မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ပိုမိုတိုးတက်အောင် မြှင့်တင်နိုင်ရေးအတွက် အက်တမ် (ATOM) မှ မြန်မာငွေကျပ် သိန်းတစ်ထောင် ကူညီထောက်ပံ့ပေးခဲ့

အက်တမ် (ATOM) က မြန်မာနိုင်ငံတွင် အမျိုးသမီးဘောလုံးအားကစားကဏ္ဍ မြှင့်တင်နိုင်ရေး လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငွေသားထောက်ပံ့ကူညီမှု အနေဖြင့် မြန်မာငွေကျပ် သိန်းတစ်ထောင် (၁၀၀,၀၀၀,၀၀၀) ကို ‌ထောက်ပံ့ပေးအပ်ခဲ့သည်။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို ကြိုဆိုသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည့် အဆိုပါ ထောက်ပံ့ပေးအပ်မှု အခမ်းအနားကို အက်တမ် (ATOM) မြန်မာရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့ပြီး ထောက်ပံ့ငွေများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ခံရယူခဲ့ပါသည်။

Image: ATOM

ဘောလုံးအားကစားကို မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက နှစ်နှစ်ခြိုက်ခြိုက် ဆော့ကစားခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံအတွင်းရှိ မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ကောင်းမွန် မြင့်တက်ရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။ အက်တမ် (ATOM) ၏ ထောက်ပံ့ကူညီမှုများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ကြိုးစားအားထုတ်မှုများ ထပ်တိုးလုပ်ဆောင်နိုင်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကူညီပေးသွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာအမျိုးသမီးများ တန်းတူအခွင့်အရေးရရှိနိုင်ရေးနှင့် စိတ်ဓာတ်မြှင့်တင်နိုင်ရေးအတွက် အားကစားကဏ္ဍမှ တစ်ဆင့် ကူညီလုပ်ဆောင်ချက်များသည် မြန်မာ့လူမှုအဖွဲ့အစည်းကို ပိုမိုကောင်းမွန်နိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အက်တမ် (ATOM) ၏ ကတိကဝတ်များကိုလည်း ထင်ဟပ်ပြသလျက်ရှိပါသည်။။

အက်တမ် (ATOM) ၏ ထောက်ပံ့ကူညီမှုများသည် မြန်မာအမျိုးသမီးဘောလုံးအားကစားကို လူအများစိတ်ဝင်စားမှု ပိုမိုရရှိနိုင်ရန် တိုက်တွန်းအားပေးနေရုံသာမက ထောက်ပံ့ငွေများကို ကစားသမားများ၏ ဘောလုံးကစားစွမ်းရည် မြှင့်တင်နိုင်ရေး လိုအပ်သည့် လေ့ကျင့်မှုများလုပ်ဆောင်ရန်နှင့် အရင်းအမြစ်များရရှိနိုင်ရေးအတွက် ခွဲဝေအသုံးပြုသွားမည်ဖြစ်သည်။

Image: ATOM

“ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ပိုမိုမြင့်တက်အောင် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် မြန်မာငွေကျပ် သိန်းတစ်ထောင် ပေးအပ်ခွင့်ရတဲ့အပေါ် အလွန် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) က အမျိုးသမီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးရရှိရေး ကူညီလုပ်ဆောင်ပေးဖို့က အရေးကြီးတယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီထောက်ပံ့ကူညီမှုအစီအစဉ်တွေက အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေးတွေ ဘောလုံးအားကစားလောကမှာ ပိုမို ပါဝင်နိုင်ပြီး  သူတို့ရဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ခွင့် ရနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ကူညီပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့သည်။

ယခုကူညီထောက်ပံ့မှုများသည် အက်တမ် (ATOM) အနေဖြင့် မြန်မာနိုင်ငံတွင် လတ်တလောလုပ်ဆောင်နေသည့် လူမှုအဖွဲ့အစည်းတိုးတက်ရေးလုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ အက်တမ် (ATOM) သည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ပိုမိုတိုးတက်လာနိုင်ရေး ထောက်ပံ့ကူညီသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။