မြန်မာပြည်သူများအား Cyber Smart ဖြစ်စေရန် MCM မှ ပံ့ပိုးကူညီ

ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များသည် မြန်မာပြည်သူများအား အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ကပ်‌ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့် ခြိမ်းခြောက်ခံရမှုများမှ ကာကွယ်ပေးရန်နှင့် အကူအညီအထောက်အပံ့ကောင်းများပေးနိုင်ရန် ပူးပေါင်းလက်တွဲခဲ့ကြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးမှ ၂၀၂၀ မြန်မာဆိုင်ဘာ လုံခြုံရေးလအား ကြေညာရန် သတင်းစာရှင်းလင်းပွဲတွင် ယခုအခါ မြန်မာပြည်သူ သန်းပေါင်းများစွာသည် လူအချင်းချင်း ဆက်သွယ်ရန်နှင့် သတင်းအချက်အလက်များ၊ ဖျော်ဖြေမှုများ၊ အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ရာ တွင် နည်းပညာကို အသုံးပြုလာမှု များပြားလာသည်နှင့်အမျှ ဆိုင်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် အန္တရာယ်များနှင့် ဆိုင်ဘာကို လုံခြုံစိတ်ချရစွာ အသုံးပြုနိုင်မှုတို့သည် လွန်စွာအရေးပါလာကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။
“အခုဆိုရင် အိမ်မှာပဲနေတဲ့ စီမံချက်ကြောင့် ကျွန်တော်တို့တွေဟာ ဒစ်ဂျစ်တယ်နည်းပညာကို အရင်ကထက် ပိုပြီးတော့ အသုံးပြုလာကြပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး လူထုကို အသိပညာပေးဖို့ဟာ ခုလိုအချိန်အခါမှာ အရမ်းကိုအရေးကြီးလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မသမာသူတွေဟာ ကပ်ရောဂါကျရောက်နေတဲ့ ဒီလိုကာလ အတွင်းမှာ လူတွေရဲ့ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု နဲ့ မရေရာမသေချာမှုတွေကို အခွင့်ကောင်းယူပြီး လိမ်ညာလှည့်စား အမြတ်ထုတ်ချင်နေကြတာကြောင့်ပါ။ ဆိုက်ဘာကနေ လိမ်လည်လှည့်ဖြား နေသူတွေဟာ လိမ်လည်ဖို့ ဒါမှမဟုတ် လျှို့ဝှက်နံပါတ် နဲ့ အခြားကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို ခိုးယူဖို့အတွက် အီးမေးလ်ပေးပို့တာမျိုး၊ စာတိုပေးပို့တာမျိုးတွေ လုပ်ဆောင်လေ့ရှိပါတယ်။ သူတို့ဟာ လူတွေကို လိမ်လည်လှည့်ဖြားဖို့၊ နာမည်ဖျက်ဖို့၊ သတင်း အချက်အလက်အမှားတွေ ပေးပို့ဖို့အတွက် လူမှုကွန်ရက်မီဒီယာကိုလည်း အသုံးပြုကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေ၊ မိမိတို့အိမ်ကနေ video conferencing tool တွေ အသုံးပြုပြီး အတတ်ပညာတစ်ခုခု လေ့လာနေကြတဲ့ သို့မဟုတ် အလုပ်တွေလုပ်ကိုင်နေကြတဲ့သူတွေမှာလည်း ဆိုက်ဘာကနေတစ်ဆင့် အန္တရာယ်ကျ‌ရောက်နိုင်ခြေတွေ အရင်ကထက် ပိုများလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတူတကွ အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့စက်တွေ၊ အင်တာနက်ကွန်ရက်အသုံးပြုမှုတွေကို လုံခြုံစိတ်ချရ အောင်သုံးစွဲပြီး ကျွန်တော်တို့ရဲ့ မိသားစုတွေကို ဘေးကင်းလုံခြုံအောင် ထားရပါမယ်” ဟု ဦးရဲနိုင်မိုးမှ ပြောကြားသည်။

Photo Source https://www.facebook.com/WaveMoney

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန၊ ဌာနမှူး ရဲမှူးကြီး ညွှန့်ဝေ၏အဆိုအရ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟုသုတကင်းမဲ့မှုကြောင့် လွန်ခဲ့သည့် ၅ နှစ်အတွင်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ရာဇဝတ်မှုများဖြစ်ပွားမှုများ အလွန်အမင်းမြင့်တက်ခဲ့ကြောင်း သိရသည်။
“၂၀၁၅ ခုနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု အခု ၂၀ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု ၂၂၀ ကျော်၊ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာတော့ ၃၂၀ ကျော်နဲ့ ၂၀၁၉ မှာ ၃၇၀ ကျော်ထိ ရှိခဲ့ပါတယ်။ ဒီ ၂၀၂၀ မှာတော့ ဒီနေ့အထိက ဆိုက်ဘာရာဇဝတ်မှုပေါင်း ၅၅၀ ကျော်အထိ ရှိနေပါပြီ။ကျွန်တော်တို့နိုင်ငံမှာ ဒီနေ့အထိ Facebook အသုံးပြုသူဦးရေ ၂၃ သန်းရှိပါတယ်။ အဲဒီထဲက အများအပြားက သူတို့အကောင့်ရဲ့ password ကိုတောင် မသိကြပါဘူး။ လူတချို့က ဝက်ဘ်ဆိုက်အတု ဒါမှမဟုတ် အကောင့်အတုတွေ သုံးပြီးတော့ သူတို့ဆီကို ငွေလွှဲပေးဖို့ အလိမ်အညာတွေ လုပ်နေကြသလို အွန်လိုင်းမှာ လူကုန်ကူးတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ် ပစ္စည်းကရိယာတွေကို အသုံးပြုသူ တိုင်းနားလည်ထားရမယ့် တာဝန်ဝတ်တရားတစ်ခုလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၉ ခုနှစ်အထိတွင်မြန်မာနိုင်ငံ၌အင်တာနက်သုံးစွဲမှုသည် ရာခိုင်နှုန်း ၄၀ ရှိသည်။ ဧပြီတွင် ကပ်ရောဂါပထမလှိုင်း ကြုံတွေ့စဉ်အတွင်း အင်တာနက်အသုံးပြုမှု ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးကုမ္ပဏီများက ထုတ်ပြန်ခဲ့ကြသည်။ ဗီဒီယိုကွန်ဖရင့်ပြုလုပ်မှုနှင့် အွန်လိုင်းတွင် အကြောင်းအရာများအား ထုတ်လွှင့်မှု၊ အွန်လိုင်းမှ တစ်ဆင့် ရောင်းဝယ်ဖောက်ကားခြင်း၊ မိုဘိုင်းပိုက်ဆံနှင့်ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တို့ကို သုံးစွဲမှုများသည်လည်းသိသိသာသာ မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း Wave Money က ၎င်းတို့၏ မိုဘိုင်း ပိုက်ဆံအိတ်အသုံးပြုသူများနှင့် မှတ်ပုံတင်စာရင်းသွင်းမှုများသည် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တွင် ဂဏန်း ၃ လုံးစာ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးစွဲသူအရေအတွက်တိုးတက်မှု ၄၀၁ ရာခိုင်နှုန်းနှင့် မှတ်ပုံတင်စာရင်းသွင်းမှုအရေအတွက် ၄၂၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Wave Money ၏ အမှုဆောင်အရာရှိချုပ် Brad Jones က “Wave Money က ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး သုံးစွဲသူတွေနဲ့ အဖွဲ့အစည်းတွေကို ပညာပေးခြင်း၊ မိုဘိုင်းငွေပေးချေမှုနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတို့အတွက် ဘေးကင်းလုံခြုံပြီး တိုးတက်ကြီးပွားတဲ့ ပတ်ဝန်းကျင်ဖန်တီးခြင်းတို့ကို ကူညီပေးဖို့ တရားဝင်မိတ်ဖက်အနေနဲ့ မြန်မာဆိုက်ဘာလုံခြုံရေးလကို ပါဝင်ထောက်ပံ့ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ငွေကြေးကဏ္ဍမှာ အားလုံးပါဝင်မှုကနေ “ပိုမိုကောင်းမွန်သောမြန်မာနိုင်ငံ၏အနာဂတ်သစ်ဖန်တီးရန်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်နဲ့အတူ ဒစ်ဂျစ်တယ်တတ်မြောက်မှုက အလွန်အမင်းအရေးပါတယ်လို့ ယုံကြည်ပြီး ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးတစ်ခုအဖြစ် ဆက်ရှိနေမှာပါ” ဟု ပြောကြားခဲ့သည်။
မြန်မာဆိုက်ဘာလုံခြုံရေးလ (MCM) သည် ဆိုက်ဘာလုံခြုံရေးအသိပညာပေးမှုကို မြှင့်တင်ရန်နှင့် ပညာပေးရန်၊ အွန်လိုင်းတွင် မည်သို့ ဘေးကင်းစွာသုံးစွဲတတ်စေရန်တို့ကို ရည်ရွယ်သည့် နှစ်စဉ်ပြုလုပ်နေကျ အစီအစဉ်တစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် လနှင့်ချီပြုလုပ်သည့် အခြားဆိုက်ဘာလုံခြုံရေးအသိပညာပေးအစီအစဉ်နှင့်အတူ ထိုအစီအစဉ်ကို နှစ်စဉ် အောက်တိုဘာလတွင် ကျင်းပလျက်ရှိသည်။ ဒုတိယနှစ်ဖြစ်သည့် ယခုနှစ်တွင် MCM ကို ‘Do Your Part’ #BeCyberSmart’ အကြောင်းအရာဖြင့် ကျင်းပမည်ဖြစ်သည်။ MCM 2020 အား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဗဟိုဘဏ်၊ ကုန်သည်စက်မှုအသင်းချုပ်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဖွဲ့အစည်း၊ တရားဝင်မိတ်ဖက် Wave Money နှင့် ကော်ပိုရိတ်စပွန်ဆာများဖြစ်ကြသော Google ၊ Facebook နှင့် VISA တို့၏ ပံ့ပိုးကူညီပေးမှုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ၊ မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ US ICT Council တို့က စီစဉ်ကျင်းပခဲ့သည်။

Photo Source https://www.facebook.com/WaveMoney

US ICT Council အဖွဲ့ဝင် ကုမ္ပဏီများ၊ မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ်၊ အစိုးရနဲ့ ကော်ပိုရိတ် မိတ်ဖက်တွေနဲ့အတူ ဒီလိုမျိုးအလွန်အမင်းအရေးပါတဲ့ကာလမှာ ဆိုက်ဘာရာဇဝတ်မှုတွေကို တွန်းလှန်နိုင်တဲ့ အလေ့အထ ထူထောင်ပေးဖို့ ရည်ရွယ်တဲ့ webinar တွေ အများကြီးကို လုပ်ပေးခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။မြန်မာနိုင်ငံမှာ ဆိုက်ဘာအသိပညာပေးမှုတိုးမြှင့်ဖို့ ကျွန်မတို့မိတ်ဖက်တွေရဲ့ အခုလိုမျိုး စိတ်အားထက်သန်စွာ တုံ့ပြန်မှုနဲ့ ပါဝင် ကူညီပေးမှုတွေ ရရှိတဲ့အတွက်လည်း အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ US ICT Council မှ အမှုဆောင်ညွှန်ကြားရေးမှူး Gretchen Kunze မှ ပြောကြားသည်။
MCM ၏ Facebook စာမျက်နှာတွင် ပြုလုပ်နေဆဲဖြစ်သည့် ပညာပေးမှုအပြင် MCM မိတ်ဖက်များသည် ဆိုက်ဘာလုံခြုံရေး နှင့် ကိုယ်‌ရေးကိုယ်တာအချက်အလက်ကာကွယ်မှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုအား ဘေးကင်းစွာလုပ်ဆောင်မှု၊ Social Engineering နှင့် သတင်းအချက်အလက်အမှားများ၊ အွန်လိုင်းကူးသန်းရောင်းဝယ်မှုအတွက် ဆိုက်ဘာလုံခြုံရေး၊ အမှုဆောင်အရာရှိချုပ်များနှင့် ညွှန်ကြားရေးမှူးများအတွက် ဆိုက်ဘာလုံခြုံရေး၊ နိုင်ငံလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးမူဘောင် ထူထောင်ရေးကဲ့သို့ အကြောင်းအရာများအတွက် webinar များနှင့် အွန်လိုင်းဆွေးနွေးပွဲများစွာကို စီစဉ်လုပ်ဆောင် နေသည်။