ATOM က မြန်မာလူငယ်များအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) ကို မိတ်ဆက်

အက်တမ် (ATOM) သည် မြန်မာနိုင်ငံအတွင်း အိုင်တီ (IT) နှင့် နည်းပညာကို စိတ်ပါဝင်စားသော လူငယ်များအတွက် ဆန်းသစ်တီထွင်သော ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ် ဖြစ်သည့် နည်းပညာသင်တန်းအစီအစဉ် (TTP) ကို ဩဂုတ်လ ၂၉ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
သင်တန်း ကြာချိန်သည် တစ်နှစ်ဖြစ်ပြီး အနာဂတ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်နေသော လူငယ်များ ၏ ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် အဆင်သင့်ဖြစ်စေနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။

Photo Source https://www.atom.com.mm/my

TTP သင်တန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းနှင့် စွမ်းရည်များကို မြှင့်တင်ပေးရန် ဖြစ်သောကြောင့် လတ်တလော ဘွဲ့ရထားသူများ၊ တက္ကသိုလ် တတိယနှစ် သို့မဟုတ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သူများ (အတွေ့အကြုံ ၂ နှစ်ခန့်ရှိသူများ) ယခု သင်တန်းတွင် တက်ရောက်ရန် အကောင်းဆုံးဖြစ်သည်။
ယခုသင်တန်းအစီအစဉ်တွင် တတ်ရောက်သူများသည် နောက်ဆုံးပေါ် နည်းပညာပိုင်းဆိုင်ရာ ပညာရပ်များ အိုင်တီ (IT) နှင့်ပတ်သက်သော လုပ်ငန်းခွင်သုံးပညာရပ်များအပြင် မြန်မာ့ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာ အက်တမ် (ATOM) ၏ လုပ်ငန်းခွင်ယဉ်ကျေးမှုအလေ့အထများကိုပင် လေ့လာသင်ယူနိုင်ခွင့်ရရှိကြမည်ဖြစ်သည်။
“ဒစ်ဂျစ်တယ်နဲ့ Augmented Reality က ကျွန်ုပ်တို့ရဲ့ လက်ရှိနေထိုင်မှုဘဝမှာ ပါဝင်နေပြီဖြစ်တဲ့အပြင် အနာဂတ်မှာလည်း ဆက်လက်အရေးပါနေဦးမှာပါ။ ဒါ့ကြောင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု လိုအပ်ချက်က တစ်ကမ္ဘာလုံးမှာသာမက မြန်မာနိုင်ငံမှာ လည်း မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်ရန်နဲ့ မြှင့်တင်ရန်အတွက် နည်းပညာသင်တန်းအစီအစဉ် (TTP) ကနေတစ်ဆင့် လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ပြုစုပျိုးထောင်သွားဖို့ ကတိကဝတ်ပြုပါတယ်”ဟု အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ အရာရှိချုပ် ဦးကျော်မင်းသိန်းက ပြောကြားသည်။

Photo Source https://www.atom.com.mm/my

သင်တန်းကာလအတွင်း သင်တန်းသားများသည် အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်း သင်ခန်းစာများ လက်တွေ့လုပ်ဆောင် ရမည့်အပြင် အက်တမ် (ATOM) ၏ အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော လုပ်ဖော်ကိုင်ဖက်များနှင့်ပါ တွေ့ဆုံပြီး ၎င်းတို့ထံမှ အနီးကပ် လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။ သင်တန်းသားများသည် ၎င်းတို့၏ ရလဒ်များနှင့် လုပ်ဆောင်နိုင်စွမ်း တိုးတက်မှုများကို သုံးလတစ်ကြိမ် ပြုလုပ်မည့် အရည်အချင်းပြသတင်ဆက်မှုများမှတစ်ဆင့် ဖော်ထုတ်၊ မျှဝေနိုင်မည် ဖြစ်သည်။ သင်တန်းမပြီးမီတွင် နောက်ဆုံးစစ်ဆေးမှုတစ်ခုကို ဖြေဆိုရမည်ဖြစ်ပြီး၊ အောင်မြင်သောသင်တန်းသားများကို သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သွားမည်ဖြစ်သည်။ ထူးချွန်စွာ အောင်မြင်သော သင်တန်းသားများအနေဖြင့် အက်တမ် (ATOM) တွင် အချိန်ပြည့်ဝန်ထမ်းများဖြစ်လာရန် အခွင့်အလမ်းများ ရရှိမည်လည်းဖြစ်သည်။
အက်တမ် (ATOM) ၏ LINKEDIN စာမျက်နှာမှတစ်ဆင့် ယခုအစီအစဉ်ကို ကြေညာမည်ဖြစ်ပြီး ဤသင်တန်းတွင် ပါဝင်လိုသူများသည် LINKEDIN မှ တိုက်ရိုက် သို့မဟုတ် ကိုယ်ရေးမှတ်တမ်းနှင့် ‌လျှောက်ထားရသည့် ရည်ရွယ်ချက် အကြောင်းတို့ကို ရေးသား၍ trainee@atom.com.mm သို့ တိုက်ရိုက်အီးမေးလ် ပေးပို့လျှောက်ထားနိုင်မည်ဖြစ်သည်။ ဆန်ခါတင်ရွေးချယ်ခံရသူများကိုသာ အင်တာဗျူးဖြေဆိုရန် ဆက်သွယ်ပေးမည်ဖြစ်သည်။ အက်တမ် (ATOM) သည် သင်တန်းသားအရေအတွက် (၈) ယောက် ကို ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရသောသူများသာ တစ်နှစ်ကြာ နည်းပညာ သင်တန်းအစီအစဉ် (TTP) သင်တန်းအစီအစဉ်တွင် တက်ရောက်ခွင့်ရမည်ဖြစ်သည်။