TikTok တွင် တွေ့ရသည့် လိမ်လည်မှုများကို ရှောင်ရှားနိုင်ရန် သိထားသင့်သည့် အချက်များနှင့် အကောင့်လုံခြုံရေးဆိုင်ရာနည်းလမ်းများ
TikTok သည် အသုံးပြုသူများ မိမိတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို မျှဝေရန်၊ အခြားသူများနှင့် ချိတ်ဆက်ရန်နှင့် အခွင့်အလမ်းသစ်များကို ရှာဖွေရန် စုဝေးရာနေရာတစ်ခုဖြစ်ပါသည်။ သို့သော် အခြားအွန်လိုင်းပလက်ဖောင်းများကဲ့သို့ မသမာသူများ၏ အလွဲသုံးစားလုပ်ရန် ကြိုးစားမှုကို ကြုံတွေ့ရနိုင်ပါသည်။ TikTok အတွက် အသုံးပြုသူအသိုင်းအဝိုင်း၏ လုံခြုံရေးသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး လူများကို လိမ်လည်လှည့်ဖြားခြင်းများနှင့် အလွဲသုံးစားပြုလုပ်ခြင်းများကို ခွင့်မပြုထားပါ။ ထို့ကြောင့် အဆိုပါစည်းမျဉ်းများကို အကြိမ်ကြိမ်ချိုးဖောက်သော အကောင့်များသည် အပြီးအပိုင်ဖယ်ရှားခံရနိုင်ပါသည်။
သိထားသင့်သော လိမ်လည်လှည့်ဖြားမှုများ
အွန်လိုင်း လိမ်လည်မှုများသည် လူများကို ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များအတွက် လှည့်စားသည့် လုပ်ရပ်များဖြစ်သည်။ အသုံးပြုသူများ သိထားသင့်သော လိမ်လည်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အလုပ်အလွဲသုံးစားလုပ်မှုများ- အလုပ်အနည်းငယ်ပြုလုပ်ရုံနှင့် လစာများများရရှိမည်ဟု ကတိပေးထားသော မမှန်မကန်အလုပ်ရာထူးများ၊ “မှတ်ပုံတင်ကြေး” လိုအပ်သည်ဟုဆိုကာ ငွေတောင်းခံမှုများ၊ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို တောင်းဆိုလိမ်လည်မှုများ ပြုလုပ်ခြင်းဖြစ်ပါသည်။
- ငွေကြေးနှင့် ဆွယ်ပြီး လိမ်လည်မှုများ (Money Mule Scams)- မိမိ၏ လုပ်ခကော်မရှင်ကို ထုတ်ယူနိုင်ရန်အတွက် အရင်ဆုံးငွေပမာဏတစ်ခုကို လွှဲပေးရန် သို့မဟုတ် ဘဏ်အကောင့်ဝင်ရောက်ခွင့်ကို လွှဲပြောင်းပေးရန် တောင်းဆိုခြင်းသည်လည်း လိမ်လည်လှည့်ဖြားမှုဖြစ်ပါသည်။ တောင်းဆိုချက်များကို လိုက်လျောမိပါက တရားမဝင် ငွေကြေးခဝါချမှုများတွင် မိမိအနေဖြင့် မသိလိုက်ဘဲ ပါဝင်ပတ်သက်မိသွားနိုင်ပါသည်။
- အယောင်ဆောင်ဖြားယောင်းမှုများ- TikTok သို့မဟုတ် အခြားယုံကြည်ရသော နေရာများမှ ပို့သကဲ့သို့ ဟန်ဆောင်ထားသော မက်ဆေ့ချ်များ သို့မဟုတ် လင့်ခ်များ၊ စကားဝှက်များ၊ OTP ကုတ်များ သို့မဟုတ် ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို တောင်းဆိုခြင်းများသည်လည်း သတိထားသင့်သည့် လိမ်လည်မှုဖြစ်ပါသည်။ TikTok သည် တရားဝင် မဟုတ်သော ချန်နယ်များမှ တစ်ဆင့် အကောင့်ဝင်ရန် အချက်အလက်ကို မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။
Source: TikTok
လိမ်လည်လှည့်ဖြား မခံရရန် သတိထားသင့်သည့်အချက်များ
လိမ်လည်လှည့်ဖြားသူများသည် ဖိအားပေး၍သော်လည်းကောင်း သို့မဟုတ် နားထောင်ကောင်းသော ကမ်းလှမ်းမှုများပြုလုပ်၍သော်လည်းကောင်း ဖြားယောင်းလေ့ရှိပါသည်။ ထို့ကြောင့် အောက်ပါ အချက်များကို တွေ့ရှိ ကြုံဆုံပါက သတိထားပါ။
- နည်းနည်းရင်းပြီး များများပြန်ရမည်၊ အလွယ်တကူငွေရှာနိုင်မည် စသည့်ကတိများပေးခြင်း။
- ငွေလွှဲပေးရန်၊ အပ်ငွေထည့်ရန် သို့မဟုတ် အခကြေးငွေပေးရန် တောင်းဆိုခြင်း။
- သံသယဖြစ်ဖွယ်လင့်ခ်များကို နှိပ်ရန် တောင်းဆိုသော မက်ဆေ့ချ်များပို့ခြင်း။
- ပုံမှန်မဟုတ်သော အကောင့်နာမည်များ၊ မပြည့်စုံသော ပရိုဖိုင်များ၊ သို့မဟုတ် ပုံမှန်မဟုတ်သည့် အပြုအမူများရှိသော အကောင့်များ စသည်တို့ဖြစ်သည်။
သံသယဖြစ်ဖွယ်တွေ့ရှိပါက မစစ်ဆေးရသေးသော လင့်ခ်များကို နှိပ်ကြည့်မည့်အစား တရားဝင်အကောင့်များနှင့် ယုံကြည်စိတ်ချရသော ရင်းမြစ်များမှတစ်ဆင့် အချက်အလက်ကို အမြဲစစ်ဆေးပါ။
TikTok က အသုံးပြုသူများ ဘေးကင်းရေးအတွက် ကူညီဆောင်ရွက်ချက်များ
TikTok သည် အသုံးပြုသူများကိုယ်တိုင် မိမိတို့၏ TikTok အသုံးပြုမှု အတွေ့အကြုံကို ထိန်းချုပ်နိုင်ရန် Tool များနှင့်လုပ်ဆောင်ချက်များကို အောက်ပါအတိုင်း ပံ့ပိုးပေးထားပါသည်။
- Two-step Verification မှတစ်ဆင့် မိမိ အကောင့်လုံခြုံရေးကို ပိုမိုကာကွယ်နိုင်ပါသည်။
- “Report” လုပ်ဆောင်ချက်အောက်ရှိ “လိမ်လည်မှုနှင့် ရိုက်စားလုပ်မှုများ (Frauds & Scams)” အကြောင်းရင်းဖြင့် သံသယဖြစ်ဖွယ်အကြောင်းအရာ သို့မဟုတ် အကောင့်များကို အမြန်ဆုံး တိုင်ကြားနိုင်ပါသည်။
- မှတ်ချက်စစ်ထုတ်မှုများနှင့် မက်ဆေ့ချ်ထိန်းချုပ်မှု လုပ်ဆောင်ချက်များသည် သင့်ကို ဆက်သွယ်နိုင်မည့်သူကို စိစစ်ရွေးချယ်နိုင်ရန် ကူညီပေးပါသည်။
သင့်အကောင့် အခိုးခံရသည်ဟု ယုံကြည်ပါက သို့မဟုတ် လိမ်လည်လှည့်ဖြားမှုဖြစ်နိုင်သည့် ကိစ္စတစ်ခုကို ကြုံတွေ့လာပါက ချက်ချင်း Report လုပ် တိုင်ကြားပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် သင့်ကိုသာမက ပိုမိုကျယ်ပြန့်သော အသုံးပြုသူအသိုက်အဝန်းကိုပါ ကာကွယ်ရန် ကူညီပေးနိုင်ပါသည်။
သင့်အကောင့်ကိုကာကွယ်ရန် လုပ်ဆောင်နိုင်သည့်အဆင့်များ
သင့်အကောင့်ကို လုံခြုံအောင်ပြုလုပ်ရန် ရိုးရှင်းသော အောက်ပါ အဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။
- ခိုင်မာပြီး ထူးခြားသော Password များကို အသုံးပြုပါ။ အဆိုပါ Password တို့ကို အခြားသူများနှင့် မျှဝေခြင်းမှ ရှောင်ကြဉ်ပါ။
- သံသယဖြစ်ဖွယ်လင့်ခ်များ သို့မဟုတ် ပူးတွဲပါဖိုင်များကို သတိထားပါ။
- ဖုန်းနံပါတ်များ၊ ငွေကြေးဆိုင်ရာအချက်များ၊ သို့မဟုတ် မှတ်ပုံတင်နံပါတ်များကဲ့သို့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မစစ်ဆေးရသေးသော အရင်းအမြစ်များနှင့် မျှဝေခြင်း မပြုပါနှင့်။
အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများသည် အဆက်မပြတ် တိုးတက်နေသော်လည်း TikTok ၏ ဘေးကင်းရေးလုပ်ဆောင်ချက်များကပါ တိုးတက်ကာကွယ်ပေးလျက်ရှိပါသည်။ သတိရှိနေခြင်း၊ လိမ်လည်လှည့်ဖြားနိုင်သည့် အချက်များကို သိထားခြင်းနှင့် TikTok ၏ ဘေးကင်းရေး လုပ်ဆောင်ချက်များကို အသုံးပြုခြင်းဖြင့် သင်သည် ပိုမိုဘေးကင်းပြီး အပြုသဘောဆောင်သောအတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ အသုံးပြုသူများ ကိုယ်တိုင်ပါ၀င်ခြင်းဖြင့် တီထွင်နိုင်စွမ်းနှင့် ချိတ်ဆက်ခြင်းများအတွက် လုံခြုံသည့် အသိုင်းအ၀ိုင်းတစ်ခုကို TikTok နှင့်အတူ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။