လူနာမရှိတော့သဖြင့် ကလေးမြို့အိတ်စွတ် ကိုဗစ်စင်တာ ပိတ်သိမ်းမည်

ကိုဗစ် တတိယလှိုင်း အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လူရာနဲ့ချီပြီး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က အိတ်စွတ် ကို ဗစ်စင်တာမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် လူနာလက်ကျန်အရေအတွက် မရှိတော့တဲ့ အတွက်စင်တာကို သြဂုတ်လ ၁၇ ရက်နေ့ မနက်ဖြန်မှာ ပိတ်ဖို့စီစဉ်နေတယ်လို့ အဆိုပါ စင်တာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လူနာ (၄၀၀)ခန့် လက်ခံနိုင်တဲ့ အိတ်စွတ်စင်တာမှာ လက်ရှိကုသမှုခံယူနေတဲ့ လူနာအရေအတွက်မှာ နှစ်ဦးသာ ကျန်ရှိ‌တော့ပြီး အဆိုပါလူနာနှစ်ဦးကို လည်း ယနေ့ညနေမှာ အခြားကုသရေးစင်တာဖြစ်တဲ့ တိုင်းရင်းဆေးရုံကို ပြောင်းရွှေ့ကုသမှုခံယူမှာ ဖြစ်တာကြောင့် လူနာလက်ကျန်အရေအတွက် လုံးဝမရှိတော့တဲ့အတွက် စင်တာကို ပိတ်သိမ်းတာ ဖြစ်တယ်လို့ လည်းသူကပြောပါတယ်။

Photo Source https://bit.ly/3y0Ssky

အိတ်စွတ်စင်တာဟာ ကလေးမြို့က ဝန်းထမ်းအိမ်ရာ အသစ်တစ်ခုဖြစ်ပြီး လူတွေမနေခင်မှာ ကိုဗစ်ဖြစ်လာတဲ့ အတွက် ကိုဗစ်ကုသရေး စင်တာ အဖြစ်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ကလေးမြို့မှာ ကိုဗစ်လူနာတွေကို တိုင်းရင်းဆေးရုံ၊ ၊ အားမာန်စင်တာ၊ ဆေးရုံကြီးတို့မှာ လက်ခံကုသပေးနေတာလည်းဖြစ်ပါတယ်။
အိတ်စွတ်စင်တာကို ဖွင့်လှစ်ပြီး ကိုဗစ်လူနာတွေကို ကုသပေးခဲ့တာ ၃ လ ခန့်ရှိပြီဖြစ်တယ်လို့စင်တာ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်ပြတ်လပ်မှုနှင့်ရင်ဆိုင်ခဲ့ရပြီး လူသေဆုံးမှုများခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဇူလိုင်လနောက်ဆုံးပတ် စပြီး ပိုးတွေ့လူနာနှင့် သေဆုံးလူနာ သိသိသာသာလျော့ကျလာခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဇွန်လကုန်နှင့် ဇူလိုင်လလယ်ပိုင်းအတွင်း တစ်ရက်လျှင် ပျမ်းမျှ ဆယ်ဦးအထက်သေဆုံးခဲ့ပြီး ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေကိုပါတွက်ရင် တစ်လကို သေဆုံးသူ ၅၀၀ ခန့်အထိ ရှိခဲ့တယ် လို့ဒေသခံတွေက ပြောပါတယ်။
Source BBC