သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိဒေသခံပြည်သူများအတွက် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၀၀မိနစ်ကို MPT မှပေးအပ်

ရေကြီးမှုကြောင့် တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှု အခက်အခဲအချို့ ဖြစ်ပေါ်လျက်ရှိသည့် ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)တွင် အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လယ် ၁း၀၀ နာရီအထိ ပဲခူး နှင့် ကဝရှိ မြို့နယ်အချို့မှလွဲ၍  ကျန်မြို့နယ်များအားလုံးနီးပါးတွင် တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါသည်။

MPT အနေဖြင့် တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ မူလအတိုင်း အားလုံးပြန်လည်ကောင်းမွန်စေရန်အတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ရေဘေးသင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ မိတ်ဆွေများ၊ မိသားစုများနှင့် အဆက်အသွယ်များ ပြန်လည်ရရှိနိုင်ပြီဖြစ်ပါသည်။   ထို့အပြင်  ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်​ဆွေများ နှင့် အဆက်အသွယ်မပြတ်ရှိ​စေရန် အောက်တိုဘာ (၁၁)ရက်မှစ၍ အောက်တိုဘာ (၁၇) ရက် အထိအသုံးပြုနိုင်မည့် MPT ဖုန်းအချင်းချင်းအခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၀၀မိနစ်ကို ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

Image: MPT

MPT အနေဖြင့် ယခုလို ခက်ခဲသော အခြေအနေများတွင် အဆက်အသွယ်မပြတ်ရှိနေရန် အရေးကြီးကြောင်း သိရှိနားလည်ပြီး ကျန်ရှိနေသေးသော ပဲခူး နှင့် ကဝရှိ မြို့နယ်အချို့တွင်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုများ မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ရန် နေ့ရောညပါ အချိန်ပြည့် ပြင်ဆင်လျက်ရှိပါသည်။

MPT အနေဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)အတွင်းရှိ ရေကြီးမှုဒဏ်ခံစားခဲ့ရသည့် ဒေသခံများနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပြီး အခြေအနေများ ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ဖြစ်စေရန် ဆုမွန်ကောင်းတောင်း အပ်ပါသည်။

သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရပြီး ထိရောက်မှုရှိသော တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်ရန်  စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း) တစ်ခုလုံးတွင်လည်း  တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို အပြည့်အဝ ပြန်လည်ရရှိရန် အမြန်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။