စိုက်ပျိုးမွေးမြူသူများ အားထားစရာ အစိမ်းရောင်လမ်း (Green Way) app

မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးဖြစ်တာကြောင့် တစ်နှစ်ထက်တစ်နှစ် တင်ပို့ကုန်ထုတ်ကုန် အရည်အသွေးနဲ့ ပမာဏတိုးတက်ရေးဟာအရေးပါလှတယ်။ ယခင်တုန်းကလို သမာရိုးကျစိုက်ပျိုးခြင်းသာမဟုတ်တော့ဘဲ တိုးတက်လာတဲ့အလျောက် ခေတ်မှီနည်းပညာတွေနဲ့ စိုက်ပျိုးရေးကို ပေါင်းစပ်ပြီး ခေတ်မှီစိုက်ပျိုးရေးနည်းပညာစနစ်တွေကို ပြောင်းလဲအသုံးပြုဖို့ကလဲအရေးကြီးလှပါတယ်။ ခေတ်မှီနည်းပညာနည်းစနစ်တွေကို အသုံးပြုခြင်းဖြင့် စိုက်ပျိုးသူတောင်သူလယ်သမားတွေဟာ စိုက်ခင်းတစ်ခုလုံးကို ညီတူညီမျှ ရေသွင်းခြင်း၊ ဓာတ်မြေသြဇာများ ပိုးသတ်ဆေးများကျွေးခြင်းတို့ကို ပြုလုပ်စရာမလိုတော့ပါဘူး။ လိုအပ်တဲ့နေရာကိုပဲ တစ်နေရာချင်းစီကို လိုအပ်သလိုပြုလုပ်ပေးရတာကြောင့် ပမာဏနည်းနည်းနဲ့ထိရောက်မှုရှိအောင် အသုံးပြုနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းကြောင့် သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်လာခြင်း၊ ရေ၊ မြေသြဇာတွေ အစရှိတာတွေကို အသုံးပြုမှုနည်းသွားတာကြောင့် အစားအသောက်တန်ဖိုးလျော့နည်းသွားခြင်း၊ သဘာဝဂေဟစနစ်အပေါ် သက်လျောက်မှုလျော့နည်းသွားခြင်း၊ မြစ်များနှင့် မြေအောက်နေရများသို့ ဓာတုပစ္စည်းများ မျောပါမှုလျော့နည်းသွားခြင်း၊ အလုပ်သမားများကို ပိုမိုဘေးကင်းလုံခြုံရေးခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်။ ထို့ကြောင့် စိုက်ပျိုးသူတောင်သူလယ်သမားတွေကို ခေတ်မှီနည်းပညာတွေ ကို အသိပညာရရှိရအောင်ဝေမျှခြင်း ကဏ္ဍကအရေးပါတာကြောင့် တောင်သူဦးကြီးတို့ကို အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ အစိမ်းရောင်လမ်း( Green Way) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Photo Source- http://greenwaymyanmar.org/

အစိမ်းရောင်လမ်းဟာ ခေတ်မှီနည်းပညာစနစ်များဆိုတာထက် ကျောင်းသားများကျောင်းမှာ သင်ကြားခဲ့ရတဲ့ ပညာတွေ၊ ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ အတွေ့အကြုံ၊ တောင်သူတွေဆီကို ကွင်းဆင်း နည်းပညာမျှဝေရင်း ဦးကြီးတို့ဆီက ပြန်လည်သင်ကြားခဲ့ရတဲ့ အတွေ့အကြုံတွေက နည်းပညာမျှဝေတဲ့ ဝက်ဆိုဒ်တစ်ခုဖြစ်တာကြောင့် ဦးကြီးတွေဆီက ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေမျှဝတဲ့ ကွန်ရက်တစ်ခုလို့ဆိုရမှာပါ။ စိုက်ပျိုးရေးဆိုပင်မဲ့ စိုက်ပျိုးရေးခေါင်းစဉ်တစ်ခုထဲမဟုတ်ဘဲ စိုက်ပျိုးနည်းပညာ၊ မွေးမြူနည်းပညာ၊ အမေးအဖြေ ၊ နေ့စဉ်ဈေးနှုန်းများ၊ အထွေထွေဗဟုသုတ၊ သတင်း၊ စစ်တမ်း၊ စာအုပ်စင်၊ နည်းပညာမိတ်ဖက်အဖွဲ့၊ ရုပ်သံ အစီအစဉ်ဇယားစတဲ့ ကဏ္ဍမျိုးစုံ ပါဝင်ပါတယ်။
Photo Source- https://www.myanmaryp.com/company/85623/Greenovator

စိုက်ပျိုးရေး ကဏ္ဍမှာဆိုရင် စိုက်ပျိုးနည်းသာမက စိုက်ပျိုးမှုမှာအရေးပါတဲ့ မြေဆီလွှာ ၊ အပင်အာဟာရ၊ ပိုးမွှားရောဂါ တွေပါအသေးစိတ်ဖော်ပြထားတာဖြစ်ပါတယ်။ မြေဆီလွှာအကြောင်းသိကောင်းစရာများကနေ စိုက်ပျိုးမှုအတွက် မြေဆီလွှာပြုပြင်ပုံ၊ ပျက်စီးနေတဲ့ မြေဆီလွှာပြုပြင်ပုံအထိ မြေဆီလွှာအကြောင်း အစအဆုံးဖော်ပြထားပြီး ဆောင်ရန်ရှောင်ရန်တွေကို အစအဆုံးကိုဖတ်ရှုနိုင်မှာပါ။ အပင်အာဟာရ ခေါင်းစဉ်အောက်မှာဆိုရင်လဲ အပင်တစ်မျိုးခြင်းစီ နဲ့ ထိုအပင်ကိုအာဟာရရှိဖို့အတွက် အဓိကဂရုစိုက်ပြီး ထည့်ပေးရမဲ့ အာဟာရဓာတ်တွေအကြောင်း၊ ဘယ်ဓာတ်တွေက ဘယ်အခန်းကဏ္ဍတွေမှာအရေးပါတယ်ကအစဖော်ပြပေးထားမို့ ဦးကြီးတို့ကို စိုက်ပျိုးနေတဲ့အပင်နဲ့ပက်သက်တဲ့ ဗဟုသုတတွေကိုတိုးပွားစေမှာဖြစ်ပါတယ်။စိုက်ပျိူးနည်းမှာဆိုရင်လဲ သီးနှံသို့မဟုတ် အပင်တစ်ခုခြင်းစီရဲ့ မူရင်းဒေသ၊ အမျိုးအစား၊ စိုက်ပျိုးသည့်ဒေသ၊ မြေနှင့်ရာသီဥတု၊ မျိုးစေ့နှုန်း၊ ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေသြဇာကျွေးနည်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်း၊ ဆွတ်ခူးခြင်းအထိ အစအဆုံးအကြောင်းအရာအစုံအလင်ကိုတစ်နေရာထဲ ဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ ထို့နောက် စိုက်ပျိုးပြီးချိန်တွင် ပိုးမွှားရောဂါမှကာကွယ်နည်းများ၊ ရိတ်သိမ်းနည်းများအထိ စိုက်ပျိုးခြင်းရဲ့ နောက်ဆုံးအဆင့်ထိလဲဖော်ပြပေးထားပါတယ်။ စိုက်ပျိုးပြီးသည့်အချိန်တွင်လဲစီးပွားရေး လုပ်ငန်းများ ကိုယ်တိုင်လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးစီးပွားဆိုတဲ့ ကဏ္ဍလေးတစ်ခုကိုလဲ ထည့်သွင်းပေ။ထားပါသေးတယ်။ သတင်းအချက်အလက်များ အလွယ်တကူမသိရှိနိုင်တဲ့နေရာများတွင် နေထိုင်သော ဦးကြီးများအတွက်လဲ စိုက်ပျိုးစီးပွားလုပ်ငန်းတစ်ခုစတင်နိုင်ရန် စီးပွားရေး ခေတ်ရေစီးကြောင်းကိုမှာ အရှိန်ရနေတဲ့ သီးနှံများအကြောင်း၊တောင်သူလယ်သမားများ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဘယ်လိုချေးငွေအရင်းအနှီးရယူမလဲ၊ ဈေးကောင်းရနိုင်ဖို့ ဘယ်လိုဆောင်ရွက်မလဲ၊ စိုက်ပျိုးစီးပွားရေးကို ဘယ်လိုစတင်မလဲဆိုတဲ့အကြောင်းအရာတွေကို ထည့်သွင်းဖော်ပြပေးထားပါတယ်။ခေတ်သစ်စိုက်ပျိုးနည်းကဏ္ဍတ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အစရှိသဖြင့်လဲ စိုက်ပျိုးရေးသာမက နည်းပညာ နဲ့ စီးပွားရေးကိုပါ ပေါင်းစည်းဖော်ပြထားတာမု့ိ ဦးကြီးများသာမက စိုက်ပျိုးရေးပညာရှင်များ စိုက်ပျိုးရေးကို စိတ်ဝင်စားသူများပါ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Photo Source- https://www.facebook.com/greenwaymyanmar/
မွေးမြူရေး အခန်းကဏ္ဍမှာ ငါးနဲ့ နွားအဓိကဖော်ပြထားတာဖြစ်ပါတယ်။ ငါးမွေးမြူသူများအတွက် ငါးမွေးမြူခြင်း၊နေရာရွေးချယ်ခြင်း၊ ငါးကြီးကြီးထွားမှ၊ ငါးမွေးကန်ပြင်ဆင်ခြင်း၊ ငါးသားပေါက်ထည့်သွင်းခြင်း၊ ပါဝင်ရမည့်အရာများ၊ ကြည့်ရှုစစ်ဆေးခြင်း၊ ငါးကျန်းမာရေး၊ ငါးကန်ဖော်ခြင်း၊ ငွေကြေးကိစ္စများ အစရှိသဖြင့်နှင့် နွားမွေးမြူသများအတွက် အခြေခံအာဟာရဗေဒ၊ နွားကလေးပြုစုခြင်း၊ နွားစာပင်စိုက်ပျိုးခြင်း၊ မျိုးပွားခြင်း၊ နွားနို့အရည်အသွေး၊ ခြံမှတ်တမ်း၊ ခြံစီးပွားရေး၊ ကျန်းမာရေး စသည်တု့ိကို အသေးစိတ်ဖော်ပြထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press
ထို့အပြင် ဦးကြီးများနှင့် စိုက်ပျိုးမွေးမြူလုပ်ကိုင်သူများအတွက် အချင်းချင်း အမေးအဖြေများပြုလုပ်နိုင်သော အမေးအဖြေကဏ္ဍများ၊ နေ့စဉ်ကုန်ဈေးနုန်းများ၊ ဦးကြီးများဗဟုသုတတိုးပွားစေရန်အတွက် အထွေထွေဗဟုသုတများ၊ စိုက်ပျိုးရေးသတင်း၊ မိုးလေဝသသတင်းနှင့် မွေးမြူရေးသတင်းများကို သိရှိနိုင်မယ့် သတင်းကဏ္ဍ။ စိုက်ပျိုးမွေးမြူရေးများနှင့် ပက်သက်သည့် စာအုပ်များဖတ်ရှုနိုင်မယ့် စာအုပ်စင်၊တီဗီအစီအစဉ်များရေဒီယို အစီအစဉ်များကိုပါ ဖော်ပြပေးထားတာမို့ ဦးကြီးတို့အတွက် ကဏ္ဍမျိုးစုံအသုံးဝင်အောင်စီမံဆောင်ရွက်ပေးထားပါတယ်။
အစိမ်းရောင်လမ်းမှာ စိုက်ပျိုးနည်းပညာကို စိတ်ဝင်စားသူတိုင်း အလွယ်တကူလေ့လာနိုင်၊ စိုက်ပျိုးနည်းပညာနဲ့ပက်သက်ပြီး ပညာရှင်များ၊ လူမှုအကျိူးပြု အဖွဲ့အစည်းများနင့် စိတ်ဝင်စားသူ ဝါသနာရှင်များအတွက် ဆုံရပ်လေးတစ်ခု ဖြစ်ကာ စိုက်ပျိုးနည်းပညာများ အလွယ်တကူ စိုက်ပျိုးသူများထံ ပျံ့နှံ့သွားရန် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနည်းပညာသစ်များ ဖြန့်ဖြူးပေးရန်ဆောင်ရွက်ပေးနေတဲ့ စိုက်ပျိုးမွေးမြူရေးအတွက် အားထားစရာ တစ်ခုပင်ဖြစ်ပါတယ်။

ဒေါင်းလုပ်ရယူရန် –https://play.google.com/store/apps/details?id=greenway_myanmar.org

Website –https://greenwaymyanmar.com/