အူရီဒူးမြန်မာမှ Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ ၏ နောက်ဆုံးအဆင့် ဆုရရှိသူ ၄၀ ဦးအား ကြေညာ

အူရီဒူးမြန်မာမှ ပံ့ပိုးပေးထားသည့် Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ သည် ICT နည်းပညာ၊ ခေါင်းဆောင်မှု၊ စီမံကိန်းများ စီမံခန့်ခွဲမှုသင်တန်းများပေးအပ်ခြင်း စသည့် အစီအစဉ်၏ ပထမပိုင်းနှင့် ဒုတိယပိုင်းများအပြီးတွင် အစီအစဉ်တွင်ပါဝင်သည့် အမျိုးသမီးငယ်များမှ မိမိတို့လူမှု ပတ်ဝန်းကျင်အသီးသီး၏ လိုအပ်ချက်များအပေါ်အခြေခံ၍ရေးဆွဲထားသည့် လူမှုဝန်းကျင် ဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ စီမံကိန်းများအား တင်ပြယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးအဆင့် ဆုရရှိသူ အမျိုးသမီးငယ် (၄၀) ဦးကို ကြေညာလိုက်ပါသည်။

အူရီဒူးမြန်မာမှ ဆုရရှိသူများအားလုံးကို လက်ပ်တော့အသစ်တစ်လုံးစီနှင့် သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း (၁၂၀) ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 

Image: Ooredoo

Tech Age Girls သည် အသက် ၁၆ နှစ်မှ ၂၀နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို ခေါင်းဆောင်မှုနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကို ကောင်းစွာအသုံးချ ဆောင်ရွက်နိုင်စေရန် အရည်အသွေးမြှင့်တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အစီအစဉ်ကို အပိုင်း (၃) ပိုင်း ခွဲခြားထားပြီး ပထမပိုင်းတွင် ICT ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားခြင်း၊ ဒုတိယပိုင်းတွင် ခေါင်းဆောင်မှု၊ လုပ်ငန်းခွင်တွင် အသုံးပြုနိုင်မည့် စွမ်းရည်များ (job skills) နှင့် စီမံကိန်း စီမံခန့်ခွဲမှုနှင့် အမျိုးသမီးများ၏ ရပိုင်ခွင့်များ စသည်တို့ကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် တတိယပိုင်းတွင် ခေါင်းဆောင်မှုထိပ်သီးအစည်းအဝေး (Leadership Summit) ၊ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊  အစီရင်ခံခြင်းနှင့် အကဲဖြတ်ခြင်းများ ပါဝင်သည်။

Tech Age Girls မြန်မာ အစီအစဥ် ၂၀၂၂-၂၀၂၃ ကို မတ်လ ၂၀၂၂ တွင် စတင်ခဲ့ပြီး မတ်လ ၂၀၂၃ တွင် ပြီးဆုံးမည်ဖြစ်သည်။ ၎င်းအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသအသီးသီးမှ အထူးသဖြင့် ကျေးလက်ဒေသများမှ အမျိုးသမီးငယ် ၂၂၀ ဦိး ပါဝင်ခဲ့ပါသည်။

ပါဝင်သူအားလုံးသည် ၎င်းတို့၏ စီမံကိန်းများကို တင်ပြခဲ့ကြပြီး နောက်ဆုံးအဆင့် ဆုရရှိသူ ၄၀ဦးကို စိစစ်ရွေးချယ်ရာတွင် –

  • လူမှုဝန်းကျင်၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားတင်ပြနိုင်ခြင်း
  • တာဝန်ရှိ ပုဂ္ဂိုလ်/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
  • ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးချခြင်း
  • စီမံကိန်းများရေးဆွဲရာတွင် ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးနိုင်စွမ်းရှိခြင်းနှင့်
  • တင်ဆက်မှုစွမ်းရည်များ စသည့်မူများနှင့်အညီ ရွေးချယ်ခဲ့သည်။

အနိုင်ရရှိသည့် စီမံကိန်းများသည် ICT ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ ဗဟုသုတများ ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာများ၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ၊ စွန့်ဦး တီထွင်လုပ်ငန်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှု၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာ ပေးမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အနုပညာအစီအစဉ်၊ ကျားမရေးရာ တန်းတူ ညီမျှမှုဆိုင်ရာ အသိပညာမျှဝေခြင်း စသည်တို့ အပါအဝင် လူ့အဖွဲ့အစည်းများအတွက် ကဏ္ဍအသီးသီး တိုးတက်စေရေးတို့ အဓိကပါဝင်သည်။  

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၄ ရက်နေ့အထိ ကျင်းပလျက်ရှိသော Leadership Summit အပြီးတွင် ဆုရရှိခဲ့သည့် စီမံကိန်းတစ်ခုစီကို သက်ဆိုင်ရာလူမှုအသိုင်းအဝိုင်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်းများတွင် ဆုရှိသူ ၄၀ ဦးသည် Leadership Summit တွင်  သက်ဆိုင်ရာလူမှုဝန်းကျင်အသီးသီး၌ ၎င်းတို့အကြံပြုထားသော စီမံကိန်းများကို ဆောင်ရွက်ရန် အတွက် လိုအပ်သော လမ်းညွှန်မှု၊ ဗဟုသုတများနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို ရရှိနိုင်မည်ဖြစ်ပါသည်။ Leadership Summit တွင် ခေါင်းဆောင်မှုနှင့် စပ်လျဉ်း၍ ရှိသင့်ရှိထိုက်သည့် အရည်အသွေးများ၊ မိမိတို့၏ ကိုယ်ပိုင်အခွင့်အလမ်းများကိုဆုပ်ကိုင်ပြီး တိုးတက်အောင်လုပ်နည်း၊ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ပုံ၊ နိုင်ငံခြားတွင် ပညာသင်ကြားနိုင်ရန် ဗဟုသုတမျှဝေခြင်း၊ ထိရောက်သော presentation တင်ဆက်မှုနှင့် ဖန်တီးမှုဆိုင်ရာ ကိရိယာများအား လေ့ကျင့် သင်ကြားခြင်း၊ ထိရောက်သော CV ရေးသားခြင်းနှင့် အင်တာဗျူးလုပ်ဆောင်ခြင်း နည်းပညာများ မျှဝေခြင်းနှင့် အမျိုးသမီးငယ်လေးများအား ပိုမိုကောင်းမွန်သော ဘဝဆုံးဖြတ်ချက်များ ချမှတ် နိုင်စေရန်နှင့် ၎င်းတို့၏လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကို သက်ရောက်မှု ရှိသည့် ကိစ္စရပ်များအတွက် အသိပညာပေးခြင်းတို့ဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ဆောင်ရွက် သည့် Resilience for Youth Leaders Program တို့ ပါဝင်မည်ဖြစ်သည်။ 

အူရီဒူးမြန်မာသည် Tech Age Girls အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှစတင်ပြီး အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်စက်ပစ္စည်းများဖြင့် ပံ့ပိုးပေးခဲ့သည်။ အဆိုပါအစီအစဉ်၏ ထိရောက်မှုကို တွေ့မြင် ရသောကြောင့် အူရီဒူးမြန်မာသည် ၂၀၁၉ ခုနှစ်တွင် Main Sponsor ဖြစ်လာပြီး ၂၀၂၀ ခုနှစ်တွင် ၎င်း၏ ပံ့ပိုးကူညီမှုအားတိုးမြှင့်ပြီး ပါဝင်သူဦးရေကို နှစ်ဆတိုးမြှင့်လက်ခံခဲ့သည့်အတွက် Tech Age Girls Myanmar ၂၀၂၀-၂၁ အစီအစဥ် နှင့် Tech Age Girls Myanmar ၂၀၂၂-၂၃အစီအစဉ်တို့တွင် မိန်းကလေး ၂၀၀ ကျော် နှစ်စဉ် ပါဝင်ခွင့်ရရှိခဲ့သည်။