ASEAN Foundation မှ Safer Internet Day တွင် အာဆီယံလူငယ်အကြံပေးအဖွဲ့နှင့် ဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ASEAN Foundation မှ ပိုမိုလုံခြုံဘေးကင်းသော အင်တာနက် အသုံးပြုရေးနေ့ (Safer Internet Day) တွင် ​Google.org​ ၏ ပံ့ပိုးကူညီမှုနှင့် အတူ အာဆီယံလူငယ်အကြံပေးအဖွဲ့ (ASEAN Youth Advisory Group-ASEAN YAG) နှင့် ဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲသည် ASEAN Digital Literacy Programme (ASEAN DLP) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းအစီအစဥ်မှ တစ်ဆင့် လူငယ်များ၊ ဆရာများ၊ မိဘများ၊ သက်ကြီးရွယ်အိုများ၊ ရပ်ရွာခေါင်းဆောင်များနှင့် အစိုးရအရာရှိများအတွက် ဒစ်ဂျစ်တယ်စာပေ တတ်မြောက်ရေးသင်တန်းများ ပို့ချပေးခြင်းဖြင့် သတင်းမှားများနှင့် သတင်းအချက်အလက်များ မဟုတ်မမှန် ပျံ့နှံမှုကို တိုက်ဖျက်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းအစီအစဥ်သည် Safer Internet Day ၏ Together for a Better Internet” ဟူသည့် ဆောင်ပုဒ်နှင့် တစ်သားတည်းကျလျက်ရှိသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ ASEAN YAG အဖွဲ့ဝင် လူငယ် ၁၉ ဦးကို ရွေးချယ်ကာ ၎င်းတို့၏ ရပ်ရွာလူမှုအသိုင်းအဝိုင်းများတွင် ဒီဂျစ်တယ်တတ်မြောက်မှု၏ အရေးပါမှုကို အသိပညာပေးကာ ပြောင်းလဲမှုကို ဖော်ဆောင်သွားမည့် လုပ်ဖော်ဆောင်ဖက်များအဖြစ် လေ့ကျင့်သင်တန်းပေးခဲ့သည်။ ASEAN YAG အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ စီစဉ်ထားသော အသိပညာပေးလှုပ်ရှားမှု ကမ်ပိန်းကို ဖော်ဆောင်ရန်အတွက် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်များကို ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲတွင် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ထိုဆွေးနွေးပွဲတွင် Media Campaign Strategy ရေးဆွဲနည်း၊ Key Message များ ထုတ်ဖော်ခြင်း၊ အဓိက အခြေခံ လူမှုအသိုင်းအဝိုင်းနှင့် ထိရောက်စွာ ဆက်ဆံခြင်းစသည့် အကြောင်းအရာများကို ကျွမ်းကျင်သူများထံမှ လေ့လာ သင်ယူခွင့် ရရှိခဲ့ကြသည်။

ထို့ပြင် ယင်းတို့၏ မီဒီယာ နားလည်တတ်မြောက်မှု အသိပညာပေးကမ်ပိန်းကို ဒေသန္တရအဆင့်အထိ တိုးချဲ့မြှင့်တင်ကာ အာဆီယံ အသိုင်းအဝိုင်းတွင် ပိုမိုကြီးမားကောင်းမွန်သော ရလဒ်များကို ပေးစွမ်းနိုင်စေမည်ဖြစ်သည်။ ၎င်းတို့သည် အသေးစိတ်သုတေသနစာတမ်းပြုစုမှုနှင့် E-learning ပလက်ဖောင်းများတွင်လည်း အသီးသီး ပါဝင်အားဖြည့် သွားကြမည်ဖြစ်သည်။

“မနှစ်က ကျွန်တော်တို့ ရွေးချယ်ခန့်အပ်ထားတဲ့ အာဆီယံလူငယ်အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီမှာ အထင်ကြီး ရလောက်တဲ့ ဒစ်ဂျစ်တယ် တတ်မြောက်မှုဆိုင်ရာ ထိုးထွင်းသိမြင်တတ်ကျွမ်းမှု၊ ကျယ်ပြန့်တဲ့ အခြေခံလူမှုအသိုင်းအဝိုင်း ကွန်ရက်နဲ့ ချိတ်ဆက်မှုအပြင် ‌ဒေသဆိုင်ရာအကြောင်းအရာများကို နက်နက်နဲနဲ ကိုယ်စီ နားလည်သဘောပေါက်ထား ကြပါတယ်။ သတင်းမှားတွေနဲ့ သတင်းအချက်အလက်တွေ မဟုတ်မမှန် ပျံ့နှံမှုကို တိုက်ဖျက်ဖို့ သူတို့ရဲ့ အသိုင်းအဝိုင်းကိုယ်စီမှာ ဒစ်ဂျစ်တယ်တတ်မြောက်ရေး ကမ်ပိန်းတွေကို လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ဒေသတွင်းမှာ ပိုမိုဘေးကင်းတဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ နေရာတစ်ခု အကောင်အထည်ဖော် ဖန်တီးပေးနိုင်ဖို့အတွက် ဒေသအလိုက် လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျွမ်းကျင်သင်တန်းဆရာတွေက အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ASEAN Foundation ၏ Executive Director ဖြစ်သူ Dr. Piti Srisangnam က ပြောကြားခဲ့သည်။

၎င်းအစီအစဥ်ကို အကောင်အထည်ဖော်ပြီး တစ်နှစ်အကြာတွင် ASEAN Foundation သည် ဒေသတွင်း အကောင်အထည်ဖော် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်း ၁၄ ခုနှင့် အတူ ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ၈၉ ခုကို ဒေသတွင်း ကျွမ်းကျင်သင်တန်းဆရာ ၁,၀၀၀ ခန့်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အစောပိုင်းအထိ လူပေါင်း ၆၈,၀၀၀ ကျော်သည် Online နှင့် Offline ဒစ်ဂျစ်တယ်တတ်မြောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲပေါင်း ၁၃၄ ခုမှ အကျိုးကျေးဇူးများကို ခံစားခဲ့ရသည်။ ASEAN DLP သည် ၂ နှစ်တာ ကာလအတွင်း လူဦးရေ ၁၀၀,၀၀၀ ကျော်ကို အသိပညာပေး မြှင့်တင်နိုင်ရန် ရည်မှန်းထားသည်။ မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်း ၂ ခုတို့ ပူးပေါင်း၍ ကျွမ်းကျင်သင်တန်းဆရာ ၁၅၃ ဦး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ ၃,၉၆၆ ဦးကို အောင်မြင်စွာ လေ့ကျင့်ပေးနိုင်ခဲ့သည်။

ASEAN Foundation သည် Google.org မှ ထောက်ပံ့ငွေ ဒေါ်လာ ၁.၅ သန်းဖြင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးတွင် သတင်းမှားများနှင့် အခြားအွန်လိုင်းဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်သည်။

ASEAN Youth Advisory Group Regional Workshop ကို သက်ဆိုင်ရာ သတင်းအချက်အလက်ဆိုင်ရာ အာဆီယံ အကြီးတန်းအရာရှိများနှင့် လက်ထောက် ပညာရေးညွှန်ကြားရေးမှူး၊ Youth and Sports Division ၊ ASEAN Secretariat တို့က Common Room Network နှင့်အတူ Safer Internet Day အကြောင်း တက်ရောက်ဆွေးနွေးခဲ့ ကြသည်။