အက်တမ် မြန်မာ (ATOM Myanmar) ၏ လုပ်ငန်းပိုင်ဆိုင်မှုအပြောင်းအလဲနှင့်ပတ်သက်၍ ကြေညာခြင်း၊ မရှိမဖြစ် လိုအပ်သော တယ်လီကွန်းအဖွဲ့အစည်းအဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိကဝတ်ပြု

အက်တမ်မြန်မာလီမိတက် (ATOM Myanmar Limited) ၏ ရှယ်ယာအများစုကိုပိုင်ဆိုင်ထားသည့် Investcom PTE Ltd. တွင် ရှယ်ယာထည့်ဝင်ထားသော ရွှေဗျိုင်းဖြူလုပ်ငန်းစုကို ရင်းနှီးမြှုပ်နှံမှုမှ ပယ်ဖျက်လိုက်ကြောင်း၊ ထို့အပြင်  ၎င်းတို့ကို ဒါရိုက်တာဘုတ်အဖွဲ့မှ ထုတ်ပယ်လိုက်ပြီး Myancom Holding Ltd. သို့ ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရှယ်ယာများကို အပြီးတိုင် လွှဲပြောင်း လိုက်ကြောင်းကို  ယနေ့တွင် သတင်းထုတ်ပြန်ကြေညာလိုက်ရပါသည်။

တဆက်တည်းမှာပင် အက်တမ် (ATOM) သည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးအခြေခံအုတ်မြစ်ဖြစ်သည့် တယ်လီကွန်းဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန်အတွက် စားသုံးသူနှင့် လူ့အခွင့်အရေးကို ထောက်ခံအားပေးကာ ပိတ်ဆို့အရေးယူမှုများမှ ကင်းလွတ်ပြီး အလုံးစုံသောတည်ဆဲဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်သည့် လွတ်လပ်သောအဖွဲ့အစည်းအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်။

အက်တမ်မြန်မာ (ATOM Myanmar) အနေဖြင့် အစဉ်တစိုက် အားပေးနေလျက်ရှိသော အသုံးပြုသူ customer များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအား အများနှင့်မတူ ထူးခြားကောင်းမွန်သောအရည်အသွေးနှင့် နောက်ဆုံးပေါ် ဝန်ဆောင်မှုများကို ဆက်လက်၍ ပေးအပ်သွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာကျင့်သုံးလျက်ရှိသော အကောင်းဆုံးလုပ်ဆောင်ချက်များနှင့်အညီ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာလိုအပ်ချက်များကို တင်းကျပ်စွာ လိုက်နာရန် ရည်မှန်းထားပါသည်။ လုပ်ငန်း၏ ရှေ့ဆက်လုပ်ကိုင်သွားမည့်လုပ်ငန်းစဉ်များအပေါ်မှာလည်း ဤအတွေးအမြင်များကို နှလုံးသွင်းကာ  လူမှုအသိုင်းအဝိုင်းကို ဦးစားပေး၍ (People-First) ဆိုသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်သော ဆက်သွယ်ရေးဝန်ဆောင်မှုပေးမည့် လုပ်ငန်းတစ်ခုအနေဖြင့် ဆက်လက်တည်ရှိရန်အတွက် ခိုင်မာသောကတိကဝတ်  ပြုအပ်ပါသည်။

အက်တမ် (ATOM) သည် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်းနှင့် အရေးယူပိတ်ဆို့ခံရသော  မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမှ အစုရှယ်ယာရှင်/ အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်အနေနှင့်ခန့်အပ်ထားရှိခြင်း မရှိပါကြောင်းကိုလည်း အတည်ပြုပြောကြားအပ်ပါသည်။

ဦးသိန်းဝင်းဇော်၊ ဦးဝင်းပိုင်ကျော်၊ ဒေါ်တင်လတ်မင်းတို့သည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဦးဝင်းပိုင်ကျော်သည်လည်း အက်တမ်မြန်မာ (ATOM Myanmar) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် ထိုလစ်လပ်သောရာထူးအတွက် အသစ်ထပ်မံခန့်အပ်ထားခြင်း မရှိသေးပါ။

အထက်ဖော်ပြပါ အကြောင်းအရာမှလွဲ၍ အခြားသောပြောင်းလဲမူ မရှိပါ။ အက်တမ် (ATOM) အနေဖြင့် လူနေမှုဘ၀များ တိုးတက်စေရန်နှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရန်အတွက် သင့်တင့်သော ဈေးနှုန်း၊ လုံခြုံစိတ်ချရသော ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို  လူမှုအသိုင်းအဝိုင်းပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍   ကျယ်ပြန့်စွာ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။