2026 EWC ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ Yangon Galacticos (YG) အသင်း တိုက်ရိုက်ဖိတ်ကြားခံရ

ကမ္ဘာကျော် နာမည်ကြီး မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် PUBG MOBILE သည် လာမည့် eSports World Cup (2026 EWC) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်သော 2026 PUBG MOBILE World Cup တွင် မြန်မာနိုင်ငံမှ Yangon Galacticos (YG) အသင်းက တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ တိုက်ရိုက်ဝင်ခွင့်ဖိတ်ကြားမှုသည် Yangon Galacticos (YG) အသင်းအတွက် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သလို မြန်မာနိုင်ငံ၏ Esports ကဏ္ဍသည် ကမ္ဘာ့အဆင့်တွင် ပိုမိုတိုးတက်လာကြောင်း PUBG MOBILE က အသိအမှတ်ပြုလိုက်ခြင်းလည်းဖြစ်သည်။

PUBG MOBILE ၏ ယခု တိုက်ရိုက်ဖိတ်ကြားချက်သည် Yangon Galacticos (YG) အသင်းကို Esports ပြိုင်ပွဲလောက၌ “Final Boss” တစ်သင်းအဖြစ် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး  မြန်မာအသင်းသည် ကမ္ဘာ့အဆင့် ပြိုင်ဘက်အသင်းများအားလုံး အလေးအနက် လေ့လာစောင့်ကြည့်ရမည့် အသင်းဖြစ်ကြောင်း အချက်ပေးလိုက်ခြင်းပင်ဖြစ်သည်။ PUBG MOBILE World Cup (PMWC) ပြိုင်ပွဲကို eSports World Cup (EWC) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်တာဖြစ်ပြီး ကမ္ဘာအနှံ့မှ ထိပ်တန်း PUBG MOBILE အသင်းများက ပါဝင်စုစည်းယှဉ်ပြိုင်ကြသော Esports ပြိုင်ပွဲကြီး တစ်ခုဖြစ်သည်။

Yangon Galacticos (YG) သည် ပြီးခဲ့သည့် PMWC 2025 တွင် ကမ္ဘာ့ချန်ပီယံအဖြစ် အောင်မြင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ပြိုင်ပွဲရာသီတစ်လျှောက်လုံးတွင် PMCL Spring၊ Summer နှင့် Regional Clash ပြိုင်ပွဲအားလုံး၌ ချန်ပီယံဆုများကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းကဲ့သို့ တည်ငြိမ်မှုမြင့်မားပြီး ထူးချွန်သည့် စွမ်းဆောင်ရည်များကြောင့် PUBG MOBILE က ၎င်းတို့ကို အရှေ့တောင်အာရှဒေသ၏ ထိပ်တန်းအသင်းအဖြစ် မှတ်ယူခဲ့ပြီး ကမ္ဘာ့အဆင့် ပြိုင်ဘက်များအားလုံး အလေးအနက် လေ့လာစောင့်ကြည့်ရမည့် အသင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Image: PUBG Mobile Myanmar

PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က “YG အသင်းကို ကမ္ဘာလုံးဆိုင်ရာ Esports စင်မြင့်ထက်ကို Final Boss တစ်သင်းအဖြစ်  ဖိတ်ခေါ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ၂၀၂၅ ခုနှစ်တစ်လျှောက်လုံးမှာ YG ဟာ ပြိုင်ဘက်ကင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီးဖြစ်သလို လျှော့တွက်လို့မရတဲ့ စွမ်းဆောင်ရည်တွေနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေလဲ ရရှိခဲ့ပြီးဖြစ်ပါတယ်။ 2026 PMWC မှာ YG အနေနဲ့ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ပြန်လည်ရောက်ရှိလာတာကို မြင်တွေ့ရမှာဖြစ်လို့ အထူးစိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံရဲ့ Esports ကဏ္ဍဟာ ကမ္ဘာ့အဆင့်မှာ ပိုမိုတိုးတက် ဆင့်ကဲပြောင်းလဲလာနေပြီး PUBG MOBILE အနေနဲ့ကလဲ ပိုမို ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေနဲ့ ဆက်လက် ကူညီပံ့ပိုပေးသွားမှာပါ။ 2026 PMWC ဟာ YG တစ်သင်းတည်းအတွက်သာမက မြန်မာ့ Esports အသိုက်အဝန်းတစ်ခုလုံးအတွက်လည်း အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ” ဟု ပြောကြားခဲ့သည်။

2026 PMWC သို့ အသိအမှတ်ပြု တိုက်ရိုက်ဖိတ်ကြားခံရခြင်းဖြင့် Yangon Galacticos (YG) သည် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်ရန်နှင့် Esports စင်မြင့်ထက်ကို ထပ်မံစိုးမိုးနိုင်မည့် အခွင့်အရေးတစ်ရပ်ကို ရရှိလာခဲ့ပြီဖြစ်သည်။ ၎င်းတို့၏ ထပ်မံပါဝင်ယှဉ်ပြိုင်မှုသည် မြန်မာ Esports ကစားသမားများအတွက် စိတ်အားတက်ကြွမှု၏ သင်္ကေတတစ်ရပ်ဖြစ်သလို မြန်မာအသင်းများသည် ကမ္ဘာ့ထိပ်တန်းအသင်းများအကြား ရေရှည်ယှဉ်ပြိုင်နိုင်ကြောင်းကို ထပ်မံ သက်သေပြနေခြင်းလည်း ဖြစ်သည်။

လာမည့် 2026 PMWC ပြိုင်ပွဲအပြင် PUBG MOBILE အနေဖြင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတစ်ဝန်းလုံးရှိ Esports ဂေဟစနစ်တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လုပ်ဆောင်သွားရန် အလေးထားလုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် PUBG MOBILE သည် ဒေသအလိုက် ပိုမိုဆန်းသစ်သည့် ဂိမ်းအတွေ့အကြုံကောင်းများ ဖန်တီးပေးခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ ကစားသမားများကို ဆက်လက် ပံ့ပိုးပေးနေပြီး မြန်မာ Esports အသိုက်အဝန်းနှင့် ကစားသမားများအတွက် ကမ္ဘာ့အဆင့် အခွင့်အရေးကောင်းများ ရရှိနိုင်ရန် ဆက်လက်ဖန်တီးပံ့ပိုးပေးသွားမည်ဖြစ်သည်။

2026 PMWC ပြိုင်ပွဲအကြောင်း ပိုမိုသိရှိလိုပါက PUBG MOBILE ၏ တရားဝင် အကောင့်များဖြစ်သည့် Facebook, Instagram, X နှင့် YouTube တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။