YBS ကားတွေမှာ စတင်အသုံးချနိုင်ပြီဖြစ်တဲ့ YPS Card စနစ်နဲ့ သတိထားသင့်သော အချက်များ

YPS Card ဆိုတာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ ကတ်ဖြစ်ပါတယ်။ ရန်ကုန်အများပြည်သူ သယ်ယူပို့ဆောင်ရေး YBS မှာအသုံးပြုရမယ့် ကတ်ဖြစ်ပါတယ်။ YPS စနစ်အသုံးပြုလို့ရတဲ့ ဘတ်စ်ကားတွေမှာ YPS Card တွေကို အခုလ ၂၁ ရက်ကနေ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

YPS Card တွေကို ဝယ်ယူတဲ့နေရာမှာတော့ YPS Customer Service Center တွေနဲ့ YPS တရားဝင် ကိုယ်စားလှယ်ဖြစ်တဲ့ G&G ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ မြန်မာပြည်မှာ နေထိုင်သော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ အားလုံး YPS Card တွေကို ဝယ်ယူနိုင်ပါသည်။ YPS ကတ်ကို လုပ်ဆောင်ချက်ကောင်းမွန်ဖို့အတွက် YPS ကတာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ ကတ်တန်ဖိုးကိုတော့ ငွေပြန်အမ်းပေးမှာ မဟုတ်ပါဘူး။ 

Photo source https://www.facebook.com/ypspayment

YPS Card တွေကို ငွေဖြည့်သွင်းဖို့အတွက်ကတော့ YPS Customer Service Center နဲ့ တရားဝင်အရောင်းကိုယ်စားလှယ်ဖြစ်တဲ့ YPS အမှတ်တံဆိပ်ပါ G&G ဆိုင်တွေမှာ ငွေဖြည့်သွင်းနိုင်ပါတယ်။ ငွေဖြည့်သွင်းတဲ့ ပမာဏအတိုင်း ငွေလက်ခံဖြတ်ပိုင်းကို အရောင်းဆိုင်မှ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ငွေလက်ခံဖြတ်ပိုင်းနှင့် မိမိငွေဖြည့်သွင်းသည့် ငွေပမာဏ တူညီမှု ရှိ/မရှိ ငွေဖြည့်သွင်းတဲ့ ဆိုင်ကစက်မှာလည်း ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။ ငွေဖြည့်သွင်းရာမှာ ကတ်အတွင်း ငွေ မဝင်ခြင်း ကိစ္စများရှိခဲ့မယ်ဆိုရင် YPS Customer Service Center ကို ကိုယ်တိုင်လာရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

YPS ကတ် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်တွေ အနေနဲ့ကတော့ YPS ကတ်ရဲ့ လုံခြုံမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုက ကတ်ဝယ်ယူထားသူမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ YPS ကတ်အား ကွေးခြင်း၊ ကျိုးပဲ့ခြင်း၊ အပေါက်ဖောက်ခြင်း၊ အပူချိန်လွန်ကဲသောနေရာနှင့် စိုစွတ်သောနေရာများ၊ သံလိုက်ဓာတ်ပြင်းသော နေရာများ အနီးတွင် ထားရှိခြင်းများ ပြုလုပ်ပါက ကတ်အတွင်းရှိ ကတ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပျက်စီးစေနိုင်သည်။ အသုံးပြုသူ၏ ပေါ့ဆမှုကြောင့် ဖြစ်သော ကတ်ပျက်စီးမှုများသည် YPS ၏ တစ်နှစ်တာ အာမခံမှုတွင် ပါဝင်မှာ မဟုတ်ပါဘူး။

ဘတ်စ်ကားပေါ်တွင် YPS Card  အသုံးပြုရမည့် နည်းလမ်းတွေအနေနဲ့ ဘတ်စ်ကားစီးနင်းသူများသည် YPS ကတ်ကို အသုံးပြုဖို့အတွက် ဘတ်စ်ကားပေါ်တက်တဲ့ အရှေ့တံခါးမှာ တပ်ဆင်ထားတဲ့ Bus Validator စက်နဲ့ ကတ်ကို ထိရမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်က ပြန်ဆင်းတဲ့အခါမှာလည်း အနောက်တံခါးမှာ တပ်ဆင်ထားတဲ့ Bus Validator စက်နဲ့ ထပ်မံ ထိပေးရမှာ ဖြစ်ပါတယ်။ စက်မှာ ကတ်ကိုထိလိုက်တာနဲ့ စီးနင်းခဲ့တဲ့ ခရီးစဉ်ရဲ့ ကျသင့်မှုနှုန်းထားကို ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။  

Photo source https://www.facebook.com/ypspayment

အကယ်၍ ဘတ်စ်ကားပေါ်က ပြန်ဆင်းတဲ့အခါ Bus Validator နဲ့ YPS ကတ်ကို ထိဖို့ မေ့လျော့ခဲ့မယ် (သို့) ပျက်ကွက်ခဲ့မယ်ဆိုရင် နောက်ခရီးစဉ်အစမှာ Bus Validator နဲ့ထိလိုက်တာနဲ ယခင် ခရီးစဉ်တစ်ခုလုံးရဲ့ ကျသင့်နှုန်းထားကို အလိုအလျောက် ဖြတ်တောက်မှာ ဖြစ်ပါတယ်။ သတိပြုဖို့အချက်ကတော့ ယခင်ခရီးစဉ်အတွက် စီးသည့်မှတ်တိုင်မှ ခရီးစဉ်အဆုံးမှတ်တိုင်ထိ ကျသင့်ငွေကို ဖြတ်တောက်မှာ ဖြစ်ပါတယ်။ YPS ကတ်နဲ့ တစ်ကြိမ်လျှင် ခရီးသည် တစ်ဦးအတွက်သာ ပေးချေနိုင်သည်။ ခရီးသည် တစ်ဦးနှင့်အထက် ပေးချေမှု ပြုလုပ်ခြင်း ဝန်ဆောင်မှု မရရှိနိုင်ပါဘူး။

YPS ကတ်ထိလျှင် Bus Validator မှ တတ်နိုင်သမျှ နီးကပ်စွာထားရမည် ဖြစ်ပြီး အများဆုံး ၁၀ စင်တီမီတာ အကွာအဝေးအတွင်း ရှိရပါမည်။ ကတ်ထိခြင်းလုပ်ဆောင်ချက်များ မအောင်မြင်ခဲ့လျှင် အသုံးပြုသူများအနေဖြင့် ကတ်ကို အဆက်မပြတ် ဘေးဘယ်ညာ ရွှေ့ခြင်းများ မပြုလုပ်ဘဲ ကတ်ကို သေချာစွာ ထပ်မံထိကပ်ရန် ဖြစ်သည်။ ကတ်ထိရမယ့်နေရာမှာပဲ ထိရမှာ ဖြစ်ပါတယ်။ ကတ်ထိတဲ့အခါ အသံငါးမျိုး ထွက်ရှိမှာ ဖြစ်ပါတယ်။ “တီ” ဆိုတဲ့အသံကတော့ ကတ်ထိရာမှာ အောင်မြင်တဲ့အချက်ပေးသံ ဖြစ်ပါတယ်။ “ကတ်ဖြင့်ထပ်မထိပါနဲ့” ကတ်ကို နှစ်ကြိမ်ဆက်တိုက်အသုံးပြုမိတဲ့အခါ ပထမအကြိမ်အောင်မြင်ပြီးသားဖြစ်တဲ့အတွက် ဒုတိယအကြိမ်ထပ်အသုံးမပြုဖို့ သတိပေးတဲ့ အသံ ဖြစ်ပါတယ်။ “ကတ်ပြန်ဖြုတ်ပါ” ကတ်အသုံးပြုရာမှာ မအောင်မြင်တဲ့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ဆောင်ဖို့ သတိပေးတဲ့ အသံဖြစ်ပါတယ်။ “ပိုက်ဆံမလုံလောက်ပါ” ယာဉ်စီးခပေးချေဖို့ လက်ကျန်ငွေမလုံလောက်တဲ့အခါ သတိပေးတဲ့ အသံဖြစ်ပါတယ်။ “အသုံးပြု၍မရပါ” ကတ်အသုံးပြုရာမှာ တစ်စုံတစ်ရာချို့ယွင်းမှုကြောင့် ကုမ္ပဏီက ဖြုတ်သိမ်းထားတဲ့အတွက် သတိပေးတဲ့အသံ ဖြစ်ပါတယ်။ 

Photo source https://www.facebook.com/ypspayment

YPS ကတ်များအားလုံးအတွက် ရောင်းချသည့်နေ့မှစ၍ (၁) နှစ်အထိ အာမခံရရှိခြင်း၊ အကယ်၍ ကတ်တစ်စုံတစ်ရာ ဖြစ်ခဲ့လျှင် အခမဲ့ ကတ်အစားထိုး လဲလှယ်ပေးခြင်း၊ ထိုကတ်အသစ်မှာလည်း လဲလှယ်ပေးသည့်နေ့မှစ၍ အာမခံ (၁)နှစ် ထပ်မံရရှိမှာ ဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် ကတ်ထဲတွင် သိမ်းဆည်းထားသောငွေများကို YPS Customer Service Center များနှင့် YPS မှ တရားဝင် အရောင်းကိုယ်စားလှယ်ဖြစ်သည့် G&G ဆိုင်များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ ယာဉ်စီးခပေးဖို့ ထိတဲ့အခါမှာလည်း Bus Validator မှာ လက်ကျန်ငွေကို သိရှိနိုင်ပါတယ်။

ထပ်မံသိရှိလိုသော အချက်အလက်များအတွက် YPS Hotline (09 96 999 0699) ဒါမှမဟုတ် YPS Customer Service Center ကိုဆက်သွယ်ပေးမြန်းနိုင်ပါတယ်။