Rakuten Viber သည် ၎င်း၏ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိန်းကာကွယ်မှုစနစ်များအတွက် SOC 2 Type 2 အသိအမှတ်ပြုလက်မှတ်အား လက်ခံရရှိ

လုံခြုံစိတ်ချမှု အပြည့်အဝရှိ‌သော စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်း Rakuten Viber သည် ၎င်း၏ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းကာကွယ်ရေးစနစ်များအတွက် Service Organization Control (SOC) 2 Type II အသိအမှတ်ပြုလက်မှတ်အား လက်ခံရရှိခဲ့သည်။ အဆိုပါ SOC 2 အဆင့်သတ်မှတ်ချက်အား ဂုဏ်သိက္ခာ ကြီးမားလှသည့် American Institute of Certified Public Accounts (AICPA) မှ ဖန်တီးသတ်မှတ်ပေးထားခြင်းဖြစ်ပြီး လုံခြုံရေးစနစ်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းကာကွယ်မှု နည်းပညာများ၊ ပေါ်လစီများနှင့် လုပ်ဆောင်ချက်များအား စစ်ဆေးကြည့်ရှုပြီး စံသတ်မှတ်ချက် ပြည့်မှီမှသာ ပေးအပ်ချီးမြှင့်သည့် နိုင်ငံတကာအဆင့်မှီ အဆင့်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။

အဆိုပါ အသိအမှတ်ပြုလက်မှတ်အား ကမ္ဘာ့အကြီးမားဆုံး ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Ernst & Young မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး Rakuten Viber ၏ လုံခြုံရေးစနစ်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းကာကွယ်မှုနည်းပညာများ၊ ပေါ်လစီများနှင့် လုပ်ဆောင်ချက်များ သည် SOC 2 အဆင့်သတ်မှတ်ချက်နှင့် အပြည့်အဝ ကိုက်ညီမှုရှိသည့်အတွက် ယခုကဲ့သို့ အတည်ပြု သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

Image:

“SOC 2 Type II အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့တာဟာ ကျွန်တော်တို့ Rakuten Viber အနေနဲ့ အဓိကမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ပြီး အသုံးပြုသူတွေအတွက် လုံခြုံစိတ်ချမှုအရှိဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ ကျွန်‌တော်တို့ရဲ့ စဉ်ဆက်မပြတ် ရည်သန်လုပ်ဆောင်မှုတွေကိုလည်း ထပ်မံသက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Rakuten Viber အနေနဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အပြည့်အဝ လုံခြုံမှု ပေးနိုင်တဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံးနဲ့ ယုံကြည်စိတ်ချရမှု အရှိဆုံး ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက် ရပ်တည်သွားဖို့ စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်သွားမှာပါ။” ဟု Rakuten Viber ၏ VP Engineering and CISO ဖြစ်သူ Liad Shnell က ပြောကြားခဲ့သည်။

ဤကဲ့သို့ SOC 2 အသိအမှတ်ပြုလက်မှတ်အား ရရှိခဲ့သည့်အပြင် Rakuten Viber သည် အခြားသော လိုအပ်သည့် စောင့်ကြည့်စစ်ဆေးမှုများနှင့် လုပ်ဆောင်ချက်များကိုလည်း စဉ်ဆက်မပြတ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် Viber သည် End-to-End Encryption လုံခြုံရေး စနစ်အား တစ်ဦးချင်းပြောဆိုမှုများ၊ အုပ်စုဖွဲ့စကားပြောဆိုမှုများ နှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုများတွင် ထည့်သွင်းပေးသည့် ပထမဦးဆုံးသော ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခု အဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။