မြန်မာနိုင်ငံတွင် Crowdfunding ရဲ့ အောင်မြင်မှုနည်းပါးရခြင်း အကြောင်းအရင်းကို လေ့လာသုံးသပ်ခြင်း
ကမ္ဘာတစ်ဝှမ်းမှာ Crowdfunding ဆိုတာကို လူသိများပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပေမယ့် မြန်မာနိုင်ငံ အတွက်တော့ ရင်းနီးမှုမရသေးတဲ့ အရာတစ်ခုဆိုရင် မမှားနိုင်ပါဘူး။ Crowdfunding ဆိုတာကတော့ လူတစ်ဦးချင်း ဒါမှမဟုတ် အသင်းအဖွဲ့တွေအတွက် လိုအပ်နေတဲ့ ငွေကြေးကိုစုဆောင်းပြီး ရန်ပုံငွေမြှင့်တင်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ Crowdfunding Campaign တွေကို လုပ်ငန်းအသစ်တစ်ခု စတင်ချင်တာပဲဖြစ်ဖြစ်၊ လက်ရှိလုပ်ငန်းကို တိုးချဲ့ချင်တာပဲဖြစ်ဖြစ် လိုအပ်နေတဲ့ ငွေကြေးအရင်းအနီးကို မြှင့်တင်ဖို့၊ စုဆောင်းဖို့အတွက် အသုံးပြုကြတာပါ။
Crowdfunding လုပ်ငန်းစဉ်ရဲ့ အားသာချက်ကတော့ Campaign ပြုလုပ်တဲ့သူတင်မကပါဘူး၊ ငွေကြေးအရင်းအနီး စုဆောင်းဖို့အတွက် ထောက်ပံ့ပေးတဲ့သူတွေအတွက်လည်း အကျိုးရှိစေတဲ့ အခွင့်အရေးတစ်ခုပါ။ ငွေကြေး ထောက်ပံ့ပေးလိုက်တဲ့ သူတွေအနေနဲ့ Campaign ပြုလုပ်သူက ပြန်လည် ပေးအပ်တဲ့ Reward တွေကို ပြန်လည် ရရှိနိုင်တာပဲ ဖြစ်ပါတယ်။
နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ campaign ဖြစ်နေပေမယ့် Crowdfunding နဲ့ရင်းနီးမှုမရသေးတဲ့ မြန်မာနိုင်ငံမှာတော့ Crowdfunding Campaign တွေက အောင်မြင်မှုအတော်လေး နည်းပါးနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင် တခုတည်းသော Platformဖြစ်တဲ့ su see yar (https://suseeyar.com) မှာ မြန်မာနိုင်ငံ အတွင်း ပြုလုပ်လိုက်တဲ့ Campaign တွေရဲ့ အခြေအနေနဲ့ ရရှိလာတဲ့ Result တွေပေါ်မူတည်ပြီး မအောင်မြင်ရတဲ့ အကြောင်းအရင်းနဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Photo Source Shutterstock
(၁) မြန်မာ့ယဉ်ကျေးမှု
အပွင့်လင်းဆုံးပြောရရင် မြန်မာလူမျိုးဆိုတာနဲ့ သနားတတ်တယ်၊ ရက်ရောတတ်တယ်၊ ကူညီချင်စိတ် အပြည့်အဝရှိကြတယ်လို့ လူတိုင်းနီးပါးက ပြောဆိုနေကြပေမယ့် တစ်ကယ်တမ်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ နေရာမှာတော့ ဒီလိုစိတ်တွေကို တော်ရုံမတွေ့ရတော့ပါဘူး။ မြန်မာလူမျိုးတွေရဲ့ ဖြစ်ပေါ်လာတဲ့ သနားစိတ်၊ ကူညီချင်စိတ်တွေဟာ ကိုယ့်ထက်ချို့တဲ့ပြီး ဒုက္ခရောက်နေတဲ့ ဆင်းရဲနွမ်းပါးသူ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အပေါ်မှာပဲ အများဆုံးဖြစ်လေ့ရှိတဲ့ သနားစိတ်တစ်ခုပါ။
နိုင်ငံရပ်ခြားတိုင်းပြည်က လူမျိုးတွေနဲ့ ယှဉ်ကြည်မယ်ဆိုရင် စွန့်ဦးတီထွင်လိုစိတ်အပြည့်နဲ့ လူတစ်ယောက်က သူ့ရဲ့စိတ်ကူးအကြံဉာဏ်ကို လူထုကို ချပြလိုက်ရင် ဒါမှမဟုတ် Fund ငွေလိုအပ်ကြောင်း Fundraising Campaign တွေပြုလုပ်တောင်းခံလိုက်ရင် ပြန်ရလာမယ့် Reward ကိုပဓာဏမထားဘဲ ကိုယ်နိုင်သလောက် ပံ့ပိုး ကူညီပေးကြတဲ့ စိတ်ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာလူမျိုးတွေရဲ့ Culture ကိုက ဒီလိုစိတ်ကူး စိတ်သန်းတစ်ခု ချပြလိုက်တာနဲ့ အရင်းအနီးရှိတဲ့သူက ကိုယ့်ရဲ့ စိတ်ကူးတွေကို အသုံးချသွားမှာကိုပဲ ကြောက်နေကြရတာက တစ်ကြောင်း၊ စားစရာမရှိ/ဆင်းရဲဒုက္ခရောက်နေတာမဟုတ်ဘဲ စီးပွားရေးလုပ်ဖို့အတွက် အကူအညီတောင်းခံတာလို့ သိလိုက်တာနဲ့ ပံပိုးပေးဖို့၊ ဝန်းရံပေးဖို့ စိတ်မဝင်စားတတ်ကြပါဘူး။ တိုင်းပြည် မငြိမ်မသက် ဖြစ်တာကစလို့ ကိုယ်အတွက်တောင် အနိုင်နိုင်ကြိုးစား ရုန်းကန်နေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေ တာလည်း ပါပါတယ်။
(၂) Crowdfunding Campaign ပြုလုပ်သူ၏ အခက်အခဲကြောင့်
ကိုယ်လုပ်တဲ့ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ဆိုတာ ကိုယ့်အပေါ်မှာပဲ သက်ဆိုင်မှု အများကြီးရှိတယ်ဆိုသလိုပါပဲ။ Campaign တစ်ခုအောင်မြင်ဖို့အတွက် Campaign Owner ကတည်း ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကို Crowdfunding အကြောင်း သိလာအောင် မျှဝေပေးဖို့ဆိုတာ တစ်ထောင့်တစ်နေရာက အရေးပါပါတယ်။ မြန်မာလူမျိုးတွေရဲ့ နောက်ထပ်အလေ့အကျင့်တစ်ခုကတော့ ကိုယ်တိုင် စီးပွားရေးအဆင်မပြေတာ၊ အခက်အခဲဖြစ်နေတာကို လူသိမှာကြောက်ကြပါတယ်။ ကိုယ့် Campaign ကိုလူတွေသိအောင် မပြုလုပ်နိုင်တော့တာ Social Media တွေမှာ ပြန့်သွားရင် ကိုယ့်ကို လူသိသွားမှာဆိုတဲ့ လူသိမခံချင်တဲ့ စိတ်တွေကြောင့် Campaign တွေ ထင်သလောက်မအောင်မြင်တာတွေ ဖြစ်တတ်ပါတယ်။ “အိမ်တွင်းမီး အိမ်ပြင်မယူနဲ့” ဆိုတဲ့ လူကြီးသူမတွေရဲ့ ဆိုရိုးစကားအတိုင်း သိုသိုသိပ်သိပ်နဲ့ ဖြေရှင်း နေတတ်ကြတုန်းပါပဲ။
Crowdfunding Platform တွေမှာ နိုင်ငံအနှံက Donar တွေရှိပါတယ်။ ပြည်တွင်းမှာလည်း လူသိများပြီး ကျယ်ပြန့်လာရင် ကူညီပံ့ပိုးပေးချင်တဲ့ Donar တွေလဲ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပေမယ့် Crowdfunding ကို ပြည်တွင်းမှာ မိတ်ဆက်ပေးနိုင်မှု အားနည်းတာကြောင့် Crowdfunding နဲ့ရင်းနီးတဲ့သူက နည်းပါးပါတယ်။ Campaign Owner တွေအနေနဲ့လည်း ပြည်တွင်းမှာ ကိုယ့်အကြောင်းလူသိမှာစိုးတဲ့အတွက် ပြည်ပက Donar တွေကိုပဲ အားကိုးတဲ့စိတ်က အများဆုံးဖြစ်နေတတ်ကြပါတယ်။
Photo Source Shutterstock
(၃) Reward နှင့် Discount
Crowdfunding Platform တွေမှာ ပြုလုပ်နေတဲ့ လိုအပ်တဲ့အရင်းအနီးအတွက် ရန်ပုံငွေရှာတဲ့ Campaign တွေမှာ “ဒီအတိုင်း အလှူခံတာမဟုတ်ပါဘူး။ ကိုယ့်ပစ္စည်းကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်အောင် Reward ထဲမှာ Discount တွေလည်း ထည့်ထားပေးတာပဲ” လို့ပြောနိုင်ပေမဲ့ ဒီလိုအချက်တွေကြောင့်လည်း Campaign အောင်မြင်မှုနည်းပါးစေတဲ့ အချက်တွေဖြစ်ပါတယ်။ Campaign Reward တွေနဲ့ ပက်သက်ပြီး
၁။ Campaign Owner ကိုယ်တိုင်က ပေးနိုင်တဲ့ Offer
သူကိုယ်တိုင်က လုပ်ငန်းအတွက် Fund ငွေလိုအပ်လို့ Campaign ပြုလုပ်တဲ့အတွက် သူပေးနိုင်တဲ့ Discount ကလည်း အတိုင်းအတာရှိပါတယ်။ (ဥပမာ – ၆,၀၀၀ ကျပ်တန် ပစ္စည်းတစ်ခုကို ၅,၀၀၀ ကျပ်နဲ့ဝယ်ယူခွင့်၊ ၁၀,၀၀၀ ကျပ်တန်ပစ္စည်းတစ်ခုကို ၈,၀၀၀ ကျပ်နဲ့ ရယူခွင့်) Campaign Owner အနေနဲ့ တတ်နိုင်သလောက်ပဲ Discount ချပေးတာဖြစ်တဲ့အတွက် ၁၀,၀၀၀ ရဖို့ ၂၀,၀၀၀ လည်းပြန်မပေးနိုင်သလို စီစဉ်ပေးနိုင်ဖို့လည်း လက်ခံနိုင်စွမ်း မရှိကြပါဘူး။ ဒီလိုနှုန်းထက် ပိုလျှော့ပြီး Discount ချပေးဖို့အတွက် Reward ပေးဖို့လည်း အခက်အခဲတွေ ရှိကြပါတယ်။
၂။ Campaign Supporter ရဲ့ အမြင်
ပြည်တွင်းကလူတော်တော်များများဟာ Fundraising ဆိုတဲ့စကားလုံးကို မြန်မာနိုင်ငံရဲ့ လက်ရှိ Issue တွေအရ အဖွဲ့အစည်းတွေကနေတစ်ဆင့် သူတို့ရဲ့ ရံပုံငွေလိုအပ်ချက်ကြောင့် Fundraising Campaign တွေပြုလုပ်မှ အရင်ထက်ပိုပြီး ရင်းနီးလာကြတာပါ။
အဖွဲ့အစည်းတွေက သူတို့ရဲ့ Fundraising Campaign တွေမှာ ပါဝင်အားဖြည့်ပေးတဲ့ အလှူရှင်တစ်ယောက်ကို Ticket တစ်ခုကို ကျပ်တန်ဖိုးတစ်ခုသတ်မှတ်ပြီး တန်ဖိုးမြင့် ပစ္စည်းတစ်ခု ပြန်ရနိုင်ချေရှိတဲ့ အခွင့်အရေးကို ပေးကြပါတယ်။ လှူဒါန်းတဲ့သူက မဲဖောက်ပေးတဲ့အချိန်မှာ သူလှူဒါန်းတဲ့ပစ္စည်းထက် တန်ဖိုးမြင့်တဲ့ ပစ္စည်းကိုလည်း ရနိုင်သလို ရတဲ့ပစ္စည်းက အမှတ်တရပစ္စည်းတစ်ခုလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါကတော့ လက်ရှိအခြေအနေနဲ့ အနီးစပ်ဆုံး ဥပမာကို ဖော်ပြပေးတာ ဖြစ်ပါတယ်။
Crowdfunding Campaign မှာလည်း Reward ထဲမှာပါဝင်တဲ့ပစ္စည်းတွေက Donar တွေအတွက် စိတ်ဝင်စားလောက်တဲ့ ပစ္စည်းမဟုတ်တာ၊ အကျိုးအမြတ်နည်းတဲ့ ပစ္စည်းဆိုရင် စိတ်ဝင်စားမှုပိုနည်းသွားပါတယ်။ ပြည်တွင်းမှာ Crowdfunding နဲ့ပက်သက်လာရင် Reward ကိုထည့်မတွက်ဘဲ တစ်ဖက်တစ်လမ်းက ကူညီမယ် ဆိုတာမျိုးကလည်း သိပ်ပြီးခေတ်စားသေးတာ မဟုတ်တဲ့အတွက်ကြောင့်ပါ။
(၄) Celebrity များနှင့် ယုံကြည်မှု
အားလုံးသိကြတဲ့အတိုင်း ယုံကြည်မှုဆိုတာကလည်း အတော်လေး အရေးပါ အရာရောက်ပါတယ်။ လုပ်ငန်းအတွက်ပြုလုပ်တဲ့ Fundraising Campaign တွေထက် သနားစိတ်အခြေခံတဲ့ ကိုယ့်ထက်နိမ့်ပါးတဲ့သူ၊ ဆင်းရဲချို့တဲ့သူတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် Celebrity တွေကိုယ်တိုင် ကွင်းဆင်းပြ၊ Live လွှင့်လှူဒါန်းပြတဲ့ activity မျိုးကို ပိုပြီးယုံကြည်မှုပိုရှိမယ် စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး မကောင်းတဲ့အခြေအနေတွေကြောင့် အရင်ကထက် လှူဒါန်းမှုအားနည်းနေတဲ့အပြင် အလိမ်အညာ တွေကြောင့် ယုံကြည်မှုပိုင်းဆိုင်ရာလည်း တော်တော်လေးအားနည်းလာပါတယ်။
(၅) Crowdfunding Platform များနှင့် ရာခိုင်နှုန်းကောက်ခံမှု
Campaign Owner တွေနဲ့ အတော်လေးရှင်းပြရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ Crowdfunding Platform တွေကတစ်ဆင့် ကိုယ့်လုပ်ငန်းအတွက် အလှူငွေကောက်ခံနိုင်တယ်၊ Fund ငွေမြှင့်တင်နိုင်တယ်ဆိုတဲ့အတွက် တော်တော်များများက “ပရဟိတလှူဒါန်းမှု” ဆိုတဲ့ခေါင်းစဉ်အောက်ထည့်ပြီး ရလာတဲ့ငွေကြေးကို အပြည့်အဝ လိုချင်ကြပါတယ်။ ထောက်ပံ့ပေးတဲ့သူတွေက Campaign Owner တွေကို ထောက်ပံ့တာဖြစ်တဲ့အတွက် သူတို့ကအားလုံးရသင့်တယ် Crowdfunding Platform တွေက လူမှုရေးအသင်းဆိုပြီး ထင်တတ်ကြပါတယ်။ Crowdfunding Platform တွေရဲ့ ရရှိလာတဲ့ Fund ငွေအပေါ်မှာ Campaign အတွက် ကုန်ကျစရိတ်နဲ့ ပက်သက်ပြီး ရာခိုင်နှုန်းအနည်းငယ် ကောက်ခံတာရှိပါတယ်။ ဒါကိုလည်း တစ်ချို့က အလှူငွေပေါ် ခေါင်းပုံဖြတ်တယ်လို့ တွေးတတ်ကြပါတယ်။ ရာခိုင်နှုန်းဆိုတာက Platform ဘက်က ကုန်ကျစရိတ်တွေနဲ့ Online transaction Fee ကြောင့်ဆိုတာကိုတောင် အတော်လေးရှင်းပြရတဲ့ အခြေအနေထိ ဖြစ်ဖူးပါတယ်။
ပုံမှန်လှူဒါန်းမှုတွေမှာလည်း အဲ့ဒီလှူဒါန်းငွေကို လက်ခံရယူသူဆိုတာ ရှိပါတယ်။ အလှူတစ်ခုမှာ စားစရာတွေဝယ်တဲ့အခါ စားစရာရောင်းတဲ့သူကို ပိုက်ဆံပေးရပါတယ်။ အလှူအနေနဲ့ အဆောက်အဦးတစ်ခု ဆောက်လုပ်တဲ့အခါ အသုံးပြုမယ့် ကုန်ကြမ်းတွေကို ဝယ်ယူရပါတယ်။ ဆောက်လုပ်ပေးမယ့် လက်သမားဆရာ ကိုလည်း အခကြေးငွေပေးချေရပါတယ်။ အဲ့ဒီအတွက် အလှူငွေကလိုအပ်ပါတယ်။ ဒီလိုမျိုးပါပဲ Crowdfunding Platform ဆိုတာကလည်း လုပ်ငန်းလည်ပတ်ဖို့ ကုန်ကျစရိတ်ဆိုတာရှိတဲ့အတွက် ငွေပမာဏအချို့ ကုန်ကျတဲ့ သဘောပါပဲ။ စားစရာရောင်းတဲ့သူ၊ ဆောက်လုပ်ရေးလုပ်တဲ့သူကို အလှူအတန်းအတွက်ဖြစ်တဲ့အတွက် ပိုက်ဆံမယူပါနဲ့၊ အခကြေးငွေမယူပါနဲ့လို့ ပြောလို့မရသလိုပါပဲ။
Photo Source Shutterstock
(၆) Crowdfunding နှင့် Corporate Social Responsibility (CSR)
ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေနဲ့ တခြားကုမ္ပဏီကြီးတွေရဲ့ CSR အပိုင်းကို တာဝန်ယူထားကြတဲ့ သူတွေတောင်မှ Crowdfunding လုပ်ငန်းစဉ်တွေကို Corporate Social Responsibility (CSR) Program တွေလို့တောင် ထင်တတ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း Crowdfunding Platform တစ်ခုဖြစ်တဲ့ Su See Yar ကိုဆက်သွယ်လာတဲ့ ကုမ္ပဏီတွေထဲမှာမှ CSR Program အရ Su See Yar ကလက်ရှိချိတ်ဆက်ပံ့ပိုးပေးနေတဲ့ ကျူးကျော်နေရာက အဆင်မပြေတဲ့သူတွေ၊ စားဝတ်နေရေး ဒုက္ခရောက်နေတဲ့သူတွေရှိခဲ့ရင် သူတို့ကုမ္ပဏီ ဘက်ကလည်း ဝိုင်းဝန်းကူညီလှူဒါန်းပေးရတာကို စိတ်ဝင်စားတဲ့အကြောင်း၊ လှူဒါန်းမှု Activity Record ပြုလုပ်ချင်တဲ့အကြောင်း ပြောကြပါတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ကိုင်ဖို့ Financial Support လိုအပ်နေတဲ့ လက်ရှိ Su See Yar ရဲ့ Campaign တွေမှာတော့ ပါဝင်ထောက်ပံ့ဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း ပြောပါတယ်။ ဒီအချက်ကြောင့်ပဲ Crowdfunding နဲ့ CSR Program တွေကို နားလည်မှုမှားနေကြသေးတယ် ဆိုတာ သိနိုင်ပါတယ်။
မကြာတော့တဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာလည်း Crowdfunding လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ အရာတစ်ခုဖြစ်လာတော့မှာပါ။ Platform အမျိုးမျိုးကနေ စတင်လာနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ အလားအလာတွေရှိနေပေမယ့် အခုလက်ရှိမှာတော့ လည်ပတ်ဖို့ ခက်ခဲနေတဲ့လုပ်ငန်းတစ်ခုလို့ ဖြစ်နေပါသေးတယ်။
ဒီလိုခက်ခဲနေတဲ့ကြားက ကြိုးစားလည်ပတ်နေတဲ့ Crowdfunding Campaign တွေလည်း ရှိနေပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းလည်ပတ်ဖို့ Crowdfunding Campaign တစ်ခုစတင်ပြီး ရန်ပုံငွေရှာ စုဆောင်းချင်တဲ့သူတွေ၊ Crowdfunding Platform တစ်ခုစတင်တည်ထောင်ဖို့ ဆန္ဒရှိသူတွေအနေနဲ့လည်း Myanmar Tech Press ရဲ့ Facebook Page (www.facebook.com/myanmartechpress) ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်။