မြန်မာငလျင်ဘေးသင့်နေရာတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စင်္ကာပူနိုင်ငံက Cyborg ပိုးဟပ်ကို အသုံးပြု
မြန်မာနိုင်ငံမှာ မတ်လ (၂၈) ရက်နေ့ကလှုပ်ခပ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြောင့် ငလျင်ဒဏ်သင့်နေရာတွေမှာ အဆောက်အဦးပျက်တွေကြား ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေဖို့ အတွက် စင်္ကာပူနိုင်ငံက Cyborg ပိုးဟပ် (၁၀) ကောင်ကို ရှာဖွေကာဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြု နေပြီဖြစ်ပါတယ်။ ဒီ Cyborg အင်းဆက်တွေကို Singapore Civil Defense Force (SCDF) က မတ်လ (၃၀) ရက်နေ့မှာ စတင်အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
Cyborg အင်းဆက်တွေကို အသုံးပြုတာကလည်း လူတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် ကမ္ဘာ့ ပထမဆုံး အသုံးပြုမှုလို့လည်း ပြောလို့ရပါတယ်။ စမ်းသပ်မှုတွေများစွာပြုလုပ်ပြီးတဲ့နောက် Insect-Hybrid Robot အမျိုးအစားကို မြေပြင်မှာ လက်တွေ့အသုံးပြုနေတာလို့လည်း ပြောလို့ရပါတယ်။
ST PHOTO: GAVIN FOO
အခုအသုံးပြုနေတဲ့ Cyborg အင်းဆက်တွေကို Home Team Science and Technology Agency (HTX) ၊ Nanyang Technological University နဲ့ Klass Engineering and Solutions တို့က ပူးပေါင်းဖန်တီး ထားတာလို့လည်း သိရပါတယ်။ SCDF အနေနဲ့ လူအင်အား ၈၀၊ ရှာဖွေရေးခွေး (၄) ကောင်နဲ့အတူ မတ်လ (၂၉) ရက်နေ့က မြန်မာနိုင်ငံကိုလာရောက်ကူညီပေးခဲ့ပြီး HTX Team နဲ့ Klass Engineering and Solutions အဖွဲ့တွေကတော့ Cyborg အင်းဆက်တွေနဲ့အတူ မတ်လ (၃၀) ရက်နေ့မှာ ရောက်ရှိလာခဲ့ တာဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အသုံးပြုခဲ့တဲ့ Cyborg တွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို မတွေ့ပေမယ့် လူကိုယ်တိုင် ဝင်ရောက်ဖို့ ခက်ခဲတဲ့နေရာတွေမှာ အသေးစိတ်ရှာဖွေဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေကို အထောက်အကူ အများကြီးပေးခဲ့ပါတယ်။
Cyborg အင်းဆက်အနေနဲ့အသုံးပြုထားတဲ့ ပိုးဟပ်ကောင်လေးတွေကို အရွယ်အစား (၆) စင်တီမီတာ အရှည်ရှိပြီး ကင်မရာနဲ့ ဆင်ဆာတွေကို ကျောပိုးအိတ်ပုံစံနဲ့ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ အရွယ် အစားသေးငယ်တဲ့အတွက် ကျဉ်းမြောင်းတဲ့နေရာတွေနဲ့ အပျက်အစီးတွေကြားထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး သူတို့ရဲ့ဦးနောက်ကို Bio-Electrode အသုံးပြုပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တယ်လို့လည်း သိရပါတယ်။ Cyborg အင်းဆက်တွေပေးပို့လာတဲ့ ကင်မရာနဲ့ ဆင်ဆာတွေကတစ်ဆင့် ပေးပို့လာတဲ့အချက်အလက် တွေဟာ Machine-learning algorithm ကိုအသုံးပြုထားပြီး အသက်ရှင်ကျန်တဲ့သူရှိမရှိကို အတည်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ST PHOTO: GAVIN FOO
ဒီ Cyborg အင်းဆက် ပိုးဟပ်တွေကို ၂၀၂၄ ခုနှစ် ဧပြီလမှာကျင်းပတဲ့ စင်္ကာပူနိုင်ငံ Milipol Asia-Pacific and TechX Summit မှာမိတ်ဆက်ခဲ့ပြီး ၂၀၂၆ ခုနှစ်လောက်မှာ စတင်အသုံးပြုနိုင်ဖို့ အစီအစဉ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိ Research and Development အဆင့်ပဲ ရှိသေးပေမယ့် အခုလိုငလျင်ဒဏ်သင့်နေရာတွေမှာ အသုံးပြုလိုက်တာက ကယ်ဆယ်ရေး အဖွဲ့တွေ အတွက်လည်း နည်းပညာအကူအညီတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုပြီးမြန်ဆန်စေမှာ ဖြစ်ပါတယ်။