FNF မှ Digital Courage Award 2019 ဆုကို ပေးအပ်သည့် အခမ်းအနားကျင်းပ

Friedrich Naumann Foundation Myanmar မှ ဒစ်ဂျစ်တယ်ခေတ်တွင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ကြသူများကို ရည်ရွယ်ပေးအပ်သည့် Digital Courage Award ၂၀၁၉ ကို နိုဝင်ဘာလ ၂၇ရက်နေ့၊ ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် Digital Courage Award Gala Dinner night အခမ်းအနားဖြင့် ပေးအပ်ခဲ့ပါသည်။

ဒစ်ဂျစ်တယ်ခေတ်တွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် ဆောင်ရွက်ခဲ့ကြသူများကို အလေးထားသောအားဖြင့် အဆိုပါ ဆုကို Fredrich Naumann Foundation Myanmar မှ ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ Digital Courage Award ကို မြန်မာ နို်ငငံရှိ သတ္တိအပြောင်မြောက်ဆုံး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသူများကို နှစ်စဉ်ချီးမြှင့်ခြင်းဖြစ်ပြီး ယခုနှစ်အတွက် Digital Courage Award ဆုရှင်အဖြစ် ဦးရဲမြတ်သူ (ကော်မတီဝင် (MCDC)) အား ပေးအပ်ခဲ့ပါသည်။ ဦးရဲမြတ်သူအား ဒီဂျစ်တယ်နည်းပညာအသိုင်းအဝိုင်းတွင် အများနှင့်အတူဘဲ ထူးခြားသည့် သူရသတ္တိပြနိုင်သူဟု ယူဆသည့်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

Photo Source by Myanmar Tech Press

အဆိုပါ ဆုကို ၂၀၁၈ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် နည်းပညာတိုးတက်အောင် ပြုလုပ်ပေးနိုင်ခြင်း ရှိသူ၊ မည်သူမျှမလုပ်ကိုင်ရသေးသော စွန့်စားတီထွင်ပြုလုပ် ခဲ့သူများကိုသာ ရွေးချယ်ခြင်းဖြစ်သည်။ ထိုသို့ ရွေးချယ်ရာတွင် လည်း FNF ကို တင်ပြလာသော တစ်ယောက်ခြင်း နည်းပညာပိုင်းဆိုင်ရာစွန့်စားလုပ်ကိုင်သူဖြစ်စေ၊ အဖွဲ့အစည်းလိုက်စွန့်စားလုပ်ကိုင်သူဖြစ်စေ စသည်များကို FNF မှ စိစစ်ရွေးချယ်ပေးအပ်ခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဘဝတွေကို ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှုလောက် သိသိသာသာ ပြောင်းလဲစေခဲ့တဲ့အရာ အနည်းငယ်သာ ရှိပါတယ်။ လစ်ဘရယ်တွေအနေနဲ့ ကျွန်တော်တို့ဟာ နည်းပညာတိုးတက်ပြောင်းလဲမှုကို လွတ်လပ်မှုတိုးတက်လာဖို့ အခွင့်အလမ်းအဖြစ် အမြဲတမ်း ရှုမြင်သော်လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကိုလည်း လစ်လျူရှုထားတာမျိုး မဟုတ်ပါဘူး။ Digital Courage Award နဲ့ ကျွန်တော်တို့က တကယ့်အပြင်ကမ္ဘာမှာရော၊ ဒစ်ဂျစ်တယ်လောကမှာပါ ခေတ်မှီ နည်းပညာတွေကို လွတ်လပ်မှု မြှင့်တင်တဲ့ ကိရိယာအနေနဲ့ သုံးကြတဲ့ ထူးချွန်ထက်မြက်သော အမျိုးသမီးနဲ့ အမျိုးသားတွေကို ဂုဏ်ပြုပါတယ်” ဟု Fredrich Naumann Foundation ၏ မြန်မာနှင့် ထိုင်းနိုင်ငံရုံး အကြီးအကဲြဖစ်သူ Mr. Frederic Spohr ကပြောကြားခဲ့ပါသည်။

Photo Source by Myanmar Tech Press

ဆုရရှိခဲ့သူ ဦးရဲမြတ်သူသည် ဒီဂျစ်တယ် အသိုင်းအဝိုင်းတွင် လူအများအတွက် အကျိုးရှိစေရန် လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ အဆိုပါဆုအတွက် အချက်သုံးချက်အပေါ် အခြေခံကာ ဆန်ခါတင် ၁၀ဦးအနက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သတ္တိရှိမှု၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခြင်း၊ အများအတွက် စံပြဖြစ်နိုင်မှုစသည့်အချက်များဖြင့် အကဲဖြတ်ကာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သောအချိန်များက လူများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော လူသိများ ထင်ရှားမှုမရှိသည့် သူရဲကောင်းများစွာ မြန်မာနိုင်ငံတွင် ရှိပြီး ပြည်သူများမှ မသိခဲ့ကြသဖြင့် သူတို့ ရသင့်သည့် အသိအမှတ်ပြုမှုကို မရခဲ့ကြဘဲ သူတို့၏ အဖြစ်အပျက်များသည် သမိုင်းရေစီးကြောင်းတွင် နစ်မြုတ်သွားကြကြောင်းသိရသည်။ မိုဘိုင်းဆက်သွယ်ရေးနည်းပညာများသည် အကြာသေးမီကာလအတွင်း သတင်း အချက်အလက်များ ရရှိနိုင်မှုကို ပိုမိုတိုးတက်လာစေပြီး၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသူများက အခြားသူများကို ထိရောက်စွာ ပိုမိုထိတွေ့နိုင်စေရန် ပြုလုပ်ပေးခဲ့ပါသည်။

FNF သည် ထိုအပြောင်းအလဲဖော်ဆောင်သူများနှင့် ပွင့်လင်းသည့်လူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာတွင် မိုဘိုင်းဆက်သွယ်ရေးနည်းပညာများ အသုံးပြုခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုပါသည်။ ထို့ကြောင့် FNF သည် သူတို့၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုချီးမြှင့်ရန်နှင့် အခြားသူများကိုလည်း လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ရာတွင် စိတ်ဓာတ်တက်ကြွလာစေရန် ပြုလုပ်ပေးချင်သည့် ဆန္ဒရှိခြင်းကြောင့်ဖြစ်သည်။