အက်တမ် (ATOM) မှ ကလေးငယ် (၅၀၀) ကျော်၏ ပညာရေးကို ထောက်ပံ့နိုင်ရန် ရန်ကုန်တိုင်း၊ ဘုရားကြီးကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် မူကြိုကျောင်းဆောင် ဆောက်လုပ်လှူဒါန်း

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးလျက်ရှိသည့် အက်တမ် (ATOM) သည် ပညာရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာရှိ မင်္ဂလာတိုက်ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မူကြိုကျောင်းဆောင် ဆောက်လုပ်ရန် မြန်မာငွေကျပ်သန်းပေါင်း (၁၅၀) ခန့် (ကိန်းဂဏန်းအားဖြင့် ၁၅၀,၀၀၀,၀၀၀ ကျပ်) ကို လှုဒါန်းမှုပြုလုပ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့သော ကျောင်းဆောင်ဆောက်လုပ်ရေးသည် ယခုအချိန်တွင် ပြီးမြောက်သွားပြီဖြစ်ပြီး ယခုကျောင်းဆောင်သစ်မှတစ်ဆင့် ကလေးငယ်ပေါင်း (၅၀၀) ကျော်၏ မူလတန်းကြိုပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရည်ရွယ်ပါသည်။

Image: ATOM

ယခုလှူဒါန်းမှုသည် အက်တမ် (ATOM) ၏ ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်လျက်ရှိသည့် တာဝန်သိ လူမှုအကျိုးပြု (Corporate Social Responsibility) အစီအစဉ်တစ်ခုဖြစ်သော ‘လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ ကဏ္ဍအောက်ရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။  ယခု ‘လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ ကဏ္ဍ၏ရည်မှန်းချက်သည် ကျေးလက်ဒေသများတွင် အဓိကလိုအပ်ချက်ဖြစ်သည့် ပညာရေးအတွက် အခြေခံအဆောက်အဦများ  ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကလေးငယ်များအတွက် ကောင်းမွန်သော မူလတန်းကြိုပညာရေးကို ရရှိသင်ကြားနိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။

ယခု မူကြိုကျောင်းဆောင်သစ်သည် အတိုင်းအတာအားဖြင့် ပေ (၅၀) x ပေ (၈၀) ခန့်ရှိပြီး ကျေးရွာတွင်းနှင့် ကျေးရွာအနီးပတ်ဝန်းကျင်ရှိ အသက်နှစ်နှစ်နှင့်အထက် ကလေးငယ်များ၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ယခင်ကဆိုလျှင် ကလေးငယ်များ၏ မိဘများသည် ၎င်းတို့၏သားသမီးများကို မူကြိုကျောင်းသို့ပို့ဆောင်ရာတွင် အလွန်ကွာဝေးသည့်နေရာအထိ လိုက်လံပို့ဆောင်ရခြင်းကြောင့် ခရီးလမ်းအခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုကျောင်းဆောင်သစ်သည်  လုံခြုံနွေးထွေးပြီး စိတ်ချရသည့်ပတ်ဝန်းကျင်ဖြစ်သည့် မိမိနေထိုင်ရာရပ်ရွာအတွင်းမှာပင် တည်ရှိသောကြောင့် မူလတန်းကြို အခြေခံပညာရေးကို အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်မည်ဖြစ်သလို အလုပ်လုပ်နေရသောမိဘများအနေနှင့်လည်း ၎င်းတို့၏ကလေးများအတွက် စိတ်အေးချမ်းမှုကို ရရှိစေပါသည်။

Image: ATOM

“ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝိုင်းကို အဆင့်မြှင့်တင်ပေးဖို့အတွက် စဉ်ဆက်မပြတ် အမြဲကြိုးစားအားထုတ်လျက်ရှိတာကြောင့် အခုလိုမျိုး ဘုရားကြီးကျေးရွာမှာ မူကြိုကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်းက လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအပေါ်ထားရှိတဲ့ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ကတိကဝတ်ကို မီးမောင်းထိုး ပြသလိုက်သလိုပါပဲ။ ကလေးငယ်တွေအတွက် လုံခြုံနွေးထွေးပြီး စိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးလိုက်တာကြောင့် သူတို့လေးတွေရဲ့အနာဂတ် ထွန်းတောက်အောင်မြင်ဖို့အတွက် ကျွန်တော်တို့က အခြေခံအုတ်မြစ် ချပေးလိုက်သလို ခံစားရပါတယ်။ အခုလို ကျောင်းဆောင်သစ်ကို လာရောက်ကြည့်ရှုတဲ့အခါမှာ ရပ်ရွာထဲက ကလေးငယ်တွေရဲ့ ပညာရေးခရီးလမ်းကြီးကို ဒီကျောင်းဆောင်သစ်ကြီးက တထောင့်တနေရာကနေ ဖြည့်ဆည်းပေးနိုင်ခဲ့တာကို မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့ အက်တမ် (ATOM) တစ်ဖွဲ့လုံး ဝမ်းသာပီတိဖြစ်ရပြီး ကြည်နူးမိပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က လှူဒါန်းမှုနှင့်ပတ်သက်၍ ယခုလို ဝေမျှပြောကြားခဲ့သည်။

မင်္ဂလာတိုက်ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှ ကျောင်းထိုင်ဆရာတော် အရှင်ဘဒ္ဒန္တ ပညာနန္ဒ က “ရွာထဲက ကလေးတွေအတွက် အရေးပါတဲ့  မူလတန်းကြိုပညာရေးကို သင်ကြားနိုင်ဖို့ကို လုပ်ဆောင်ပေးခဲ့တဲ့ အက်တမ် (ATOM) ရဲ့ စေသနာသဒ္ဒါတရားကြီးမားတဲ့ ယခုလှူဒါန်းမှုအတွက် ဘုန်ဘုန်းတို့က ရင်ထဲကနေ အရမ်းကို ကျေးဇူးတင်နေပါတယ်။ ဘုရားကြီးကျေးရွာက ကလေးငယ်တွေကလည်း အရင်ကလိုမျိုး မူကြိုကျောင်းကိုသွားဖို့အတွက် အဝေးကြီးသွားစရာမလိုတော့ဘဲ ကိုယ့်ရပ်ကိုယ်ရွာမှာပဲ လုံခြုံပြီး စိတ်အေးအေးချမ်းချမ်းနဲ့ စာသင်လို့ရအောင် ကျောင်းဆောင် ဆောက်လုပ်ပေးတဲ့ အက်တမ် (ATOM) ကို ကျေးဇူးအများကြီးတင်ပါတယ်။ အက်တမ် (ATOM) ရဲ့လှူဒါန်းမှုက အခုလက်ရှိ မျိုးဆက်တွေအတွက် အဆင်ပြေသွားတာတင်မဟုတ်ပဲ ဘုန်းဘုန်းတို့ကျေးရွာရဲ့ အနာဂတ်မျိုးဆက်တွေအထိတောင် ဒီကျောင်းဆောင်က ပေးတဲ့ အကျိုးသက်ရောက်မှုကောင်းတွေ ဆက်လက်တည်ရှိနေဦးမှာပါ” ဟု ပြောကြားခဲ့ပါသည်။

Image: ATOM

မကြာခင် ရောက်ရှိလာတော့မည့် မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်ကာလအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အက်တမ် (ATOM) မှ လှူဒါန်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျောင်းဆောင်သစ်လွှဲပြောင်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အက်တမ် (ATOM) ၏ စေတနာ့ဝန်ထမ်းများသည် ဘုရားကြီးကျေးရွာမှ ကလေးငယ်များနှင့်အတူတူ ဂိမ်းကစားခြင်း၊ နေ့လည်စာများ ကျွေးမွေးခြင်းနှင့်  ကလေးငယ်များအတွက် ကျောင်းသုံးလွယ်အိတ်များ၊ ဘောပင်များ၊ ရောင်စုံဖယောင်းများနှင့် ဆေးရောင်ခြယ်စာအုပ်များ အစရှိသည့် လက်ဆောင်များလည်း ပေးအပ်ခဲ့ရာ ကလေးငယ်များ ပျော်ရွှင်ခဲ့ကြပါသည်။ ထို့အပြင် Trust Oo Co., Ltd (အက်တမ်၏ တယ်လီကျန်းမာရေး မိတ်ဖက်ပါတနာ) ၏ Brand Ambassador ဖြစ်သူ ဒေါက်တာစိမ့်မှလည်း ကလေးငယ်များနှင့် မိဘများအတွက် တကိုယ်ရည်သန့်ရှင်းရေး ထိန်းသိမ်းခြင်း၏ အရေးပါပုံနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။

အက်တမ် (ATOM) သည် “မျှဝေခံစား အက်တမ်၏နှလုံးသား” ဆောင်ပုဒ်အောက်၌ လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများစသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက်များနှင့်အညီ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိသည်။ အက်တမ် (ATOM) အနေဖြင့် ထိုလူမှုအကျိုးပြုလုပ်ငန်းများအတွက် စုစုပေါင်း မြန်မာငွေကျပ် (၂,၂၇၄) သန်းကို ပံ့ပိုးကူညီပေးခဲ့ရာ မြန်မာပြည်သူပြည်သား (၃၄၆,၅၂၀) ဦးရေ၏ လူနေမှုဘဝများကို ကောင်ကျိုးများသက်ရောက်စေခဲ့ပါသည်။

Image: ATOM

လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အောက်တွင် ကျောင်းသားကျောင်းသူဦးရေ (၂,၆၀၃) ကျော် ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် မိဘမဲ့ကလေးဂေဟာ (၈) ကျောင်း၏ သင်ကြားမှုပတ်ဝန်းကျင်အခြေအနေများကို အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။ အဆိုပါလှူဒါန်းမှုများမှတစ်ဆင့် ဘေးကင်းပြီး အရည်အသွေးပြည့်ဝသော သင်ကြားရေးပတ်ဝန်းကျင်ကောင်းများကို ရရှိစေရန် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် အနာဂတ်အလားအလာကောင်းများကို အပြည့်အဝ‌ရရှိပိုင်ဆိုင်စေပါသည်။

မကြာသေးမီ ၂၀၂၄ ခုနှစ်၊ မတ်လတွင်လည်း အက်တမ် (ATOM) က ကျောင်းသားကျောင်းသူ (၅၀၀) ကျော်၏ ပညာသင်ကြားရေးနှင့် နေထိုင်ရေးတို့ကို အထောက်အပံ့ပေးနိုင်ရန်အတွက်  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ပလံဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အမျိုးသမီးအဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ အဆိုပါ အဆောင်သစ်အတွက် စုစုပေါင်း မြန်မာငွေကျပ်သန်း (၁၈၀) အကုန်အကျခံကာ ဆောက်လုပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလတွင်လည်း အက်တမ် (ATOM) က Madrasah Arabia Anwarul-Uloom အစ္စလာမ်ဘာသာဝင်မိဘမဲ့ကလေးများ ပရဟိတ ယဉ်ကျေးလိမ္မာသင်တန်းကျောင်းကို မြန်မာငွေကျပ် (၉၀) သန်းကျော် တန်ဖိုးရှိ အထူးပြုလုပ်ထားသည့် အဝတ်အစားဘီရိုများ၊ စာအုပ်စင်များ၊ စတီးစားပွဲများ၊ ကျွန်းဆက်တီခုံများ၊ ရေခဲသေတ္တာများနှင့် 30 KVA ဒီဇယ် မီးစက်တစ်လုံးစသည်တို့ကို ကျောင်းသားကျောင်းသူပေါင်း (၃၅၀) ကျော်အတွက် သင်ကြားရေးအခြေအနေများနှင့် လက်တွေ့အသုံးပြုနိုင်ရန်ရည်ရွယ်ချက်ဖြင့် လှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။