Facebook ၏ လေးခုမြောက် ကြားခံပြင်ပအချက်အလက်စစ်ဆေးသူ မိတ်ဖက်အဖြစ် MIDO အား မိတ်ဆက်

သတင်းအချက်အလက်အမှားများ ပျံ့နှံ့မှုလျှော့ချ‌ရေး နှင့် အသိပညာ ပြည့်ဝသည့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေးအတွက် Facebook ၏ စဉ်ဆက်မပြတ်ကြိုးပမ်းမှုများ အနက်မှ တစ်ခုအနေနှင့် ‘မီဒို’ဟု လူအများ သိထားသည့် Myanmar ICT for Development Organization (MIDO) ကို Facebook ၏ လေးခုမြောက် ကြားခံပြင်ပ အချက်အလက်စစ်ဆေးသူ မိတ်ဖက်အဖြစ် မိတ်ဆက်လိုက်ကြောင်းသိရသည်။
MIDO သည် Poynter Institute ၏ ဘက်လိုက်မှုကင်းသော နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) မှ ထောက်ခံချက် ရရှိထားပြီး Facebook ပေါ်တွင် မြန်မာဘာသာဖြင့် ရေးသားထားသော အကြောင်းအရာများ၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို ဆန်းစစ်လေ့လာပြီး မည်မျှတိကျမှန်ကန်ကြောင်း အဆင့်သတ်မှတ် ပေးသွားမည် ဖြစ်သည်။

Photo Source https://bit.ly/3iYyDD4

အချက်အလက် စစ်ဆေးသူများမှ မှားနေသည်ဟု သတ်မှတ်လိုက်သည့် အကြောင်းအရာတစ်ခုမှာ သတင်းစဉ်တွင် ဖော်ပြမှု လျော့နည်းသွားမည်ဖြစ်သောကြောင့် သတင်းအမှားများ ပျံ့နှံ့ရောက်ရှိမှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။ သတင်းအမှားများကို ထပ်ဖန်တလဲလဲ မျှဝေနေသော စာမျက်နှာနှင့် domain များမှာလည်း ၎င်းတို့၏ သတင်း ပျံ့နှံ့ရောက်ရှိမှုနှုန်း လျော့ကျသွားသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ဝင်ငွေရှာဖွေခွင့်နှင့် ကြော်ငြာခွင့်တို့ ဖယ်ရှားခံရမည် ဖြစ်သည်။
အကြောင်းအရာ တစ်ခုတွင် ပြင်ဆင်ထားသည့် သို့မဟုတ် မှားယွင်းသည့် အချက်အလက်များ ပါဝင်နေသည်ဟု သတ်မှတ်လိုက်သည်နှင့် News Feed တွင် ပြသမှုကို လျှော့ချလိုက်ပါသည်။ Instagram တွင်လည်း Explorer နှင့် hashtag(#) စာမျက်နှာတွေမှာ ရှာဖွေမတွေ့ရှိနိုင်အောင် စစ်ထုတ်လိုက်ပြီး Feed တွင် ပြသသည်ကိုလည်း လျှော့ချလိုက် မည် ဖြစ်သည်။
ထပ်မံထည့်သွင်းခဲ့သော လုပ်ဆောင်မှု အသစ်မှာ အကြောင်းအရာတစ်ခုတွင် မှားယွင်းနေသော သို့မဟုတ် ပြောင်းလဲပြင် ဆင်ထားသည့် အချက်အလက်ပါဝင်နေလျှင် ထင်သာမြင်သာရှိသော အသိပေးချက်ကို ပြသပေးသွားမည် ဖြစ်သည်။ သို့မှသာ လူအများ အနေဖြင့် မည်သည့်အကြောင်းအရာကိုတော့ ဖတ်ရှုပြီး၊ ယုံကြည်သင့်သည်၊ မျှဝေသင့်သည်ကို ကိုယ်တိုင်ချင့်ချိန် ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ သတိပေးချက်များကို Instagram ၏ Stories အပါအဝင် အချက်အလက်အမှား နှင့် ပြောင်းလဲပြင်ဆင်ထားသော ဓာတ်ပုံနှင့် ဗီဒီယိုများပေါ်တွင် ပြသပေးသွားမည်ဖြစ်ပြီး အချက်အလက်စစ်ဆေးသူများ၏ သုံးသပ်ချက်ကိုပါ ဖတ်ရှုနိုင်အောင် လင့်ကိုထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

Photo Source https://about.fb.com/news/2019/10/update-on-election-integrity-efforts/

Facebook ၏ အချက်အလက်စစ်ဆေးသည့် လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး လက်ရှိ Facebook တွင် ဘာသာစကား အမျိုးအစားပေါင်း (၆၀) ကျော်နှင့် ရေးသားထားသော အကြောင်းအရာများကို စစ်ဆေးနိုင်ရန် အချက်အလက် စစ်ဆေးသူ မိတ်ဖက် အဖွဲ့အစည်းပေါင်း (၇၀) ကျော် ရှိနေပြီ ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်အတွင်း ဖြစ်နိုင်ခြေရှိသော သတင်းအမှားများကို အချက်အလက်စစ်ဆေးသူများထံသို့ အသိပေးအကြောင်းကြားရန် လိုအပ် သောကြောင့် Facebook အသုံးပြုသည့် လူမှုအသိုင်းအဝိုင်းထံမှ ဝေဖန်အကြံပြုချက်များ အပေါ်တွင်လည်း များစွာမူ တည်နေသည်။
ယခုကဲ့သို့မိတ်ဆက်လိုက်ခြင်းသည် သတင်းတု၊ သတင်းမှား လျှော့ချပြီး အသိပညာ ပြည့်ဝသည့် လူမှု အသိုင်းအဝိုင်းတစ်ခု ဖန်တီးပုံဖော်နိုင်ရေးအတွက် Facebook ၏ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှုများအနက် တစ်ခုဖြစ်သည်။