MPT ဆင်းမ်ကတ်အသစ်ကို စတင်အသုံးပြုရန်ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ် ၂၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်းထုတ်ပြန်

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဆင်းမ်ကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ကြိမ်တည်း မြန်မာကျပ် ၂၀,၀၀၀ တိတိ ပေးဆောင်ရမည်ဖြစ်ပြီး မိုဘိုင်းလ်၊ ကြိုးဖုန်း နှင့် ဖိုင်ဘာ နည်းပညာများဖြင့် အသုံးပြုသော အင်တာနက်ဒေတာ သုံးစွဲမှုများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း ကျသင့်စေရမည် ဖြစ်ကြောင်း MPT မှ ထုတ်ပြန်ထားသည်။
အင်တာနက်ဒေတာသုံးစွဲမှုများအတွက် MPT၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုနှုန်းထားများ နှင့် ဆင်းမ်ကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု (SIM card activation) အပေါ် တွင် ပြောင်းလဲမှုများရှိမည် ဖြစ်ကြောင်း လည်းထုတ်ပြန်ထားသည်။ ဖုန်းခေါ်ဆိုမှု (အသံ) နှင့် စာတို (SMS) သုံးစွဲမှုများအတွက်မူ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်းလည်းသိရသည်။
MPT သည် သုံးစွဲသူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အကောင်းဆုံးကြိုးပမ်းအားထုတ်မှုများဖြင့် ဆက်လက်ပေး အပ်သွားနိုင်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်လာသော အပြောင်းအလဲများ နှင့် သုံးစွဲသူများ၏ အဆင်မပြေမှုများအတွက် နားလည်ပေးမှုပြုပေးပါရန် MPT အနေဖြင့် မေတ္တာရပ်ခံထားကြောင်းထုတ်ပြန်ထားသည်။

Photo Source https://www.mpt.com.mm/mm/about-home/media-press-releases-mm/press-releases-mm/

MPT သည် အကြီးမားဆုံး 3G ကွန်ရက်ကိုပိုင်ဆိုင်ထားပြီး ဖုန်းအသုံးပြုသူပေါင်း (၂၃)သန်းကျော်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြန်မာပြည်သူပြည်သားသုံးစွဲသူများနှင့် စီးပွားရေး လုပ်ငန်းကြီးများအတွက် လိုင်းဖုန်းများနှင့် မိုဘိုင်းဆက်သွယ်ရေးများကိုဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ထိပ်တန်းမှဦးဆောင်လျက်ရှိသောဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည်။
နှစ်ပေါင်း ၁၃၀ကျော်ကြာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းလုပ်ဆောင်နေသော ဆက်သွယ် ရေးအော်ပရေတာတစ်ခုလည်း ဖြစ်ပါသည်။ ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်လွှမ်းခြုံနိုင်မှုမှာ ၉၆ ရာခိုင်နှုန်းရှိနေပြီး အကျယ်ပြန့်ဆုံးသောကွန်ရက်ကိုပိုင်ဆိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်သည်။
ကျယ်ပြန့်သောအရောင်းဈေးကွက်များကိုအသုံးပြု၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးအနှံ့ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပိုမိုတိုးတက်များပြားလာစေရန် ရည်ရွယ် အကောင်အထည် ဖော်လျက်ရှိပါသည်။ KDDI-Sumitomo တို့နှင့်ပူးပေါင်း၍ ဝန်ထမ်းပေါင်း၈ထောင်ကျော်နှင့် အတူ ဆက်သွယ်ရေးနည်းပညာကဏ္ဍကို တိုးတက်စေခြင်းဖြင့် မြန်မာနိုင်ငံအားရှေ့သို့လှမ်းချီနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်နေပါသည်။
MPT သည်ကမ္ဘာအကြီးဆုံးကြော်ငြာလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် WPP နှင့် ဈေးကွက်ဆိုင်ရာ သုတေသနအဖွဲ့ဖြစ်သောMillward Brown တို့ဆောင်ရွက်သည့် BrandZ မှ “Sportlight on Myanmar” ခေါင်းစဉ်ဖြင့် ကောက်ယူထားသောစစ်တမ်းအရ ၂၀၁၆ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် ထုတ်ပြန်ရာတွင် အဓိက ကျသည့် ကုန်အမှတ်တံဆိပ် ၄၂ ခု၌နိုင်ငံအတွင်း၌ လူကြိုက် အများဆုံးကုန်အမှတ်တံဆိပ် စာရင်း ၏ထိပ်ဆုံးတွင်ရပ် တည်နိုင်ခဲ့သည်။