‘ကတိမှသည် လက်တွေ့လုပ်ဆောင်ချက်များဆီသို့’ အက်တမ် (ATOM) ၏ ၂၀၂၂ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွင်း လျှောက်လှမ်းခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းခရီးစဉ်

လူ​မှု​အ​ကျိုး​ပြု​အ​စီ​အ​စဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်ပြီး တာ​ဝန်​သိ ​လူ​မှု​အ​ကျိုး​ပြုအ​စီ​အ​စဉ် (Corporate Social Responsibility) များလုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူတစ်ဦးတစ်ယောက်ချင်းစီနှင့် လူမှုအသိုင်းအဝိုင်းများပေါ်တွင် ကောင်းမွန်သော အကျိုးများဖြစ်ထွန်းစေခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

အက်တမ် (ATOM) အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၉) လကြာသက်တမ်းတစ်လျှောက်တွင် လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများ စသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက်များနှင့်အညီ စုစုပေါင်း မြန်မာငွေကျပ် (၂,၂၇၄) သန်းကို ပံ့ပိုးကူညီပေးခဲ့သည်။ ထိုကဲ့သို့သော အစပျိုးလုပ်ဆောင်မှုများသည် မြန်မာပြည်သူပြည်သား (၃၄၆,၅၂၀) ဦးရေ၏ လူနေမှုဘဝများကို ကောင်းကျိုးများသက်ရောက်စေခဲ့သည်။

“ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အသုံးပြုသူ customer များရဲ့ ဘဝအားလုံးအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောင်းလဲမှုကောင်းတွေ ယူဆောင်လာနိုင်တယ်လို့ လက်ခံယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်သိလူမှုအကျိုးပြုအစီအစဉ်ဆောင်ရွက်မှုတွေဟာဆိုရင် ကုမ္ပဏီယဉ်ကျေးမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီး လူမှုအသိုင်းအဝိုင်းတွေကို ကူညီထောက်ပံ့ဖို့၊ လိုအပ်ချက်ရှိသူတွေရဲ့ ဘဝများအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောင်းလဲမှုကောင်းတွေ ဆောင်ကျဉ်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံအတွက် သာတူညီမျှရှိပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အနာဂတ်တစ်ခု ဖန်တီးပုံဖော်ပေးနိုင်ဖို့ကိုလည်း ကြိုးစားအားထုတ်သွားမယ်လို့ ကျွန်တော်တို့က ကတိကဝတ်ပြုထားပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က‌ ဝေမျှပြောကြားခဲ့သည်။

လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး

မြန်မာနိုင်ငံရှိ လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှားသည့် ပံ့ပိုးကူညီမှုများစွာကို အက်တမ် (ATOM) အနေဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ကျောင်းသားကျောင်းသူဦးရေ (၂,၆၀၃) ကျော် ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ပြီး မိဘမဲ့ကလေးဂေဟာ (၈) ကျောင်း၏ သင်ကြားမှုပတ်ဝန်းကျင်အခြေအနေများကို အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းစဉ်များအတွက် မြန်မာငွေကျပ် (၈၈၂) သန်းကို အက်တမ် (ATOM) မှ ထောက်ပံ့လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုများမှတစ်ဆင့် ဘေးကင်းပြီး အရည်အသွေးပြည့်ဝသော သင်ကြားရေးပတ်ဝန်းကျင်ကောင်းများကို ရရှိစေရန် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် အနာဂတ်အလားအလာကောင်းများကို အပြည့်အဝ‌ရရှိပိုင်ဆိုင်စေပါသည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း

အက်တမ် (ATOM) အနေဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ပိုင်းကွာဟမှုကို ပေါင်းကူးကာ နည်းပညာရရှိလက်လှမ်းမီနိုင်စေရန်အတွက် ကတိကဝတ်ပြုထားပါသည်။ Telemedicine အစပျိုးလုပ်ဆောင်မှုတစ်ရပ်အနေဖြင့် အက်တမ် (ATOM) သည်  (၂၄) နာရီ၊ ပိတ်ရက်မရှိ အခမဲ့ တယ်လီဖုန်းဖြင့် ကျန်းမာရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် မြန်မာငွေကျပ် (၈၆) သန်းကို ရင်းနှီးမြှုပ်နှံခဲ့ပြီး လူဦးရေပေါင်း (၈၆,၆၉၆) ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကာ အထူးသဖြင့် ဝေးလံခေါင်ဖျားသောဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အက်တမ် (ATOM) သည် ကျောင်း (၄) ကျောင်းရှိ ကျောင်းသားကျောင်းသူဦးရေပေါင်း (၆,၉၇၀) အတွက် ၂၁ ရာစုတွင် အရေးပါလှသော ဒစ်ဂျစ်တယ်အသိပညာများ ပေးအပ်နိုင်မည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများ (ICT Lab) ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာငွေကျပ် (၇၂) သန်း မတည်လှူဒါန်းခဲ့သည်။

လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း

အက်တမ် (ATOM) သည် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုများကို ပုံဖော်လုပ်ဆောင်ခဲ့သည်။ သာဓကများအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်း မိုခါတိုက်ခတ်အပြီး လူဦးရေပေါင်း (၁၉,၀၅၀) အတွက် မြန်မာငွေကျပ် (၂၅၈) သန်းတန်ဖိုးရှိ အခြေခံကူညီထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းခဲ့သည်။ ထို့အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့်ပြည်သူဦးရေ (၂၁,၀၀၀) ကျော်အတွက် မြန်မာငွေကျပ် (၉၆) သန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များ၊ ရေသန့်စင်ဆေးပြားများနှင့် ဓာတ်ဆားရည်များကိုလည်း ပေးအပ်ကူညီခဲ့သည်။.

၂၀၂၂ ခုနှစ်နောက်ပိုင်းတွင်  အက်တမ် (ATOM) သည် ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ အစီအစဉ်ဖြင့် လူဦးရေပေါင်း (၁၅၀,၀၀၀) အတွက် မြန်မာငွေကျပ် (၅၄၀) သန်း တန်ဖိုးရှိ ဆန်အိတ်များကို ပံပိုးလှူဒါန်းခဲ့ပြီး စားနပ်ရိက္ခာမလုံလောက်မှု လျော့ပါးစေရန်နှင့် အထူးကူညီစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် လူမှုအသိုင်းအဝိုင်းများကို လိုအပ်သည့်ထောက်ပံ့မှုများစွာပေးအပ်ရင်း ကုမ္ပဏီ၏ ဖေးမကူညီလိုသည့် စိတ်ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ အက်တမ် (ATOM) သည် မြန်မာငွေကျပ် (၃၄၀) သန်း တန်ဖိုးရှိ လှူဒါန်းမှုအစီအစဉ်များနဲ့ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး လူဦးရေပေါင်း (၆၀,၂၀၁) ကို ကောင်းကျိုးများသက်ရောက်စေခဲ့သည်။

အက်တမ် (ATOM) ၏ လူမှုအကျိုးပြုနှင့် စေတနာ့ဝန်ထမ်းလုပ်အားပေးမှုများဆိုင်ရာ ယဉ်ကျေးမှု

အက်တမ် (ATOM) ဝန်ထမ်းများက လူမှုအကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများသည် လူမှုအကျိုးပြုဆိုင်ရာ ကြိုးစားအားထုတ်မှု  အခန်းကဏ္ဍကို  အက်တမ် (ATOM) ၏ လုပ်ငန်းယဉ်ကျေးမှုတွင် နက်ရှိုင်းစွာထည့်သွင်းထားကြောင်းကို မီးမောင်းထိုးပြသလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှ စတင်၍ အက်တမ် (ATOM) သည် လူမှုအကျိုးပြုပွဲအစီအစဉ်ပေါင်း (၁၄) ခု ပြုလုပ်ခဲ့ပြီး အစီအစဉ်တိုင်းတွင် ပျမ်းမျှဝန်ထမ်းဦးရေ (၂၀) ခန့်က လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်လုပ်အားပေးလျက်ရှိသည်။ လူမှုအကျိုးပြုလုပ်ငန်းများတွင် အက်တမ် (ATOM) ဝန်ထမ်းများ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများက ထိုပွဲအစီအစဉ်များ၏ အောင်မြင်မှုကို အထောက်အကူပြုရုံသာမက ကုမ္ပဏီအတွင်း ကရုဏာတရားနှင့် လူမှုအကျိုးပြုယဉ်ကျေးမှုများကို အခြေပြုပျိုးထောင်ပေးပါသည်။

၂၀၂၄ ခုနှစ်အတွက် အက်တမ် (ATOM) ၏ လူမှုအကျိုးပြု ဦးစားပေးလုပ်ဆောင်သွားမည့်အချက်များ

၂၀၂၄ ခုနှစ်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာအစီအစဉ်များကို ဦးစားပေးဆောင်ရွက်သွားမည့် ဦးတည်ချက်အသစ်တစ်ရပ်ကို အက်တမ် (ATOM) ၏ လူမှုအကျိုးပြုအစီအစဉ် အစပျိုးလုပ်ဆောင်မှုတစ်ရပ်အနေဖြင့် စတင်တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် “မျှဝေခံစား အက်တမ်၏နှလုံးသား” အမှတ်တံဆိပ်ဆောင်ပုဒ်အောက်၌ အရည်အသွေးပြည့်ဝသော ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိစေရန်အတွက် ကုမ္ပဏီအနေဖြင့် အစီအစဉ်များ ရေးဆွဲလျက်ရှိပြီး လိုအပ်ချက်ရှိသော လူမှုအသိုင်းအဝိုင်းများအပေါ် အကျိုးသက်ရောက်မှုကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုများကိုလည်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ အနာဂတ်မျိုးဆက်သစ်များကို ပံ့ပိုးပျိုးထောင်ခြင်းသည်လည်း အက်တမ် (ATOM) အတွက် အဓိကအရေးပါသော ကဏ္ဍတစ်ခုဖြစ်သည့်အတွက် နိုင်ငံတွင်း အရည်အချင်းရှိသော လူငယ်များကို ရှာဖွေကာ အလုပ်သင်အခွင့်အလမ်းများ၊ ပညာသင်ဆုများနှင့် သင်တန်းများ ဖြည့်ဆည်းပေးအပ်လျက်ရှိပြီး အလားအလာကောင်းများရှိသော လူငယ်များနှင့် အတူတကွချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ နည်းပညာအပေါ် စိတ်အားထက်သန်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်အတွက် ‘အက်တမ် (ATOM) Tech Masterminds’ ကဲ့သို့သော အစီအစဉ်များကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ပြီး စိတ်လှုပ်ရှားဖွယ် စိန်ခေါ်မှုများနှင့် အသိပညာဗဟုသုတရရှိနိုင်မည့် အခွင့်အလမ်းများကို အက်တမ် (ATOM) အနေဖြင့် ပေးစွမ်းသွားမည်ဖြစ်သည်။

အက်တမ် (ATOM) သည် ကိုယ်ပိုင်လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းဆောင်တာကိစ္စရပ်များတွင် ချမှတ်ထားသော ကျင့်ဝတ်စည်းကမ်းအတွင်းရှိ အလုပ်သမားနှင့် လူ့အခွင့်အရေးကို လိုက်နာစောင့်ထိန်းကာ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ရေရှည်ကြိုးပမ်းအားထုတ်မှုများကို အကျိုးသက်ရောက်မှုကောင်းများ ရရှိပိုင်ဆိုင်သူအရေအတွက်ဖြင့် တိုင်းတာပါသည်။ အက်တမ် (ATOM) သည် ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်ရန်ဆိုသည့် ကတိကဝတ်အတိုင်း ကုမ္ပဏီတစ်ခုလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုဆန့်ကျင်ရေးသင်တန်းနှင့် အသိပညာပေးလှုပ်ရှားမှုများမှတစ်ဆင့် ဝန်ထမ်းများအား ကျင့်ဝတ်ပိုင်းဆိုင်ရာ လုပ်ငန်းအလေ့အထများကို သိမြင်စေပါသည်။ ယနေ့အချိန်အထိ အက်တမ် (ATOM) သည် လုပ်ငန်းစစ်ဆေးခြင်းပေါင်း (၁,၁၀၀) ကျော် ပြုလုပ်ခဲ့ပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုထောက်ပံ့သူများအား နာရီပေါင်း (၂,၀၀၀) ကျော် လေ့ကျင့်ရေးသင်တန်းများ ပေးအပ်ခဲ့ကာ ကုမ္ပဏီမှ ချမှတ်ထားသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုထောက်ပံ့သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ သိရှိနားလည်စေရန်ဆောင်ရွက်ခဲ့ပါသည်။