အက်တမ် (ATOM) က လူငယ်များ၏ နည်းပညာစွမ်းရည်ကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများအား မတည်လှူဒါန်းခဲ့

အက်တမ် (ATOM) ၏ “ပညာရေး နှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း” လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ အဓိကလိုအပ်နေသော ကျောင်း (၄) ကျောင်းသို့ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများ (ICT Labs) ကို အက်တမ် (ATOM) မှမတည်လှူဒါန်းသွားမည်ဖြစ်သည်။

စုစုပေါင်း မြန်မာငွေ (၅၈,၃၁၉,၂၀၀) ကျပ် တန်ဖိုးရှိသော ယခုလှူဒါန်းမှုတွင် စွမ်းဆောင်ရည်မြင့်မားသော လက်ပ်တော့ပ်များ၊ ကွန်ပျူတာဆော့ဖ်ဝဲ၊ အများသုံးအင်တာနက်စက်များနှင့် အခြား နည်းပညာသုံးပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

Image: ATOM

ကျောင်း (၄) ကျောင်း၏ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်းများ (ICT Labs) သည် ကျောင်းသူကျောင်းသား စုစုပေါင်း (၅,၈၀၀) ကျော်အား ကွန်ပျူတာစနစ်နှင့် နည်းပညာပစ္စည်းများကို အသုံးပြု၍ နည်းပညာများကို လက်လှမ်းမှီစွာ လေ့လာသင်ယူနိုင်ရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တတ်မြောက်မှု၊ ပြဿနာများ ဖြေရှင်းနိုင်မှုနှင့် ‌ဝေဖန်တွေးခေါ်နိုင်မှု စွမ်းရည်များ တိုးတက်လာနိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်သည်။ အဆိုပါစွမ်းရည်များ ရရှိလာသည့်အပြင် လေ့လာသင်ယူမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည့် အွန်လိုင်းနည်းပညာကိရိယာများကို အသုံးပြုနိုင်ခြင်းကြောင့် ကျောင်းသူကျောင်းသားများ အနေဖြင့် အနာဂတ်ပညာ‌ရေးနှင့် အလုပ်အကိုင်ရရှိရေးတို့တွင် ပိုမိုကောင်းမွန်သော အခွင့်အရေးနှင့် အလားအလာကောင်းများကို ရရှိပိုင်ဆိုင်လာနိုင်မည် ဖြစ်ပါသည်။

အက်တမ် (ATOM) သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တည်ရှိသော ကျောင်းသူကျောင်း သားပေါင်း (၁,၁၀၀) ကျော် ရှိသည့် သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်း တွင် ပထမဆုံး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်း (ICT Lab) အား ယနေ့ စတင်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းရန် ကျန်ရှိသော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်း သုံးခုကိုလည်း ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျာမင်း ပရဟိတစာသင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ  သောကြာကြယ် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊  နေပြည်တော်မြို့၊ လယ်‌‌ဝေး မြို့နယ်ရှိ စမတောင် မိဘမဲ့ကလေးဂေဟာကျောင်းများတွင် လာမည့် ခြောက်လအတွင်း အသီးသီး ထပ်မံ မတည်လှူဒါန်းသွားမည်ဖြစ်သည်။

Image: ATOM

အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းပိုင်ကျော်က “ရွေးချယ်ထားတဲ့ ကျောင်း (၄) ကျောင်းအတွက် သူတို့ရဲ့ ကျောင်းသူကျောင်းသားတွေကို သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ သင်တန်းတွေ ပို့ချတဲ့နေရာမှာ ကျွန်တော်တို့ အက်တမ် (ATOM) က တစ်တပ်တစ်အား ပါဝင်ထောက်ပံ့ပေးရတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက် နည်းပညာသုံး ပစ္စည်းတွေပါဝင်တဲ့ စာသင်ခန်းတွေ မတည်လှူဒါန်းခြင်းက ပညာရေးကဏ္ဍ တိုးတက်စေရန်ဆိုတဲ့  အက်တမ် (ATOM) ရဲ့ ကတိကဝတ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ ထောက်ပံ့မှုတွေလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်စေဖို့ နည်းပညာဆိုင်ရာ ပညာရေးပိုင်းကို မြှင့်တင်ပေးပြီး အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။

အက်တမ် (ATOM) က သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများပါဝင်သည့် စာသင်ခန်းများ လှူဒါန်းရန်အတွက် ကျောင်း (၇) ကျောင်း၏ ပကတိအခြေအနေများကို လေ့လာစစ်ဆေးခဲ့ပါသည်။ လိုအပ်သည့် အခြေခံအကဲဖြတ်မှုစံနှုန်းများတွင် ကျောင်း၏ တည်နေရာများကို စစ်တမ်းကောက်ယူခြင်း၊  သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ သင်ကြားနိုင်သည့် ကျောင်းသူကျောင်းသားများ၏ အသက်အရွယ်နှင့် သင့်လျော်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်းများ ပေးအပ်မည့် ကျောင်း၏ သမိုင်းကြောင်းနှင့် အနာဂတ်တွင် ကျောင်းသူကျောင်းသားများအား သင်တန်းများပေးရန်အတွက် ချမှတ်ထားသည့် ကျောင်း၏ ကတိကဝတ်များ အစရှိသည့် အချက်များ ပါဝင်ပါသည်။ ထို့အပြင် ကျောင်းများတွင် ဘုန်းတော်ကြီးကျောင်း သို့မဟုတ် လူမှုဖူလုံရေးမှတ်ပုံတင်ထားခြင်း ရှိမရှိ စသည့် စည်းမျဥ်းစည်းကမ်းဆိုင်ရာ အချက်များကိုလည်း ထည့်သွင်းစစ်ဆေးခဲ့ပါသည်။

Image: ATOM

ထို့ကဲ့သို့ အဆင့်ဆင့် စစ်ဆေးအကဲဖြတ်ပြီးနောက်တွင် အသင့်တော်ဆုံး ကျောင်း (၄) ကျောင်းအား အက်တမ် (ATOM) မှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများအား မတည်လှူဒါန်းသွားမည့် ကျောင်းများအဖြစ် ရွေးချယ်ခဲ့ပါသည်။ အဆိုပါ စာသင်ခန်းတိုင်းတွင် လက်ပ်တော့ (၁၀) လုံးနှင့် ကွန်ပျူတာသုံး mouse (၁၀) လုံး၊ ကွန်ပျူတာသုံး ပုံနှိပ်စက်နှင့် မိတ္တူစက် (၁) လုံး၊ လျှပ်စစ်ဗို့အားထိန်းစက် (၁) လုံးနှင့် ငွေပေးချေပြီး အင်တာနက်အသုံးပြုနိုင်သော ATOM အများသုံး ကြိုးမဲ့ အင်တာနက်စက် (၂) လုံးတို့ ပါဝင်သွားမည်ဖြစ်သည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများအား တပ်ဆင်တည်ဆောက်ခြင်းအား စေတနာ့ဝန်ထမ်းများအဖြစ် ကူညီပေးသွားမည့် အက်တမ် (ATOM) ဝန်ထမ်းများမှ တာဝန်ယူ လုပ်ကိုင်သွားမည်ဖြစ်သည်။ အယောက် (၂၀) ခန့်ရှိသော အက်တမ် (ATOM) ၏ စေတနာ့ဝန်ထမ်းများသည် တစ်ကျောင်းစီသို့ သွားရောက်လည်ပတ်၍ ကျောင်းသူကျောင်းသားများအတွက် အသိပညာ ဗဟုသုတ မျှဝေခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်များတွင် အခြေခံ ကွန်ပျူတာအသုံးပြုနည်းများ၊ Microsoft အက်ပလီကေးရှင်းများ အသုံးပြုပုံများ၊ အွန်လိုင်းအချက်အလက် ရှာဖွေခြင်းနှင့် အီးမေးလ်အသုံးပြုပုံများ၊ အွန်လိုင်းပေါ်တွင် လုံခြုံစွာ နေထိုင်အသုံးပြုရန် နည်းလမ်းများနှင့် အွန်လိုင်းပေါ်တွင် အလုပ်အကိုင်ရှာဖွေခြင်း နည်းလမ်းများ အစရှိသည်တို့ကို မျှဝေပေးသွားမည်ဖြစ်သည်။