အက်တမ်(ATOM) မှ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း ရည်မှန်းချက်ဖြင့် ဒစ်ဂျစ်တယ်ပညာရေး ပံ့ပိုးပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများကို (၇) ကြိမ်မြောက်လှူဒါန်း

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည်  ၂၀၂၆ ခုနှစ်၏ ပထမဦးဆုံး လူမှုအကျိုးပြုလုပ်ငန်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တမန်ချောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။ ငွေကျပ် သိန်း(၅၀၀) ဝန်းကျင်တန်ဖိုးရှိသော ဤလှူဒါန်းမှုသည်  ကျောင်းသားပေါင်း (၆၀၀) ကျော်ကို ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်ပြီး  နည်းပညာတစ်ဟုန်ထိုး တိုးတက်နေသည့် ယနေ့ကမ္ဘာကြီးအတွက်  လိုအပ်သော အခြေခံဒစ်ဂျစ်တယ် အထောက်အကူပြုပစ္စည်းများနှင့် ကျွမ်းကျင်ပညာရပ်များကို  ရရှိစေမည် ဖြစ်ပါသည်။

အက်တမ်(ATOM) သည် ကျောင်းသားတိုင်း ဒစ်ဂျစ်တယ်ကွာဟမှုမရှိဘဲ အရည်အသွေးမြင့် နည်းပညာများကို လက်လှမ်းမှီနိုင်စေရန်အတွက် ပညာရေးကဏ္ဍ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းရေးကို အစဉ်တစိုက် အလေးပေး ဆောင်ရွက်လျက်ရှိသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများ ပါဝင်သော စာသင်ခန်းများ တည်ဆောက်ပေးခြင်း၊ အဆင့်မြင့်အင်တာနက်နှင့် တစ်နှစ်စာအခမဲ့ အသုံးပြုခွင့်များ တပ်ဆင်ပေးရုံသာမက လက်တွေ့လေ့ကျင့်သင်ကြားမှုများ နှင့် လိုအပ်သောပံ့ပိုးမှုများကိုလည်း ပူးတွဲဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအကြိမ် လှူဒါန်းမှုတွင် ငွေကျပ် သိန်း(၅၀၀) ဝန်းကျင်တန်ဖိုးရှိ Laptop များ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ Printer နှင့် အခြား နည်းပညာသုံးပစ္စည်းများ ပါဝင်သည်။

Image: ATOM

စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အက်တမ်(ATOM) သည် MCC နှင့် ပူးပေါင်းကာ “ဆရာဖြစ်သင်တန်း” (Training of Trainers) ပေးအပ်ခဲ့ပြီး  လှူဒါန်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အက်တမ်(ATOM)သည်   ပညာရေးကျွမ်းကျင်သူများ နှင့် နည်းပညာကို ပေါင်းစပ်ပေးခြင်းဖြင့်  လူမှုအသိုင်းအဝိုင်း အတွက် ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ် အနာဂတ်တစ်ခုကို ဖော်ဆောင်ပေးလျက်ရှိသည်။

အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ရာမှာ လူငယ်တွေအတွက် နည်းပညာနဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အခုလို လူငယ်တွေအပေါ် ရင်းနှီးမြှုပ်နှံပေးခြင်းက နောင်တစ်ချိန်အတွက် တီထွင်ဆန်းသစ်မှု၊ ဖန်တီးမှုနဲ့ အခွင့်အလမ်းတွေကို လမ်းဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်နဲ့ နည်းပညာသုံးပစ္စည်းတွေ ထောက်ပံ့ပေးမှုကတစ်ဆင့် ကျောင်းသား၊ ကျောင်းသူတွေဟာ ဒစ်ဂျစ်တယ်ခေတ်မှာ ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းနိုင်မှာဖြစ်သလို နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာလည်း တစ်ထောင့်တစ်နေရာက ပါဝင်လာနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။

Image: ATOM

၂၀၂၂ ခုနှစ်မှစတင်ကာ အက်တမ်(ATOM)သည် နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများတွင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်သော စာသင်ခန်းများ တပ်ဆင်ပေးရန် ငွေကျပ် သိန်း(၂,၀၀၀) ကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ကျောင်းသားပေါင်း (၁၀,၀၀၀)ခန့် ကို အကျိုးပြုနိုင်ခဲ့သည်။ အက်တမ်(ATOM)မှ သတင်းအချက်အလက်နှင့် နည်းပညာသုံးပစ္စည်းများကို ထောက်ပံ့ပေးခြင်းသည် လှူဒါန်းမှုတစ်ရပ်ထက်ပိုပြီး လူမှုအသိုင်းအဝိုင်းများအတွင်း ဒစ်ဂျစ်တယ်ပညာသင်ကြားခွင့် အခွင့်အလမ်းများကိုပါ ပေးအပ်နိုင်ရန် ဖြစ်ပါသည်။

အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် ဦးသိန်းဟုတ် ကလည်း “အခုလို (၇) ကြိမ်မြောက် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်တဲ့ စာသင်ခန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တာဟာ အက်တမ်(ATOM) ရဲ့ လူမှုအကျိုးပြုအစီအစဉ်တွေထဲက အဓိကမဏ္ဍိုင်တစ်ခုဖြစ်တဲ့ ‘ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း’ကို ကျွန်တော်တို့ ဆက်လက် အကောင်အထည်ဖော်နေတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေကို လေ့လာခွင့်ရမယ့် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

Image: ATOM

တမန်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြ က “ပညာရေးဆိုတာ အားလုံးမှာ တာဝန်ရှိတဲ့ကိစ္စဖြစ်ပြီး ဒီနေ့မှာ အက်တမ်(ATOM) က နည်းပညာနဲ့ စေတနာကို ပေါင်းစပ်ပြခဲ့ပါတယ်။ အခုလို နည်းပညာပစ္စည်းတွေ ပံ့ပိုးပေးတာက ကျွန်မတို့ ကျောင်းသားတွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရုံသာမကဘဲ ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်တွေထားရှိနိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အိပ်မက်တွေ မက်ခွင့်ရရှိစေဖို့  စိတ်ခွန်အားတွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အက်တမ်(ATOM) သည် တာဝန်သိ လူမှုအကျိုးပြုအစီအစဉ်၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သော စာသင်ခန်း(၇) ခုကို တည်ထောင်ပေးခြင်းဖြင့် အက်တမ်(ATOM)မှ ဒစ်ဂျစ်တယ်အနာဂတ်အတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးလျက်ရှိသည်။ စက်ကိရိယာများ၊ ဆော့ဖ်ဝဲလ်များ၊ အင်တာနက်ချိတ်ဆက်မှုနှင့် လေ့ကျင့်သင်ကြားပေးမှုများတွင်  ရင်းနှီးမြှုပ်နှံခြင်းမှတစ်ဆင့် မြန်မာလူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိပြီး “Life Beyond Better” ဆောင်ပုဒ်နှင့်အညီ လူမှုစီးပွားဘဝများကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဟူသော အက်တမ်(ATOM) ၏ ရေရှည်ကတိကဝတ်ကို ထင်ဟပ်စေပါသည်။