“အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်သင့် စာသင်ကျောင်းသို့ မဖြစ်မနေလိုအပ်သော သောက်သုံးရေထောက်ပံ့မှုစနစ်ကို ပံ့ပိုးကူညီနိုင်ခဲ့
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) မှ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်သည့် ရတနာစံ သာသနာပိုင်ကျောင်းတိုက်သို့ ဆိုလာစွမ်းအင်အသုံးပြု ရေသန့်စနစ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ အက်တမ်(ATOM) ၏ “အက်တမ်နှင့်အတူ (၂) ဆလှူ” အစီအစဉ် မှတစ်ဆင့် UN-Habitat ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးကင်းသန့်ရှင်းသော သောက်သုံးရေပြန်လည်ရရှိစေရန် အောင်မြင်စွာကူညီပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အက်တမ်(ATOM) ၏ သုံးစွဲသူများ နှင့် ဝန်ထမ်းများမှ စာတို SMS များပေးပို့၍ လှူဒါန်းနိုင်သည့် “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် အက်တမ်(ATOM) ၏ သုံးစွဲသူများ နှင့် ဝန်ထမ်းများမှ စုစုပေါင်း မြန်မာငွေကျပ် (၂၅.၉) သန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး အက်တမ်(ATOM) မှ ထိုလှူဒါန်းငွေအား နှစ်ဆရရှိအောင် ထပ်မံထည့်ဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း မြန်မာငွေကျပ် (၅၁.၈) သန်းကျော် ရရှိခဲ့ပါသည်။ ယခုလှူဒါန်းမှုသည် ငလျင်ဒဏ်အပြီး ပြန်လည်ထူထောင်ရေးတွင် လူမှုအသိုင်းအဝိုင်းကို ပိုမိုမြှင့်တင်ပေးနိုင်ရန်အတွက် အရေးကြီးသော အားထုတ်မှုတစ်ခုလည်း ဖြစ်ပါသည်။

Image: ATOM
အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ “ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝိုင်းအတွက် စုပေါင်းအားတွေကတစ်ဆင့် ရေရှည်တည်တံ့တဲ့ သက်ရောက်မှုတွေအဖြစ် ပြောင်းလဲဖို့ အက်တမ်(ATOM) ရဲ့ သုံးစွဲသူများနဲ့ ဝန်ထမ်းများရဲ့ ပါဝင်ကူညီမှုအခန်းကဏ္ဍ က အရမ်းကို အရေးပါပါတယ်။ “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်ကတစ်ဆင့် သုံးစွဲသူတွေနဲ့ ဝန်ထမ်းတွေဆီက သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်လိုပါတယ်။ ဒီလှူဒါန်းမှုက လူသားချင်းစာနာထောက်ထားမှု တစ်ခုလည်းဖြစ်သလို အားလုံးရဲ့ ကြင်နာနွေးထွေးမှု စေတနာတွေကြောင့် ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ကိုပါ ဂရုစိုက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အသစ်တပ်ဆင်ထားသော ဆိုလာစွမ်းအင်အသုံးပြုရေသန့်စနစ်သည် တစ်နာရီလျှင် အနည်းဆုံး ရေသန့် လီတာ (၁,၀၀၀) ကို ထုတ်လုပ်ပေးနိုင်ပြီး ဆိုလာပြားများ၊ ရေစစ်ထုတ်သန့်စင်မှုယူနစ်၊ ရေလှောင်ကန်များနှင့် ရေပိုက်ခေါင်းများ ပါဝင်သည့်အတွက် နှစ်ပေါင်း (၁၀) နှစ်ကျော်ကြာ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖန်တီးထားသည့် စနစ်လည်း ဖြစ်ပါသည်။ လျှပ်စစ်မီးမလိုဘဲ သီးခြားလည်ပတ်နိုင်သည့် ဆိုလာစွမ်းအင်အသုံးပြု ရေသန့်စင်စနစ်သည် မီးပြတ်တောက်ချိန်များတွင်ပင် ရေကို စဉ်ဆက်မပြတ်ရရှိစေနိုင်ပြီး လျှပ်စစ် (သို့မဟုတ်) လောင်စာဆီကို အားထားရသည့် စနစ်များထက် ကုန်ကျစရိတ်သက်သာစေပါသည်။

Image: ATOM
အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် မှ လည်း “ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြု မဏ္ဏိုင် (၃) ရပ်နဲ့အညီ အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုရှာဖွေပြီး အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော်တို့ရဲ့ “လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း” မဏ္ဏိုင်အောက်ကနေ ရေလိုအပ်လျက်ရှိတဲ့ လူပေါင်း (၂,၀၀၀) နီးပါးကို စိတ်ချရတဲ့ သောက်သုံးရေကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီလို လူမှုအကျိုးပြုလုပ်ငန်း အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ တက်တက်ကြွကြွ ပါဝင်အားဖြည့်ပေးခဲ့တဲ့ ရတနာစံသာသနာပိုင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးနဲ့အတူ ဝန်ထမ်းတွေ နဲ့ သုံးစွဲသူတွေအားလုံးရဲ့ စုပေါင်းအားကြောင့် အဓိပ္ပာယ်ပြည့်ဝပြီး အဓွန့်ရှည်တဲ့ ပြောင်းလဲမှုတစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
UN-Habitat မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် စိစစ်ရေး၊ တပ်ဆင်ရေး နှင့် စနစ်အား စောင့်ကြည့်စစ်ဆေးရေး အစရှိသည့် စီမံခန့်ခွဲမှုများအပြင် ရေရှည်ထိရောက်သော လည်ပတ်မှုရှိစေရန် စာသင်ကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအား လေ့ကျင့်သင်တန်းများ ပို့ချပေးခဲ့ပါသည်။ ထို့အပြင် ပရောဂျက်၏ အစီအစဉ်တစ်ခုအဖြစ် WASH (သန့်ရှင်းသော ရေအသုံးပြုမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ) အလေ့အကျင့်ကောင်းများကိုလည်း ကျောင်းသားကျောင်းသူများနှင့် ရပ်ရွာလူထုကြား အသိပညာပေး မျှဝေပေးခဲ့ပါသည်။

Image: ATOM
“အခုလို ဆိုလာစွမ်းအင်သုံး ရေသန့်စနစ်ကို အောင်အောင်မြင်မြင် တပ်ဆင်နိုင်ခဲ့တာက အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။ အက်တမ်(ATOM) မြန်မာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ သက်ဆိုင်ရာ ရပ်ရွာပြည်သူ အဖွဲ့ဝင်များနဲ့ ကျွန်မတို့ အတူတကွလက်တွဲကာ ယုံကြည်စိတ်ချရတဲ့ ဆိုလာစွမ်းအင်သုံးရေသန့်စနစ်ကို တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပရောဂျက်က ဘုန်းတော်ကြီးသင်စာသင်ကျောင်း မှာ ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူ (၇၀၀) ကျော်အတွက် သန့်ရှင်းတဲ့သောက်သုံးရေ ရရှိစေရုံသာမကပဲ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေကြရတဲ့ ငလျင်ဘေးသင့် မိသားစုတွေကို မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာစေမှာ ဖြစ်ပါတယ်” ဟု UN-habitat Myanmar Office ၏ ပရောဂျက်ရေးရာအရာရှိ ဒေါ် ကြူသင်းချို မှ ပြောကြားခဲ့ပါသည်။
ခေတ်မီဆန်းသစ်သော နည်းပညာ၊ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူထိန်းသိမ်းမှုနှင့် ရပ်ရွာလူထုအကျိုးပြု လုပ်ငန်းကို ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် အက်တမ်(ATOM) မှ အရေးပေါ် သောက်သုံးရေလိုအပ်နေမှုကို ကူညီဖြေရှင်းပေးနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများကိုပါ တည်ဆောက်ပေးလျက်ရှိပါသည်။ ဤလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံ၌ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် အက်တမ်(ATOM) ၏ ခိုင်မာသော ကတိကဝတ်ကို မီးမောင်းထိုးပြလျက်ရှိပါသည်။



