ငလျင်ကြောင့် မြန်မာနိုင်ငံအနှံပျောက်ဆုံးနေသူများအား ကူညီရှာဖွေပေးနိုင်မည့် ကယ်ဆယ်ရေးဝက်ဘ်ဆိုဒ်
မြန်မာနိုင်ငံတစ်ဝှမ်း ငလျင်ကြောင့်ပျောက်ဆုံးနေသူတွေကို ကူညီရှာဖွေကယ်ဆယ်ရေးမှာ တစ်ထောင့်တစ်နေရာ က အားဖြည့်ကူညီတဲ့အနေနဲ့ မြန်မာလူငယ်တွေပူးပေါင်းပြီး ကယ်ဆယ်ရေး (kelselyay.com) Website တစ်ခုကို ဖန်တီးထားခဲ့ကြပါတယ်။ ကယ်ဆယ်ရေး Website ဟာ ပျောက်ဆုံးနေသူတွေကို Website ထဲမှာ ပျောက်ဆုံးသူရဲ့ ဓာတ်ပုံ၊ နာမည်၊ နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့နေရာ၊ စတင်ပျောက်ဆုံးခဲ့တဲ့အချိန်နဲ့ တွေ့ရှိခဲ့ရင် ဆက်သွယ် နိုင်မယ့် ဖုန်းနံပါတ်တွေကို ထည့်သွင်းဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ ပျောက်ဆုံးမှုတွေအတွက် Facebook လို Social Media Platform ပေါ်မှာတင်ပြီး ရှာဖွေကြပေမယ့် Social Media ဖြစ်တဲ့အတွက် လူပျောက်ကြောငြာတွေကလဲ တစ်ကယ်ကူညီနိုင်တဲ့သူတွေဆီမရောက်ရှိတာ၊ အချက်အလက်ရှာရခက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Image: kelselyay.com
အခုဖန်တီးထားတဲ့ ကယ်ဆယ်ရေး (KelSelYay) Website ကတော့ လူပျောက်သတင်းတွေကို တစ်နေရာတည်းမှာ စုစည်းပြီးကြည့်ရှုနိုင်မယ့်အတွက် အားလုံးအတွက် အထောက်အကူဖြစ်မယ့် Website တစ်ခုလည်း ဖြစ်ပါတယ်။ Website ထဲမှာ မြေပုံလည်းထည့်သွင်းပေးထားတဲ့အတွက် မြန်မာနိုင်ငံအနှံ့ပျောက်ဆုံးသူတွေရဲ့ အချက်အလက် တွေကို ထည့်သွင်းနိုင်သလို၊ ထည့်သွင်းထားတဲ့အချက်အလက်တွေကိုလည်း ဝင်ရောက်ကြည့်ရှုပြီး ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။