်ဝန်း စာအုပ်စုပေါင်းလှူဒါန်းခြင်း လှုပ်ရှားမှုမှတစ်ဆင့် လူမှုအသိုက်အဝန်းသို့ စာအုပ် (၄,၀၀၀) ခန့် လှူဒါန်းဆောင်ရွက်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း စာအုပ် စုပေါင်း လှူဒါန်းပွဲကို ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃) ခုတွင် ယနေ့ ဆောင်ရွက်ခဲ့ပါသည်။ စာအုပ် စုပေါင်းလှူဒါန်းပွဲကို ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ MPT ရုံးများနှင့် နိုင်ငံတစ်ဝန်းရှိ စာအုပ်လှူဒါန်းမှုကို လက်ခံမည့် စာကြည့်တိုက်များတွင် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ MPT ၏ စီမံခန့်ခွဲမှုအရာရှိများ၊ စာကြည့်တိုက်အလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ နိုင်ငံတစ်ဝန်း စာအုပ် စုပေါင်းလှူဒါန်းပွဲကို နိုင်ငံတစ်ဝန်းရှိ MPT ဝန်ထမ်းများ၏ စာအုပ်လှူဒါန်းမှုဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ MPT သည် လူငယ်များအကြား စာဖတ်ရှုခြင်းအလေ့အထမြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃)ခုရှိ သက်ဆိုင်ရာ စာကြည့်တိုက်များသို့ စာအုပ် စုစုပေါင်း (၄,၀၀၀) ခန့်ကို လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
စာဆိုတော်နေ့ကို ၁၉၃၉ ခုနှစ်ခန့်က ဆရာတက်တိုး (ဦးအုန်းဖေ)နှင့် အမြတ်ခွန်မင်းကြီး ဦးယုဆိုင်တို့က ပထမဆုံးအကြိမ် အဆိုပြုခဲ့ကြပြီး ဦးပုညနေ့ ကျင်းပရန် အကြံပြုခဲ့ကြပါသည်။ ပထမဆုံး စာဆိုတော်နေ့ အခမ်းအနားကို ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) တွင် ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံ၌ ကျင်းပခဲ့သည်။ ယနေ့ခေတ်တွင် စာဆိုတော်နေ့ကို နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး စာပေဟောပြောပွဲများ၊ စာဆိုရှင်ဂုဏ်ပြုပွဲများ ကျင်းပခြင်း၊ သက်ကြီးစာဆိုရှင်များအား ကန်တော့ခြင်း အစရှိသည်များကို ဆောင်ရွက်ကြပါသည်။

Image: MPT
MPT-KSGM JO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် ကျွန်တော်တို့ရဲ့ ပထမဦးဆုံး နိုင်ငံတစ်ဝန်း စာအုပ် စုပေါင်းလှူဒါန်းပွဲကို စတင်မိတ်ဆက်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလှူဒါန်းမှုဟာ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ တကယ့်စိတ်ရင်းစေတနာကို ထင်ဟပ်ပြသတဲ့ မွန်မြတ်တဲ့ အလှူပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းက ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်စွာ စာအုပ်လှူဒါန်းမှုကြောင့် ဒီလိုအဓိပ္ပာယ်ရှိတဲ့ အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်မှာပါဝင်လှူဒါန်းခဲ့ကြတဲ့ ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီလှူဒါန်းမှုက လူငယ်တွေအကြား စာဖတ်တဲ့ အလေ့အထကိုမြှင့်တင်ပေးပြီး စာအုပ်စာပေဖတ်ရှုခြင်းကတစ်ဆင့် ကိုယ့်ဘဝအတွက် တစ်သက်တာ သင်ယူလေ့လာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အသုံးပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီလိုမွန်မြတ်တဲ့ အစီအစဉ်တွေကတစ်ဆင့် ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ ဒေသခံလူမှုအသိုက်အဝန်းကို ဆက်လက်ပံ့ပိုးသွားဖို့ ကျွန်တော်တို့ ကတိပြုပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT က စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃) ခုရှိ အောက်ဖော်ပြပါ စာကြည့်တိုက်များသို့ စာအုပ် စုစုပေါင်း (၄,၀၀၀) ခန့်ကို အောင်မြင်စွာ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ လှူဒါန်းခဲ့သည့် စာအုပ်များမှာ အနုပညာ၊ စာပေ၊ နည်းပညာ၊ သဘာဝသိပ္ပံ၊ သမိုင်းနှင့် ပထဝီဝင်ပညာ စသည့် စာပေများအပါအဝင် စာအုပ်အမျိုးအစားပေါင်း (၁၀) မျိုးကျော်တို့ ဖြစ်ပါသည်။
| စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | နေရာ |
| ၁။ | နေပြည်တော် | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၂။ | ကရင်ပြည်နယ် | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၃။ | တနင်္သာရီတိုင်းဒေသကြီး | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၄။ | ပဲခူးတိုင်းဒေသကြီး (အရှေ့) | ကန်သာယာ စာကြည့်တိုက် |
| ၅။ | မကွေးတိုင်းဒေသကြီး | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၆။ | မန္တလေးတိုင်းဒေသကြီး | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၇။ | မွန်ပြည်နယ် | ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက် |
| ၈။ | ရှမ်းပြည်နယ် (တောင်ပိုင်း) | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၉။ | ရှမ်းပြည်နယ် (မြောက်ပိုင်း) | ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန |
| ၁၀။ | ရှမ်းပြည်နယ် (အရှေ့ပိုင်း) | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၁၁။ | ရခိုင်ပြည်နယ် | ပြန်/ဆက်ရုံး စာကြည့်တိုက် |
| ၁၂။ | ဧရာဝတီတိုင်းဒေသကြီး | ပုသိမ်ခရိုင်ပြန်/ဆက်ရုံး စာကြည့်တိုက် |
|
၁၃။ |
ရန်ကုန်တိုင်းဒေသကြီး | တက္ကသိုလ်များဗဟိုစာကြည့်တိုက်/စာကြည့်တိုက်နှင့်သတင်းအချက်အလက် ပညာဌာန/ အမျိုးသားစာကြည့်တိုက်/ စာပေဗိမ္မာန် |
MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး၊ ပညာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ်များ အပါအဝင် ကဏ္ဍအသီးသီးတွင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများအပါအဝင် အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများစွာတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပြီး လူမှုအသိုက်အဝန်းအား ကူညီပံ့ပိုးပေးမှုအပေါ် ခိုင်မာသော ကတိကဝတ်ကို ပြသလျက်ရှိသည်။
MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက် https://mpt.com.mm/mm/about-home-mm/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။



