အက်တမ် (ATOM) က Madrasah Arabia Anwarul-Uloom အစ္စလာမ်ဘာသာဝင်မိဘမဲ့ကလေးများ ပရဟိတ ယဉ်ကျေးလိမ္မာသင်တန်းကျောင်းကို မြန်မာငွေကျပ် (၉၀) သန်းကျော်တန်ဖိုးရှိ စက်ပစ္စည်းနှင့် ပရိဘောဂများ ပေးအပ်လှူဒါန်းခဲ့

မြန်မာနိုင်ငံ၏  4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ Madrasah Arabia Anwarul-Uloom အစ္စလာမ်ဘာသာဝင်မိဘမဲ့ကလေးများ ပရဟိတ ယဉ်ကျေးလိမ္မာသင်တန်းကျောင်း၌ လှူဒါန်းမှုအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းရှိ ကျောင်းသားကျောင်းသူပေါင်း (၃၅၀) ကျော်အတွက် သင်ကြားရေးအခြေအနေများနှင့် လက်တွေ့အသုံးပြုနိုင်မည့် အရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ အက်တမ် (ATOM) သည် မြန်မာငွေကျပ် (၉၀) သန်း (ကိန်းဂဏန်းအားဖြင့် ၉၀,၀၀၀,၀၀၀ ကျပ်) ကျော်တန်ဖိုးရှိ အထူးပြုလုပ်ထားသော  အဝတ်အစားဘီရိုများ၊ စာအုပ်စင်များ၊ စတီး စားပွဲများ၊ ကျွန်း ဆက်တီခုံများ၊ ရေခဲသေတ္တာ (chest freezer) များနှင့် 30KVA အားရှိ ဒီဇယ်မီးစက်တစ်လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

ယခုလှူဒါန်းမှုသည် အက်တမ် (ATOM) ၏ ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်လျက်ရှိသည့် တာဝန်သိ လူမှုအကျိုးပြုအစီအစဉ် (Corporate Social Responsibility) တစ်ခုဖြစ်သော လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအောက်ရှိ စာသင်ကျောင်းများ ဖွံဖြိုးတိုးတက်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အောက်ပါလှူဖွယ်စ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

Image: ATOM

ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများအတွက် အထူးပြုလုပ်ထားသည့် ပရိဘောဂများ – အရည်အသွေးမြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ရေရှည်အသုံးခံမည့် အဝတ်အစားဘီရို (၁၄) လုံး၊ စာအုပ်စင် (၅) စင်၊ စတီး စားပွဲ (၁၀၀) လုံးနှင့် ကျွန်း ဆက်တီခုံ (၂) စုံ (ဆက်တီတစ်စုံချင်းစီတွင် ခုံ ၇ မျိုး ပါဝင်သော) တို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အစားအစာများ သေချာစွာ သိမ်းဆည်းသိုလှောင်နိုင်မှု – ကျောင်းတွင် ယခင်ရှိနှင့်ပြီးသား ပစ္စည်းအဟောင်းများကို အစားထိုးပေးနိုင်ရန်နှင့် ပျက်စီးပုပ်သိုးလွယ်သော အစားအစာများကို နေရာအလုံအလောက်ဖြင့် သေသေချာချာ သိမ်းဆည်းသိုလှောင်ထားနိုင်ရန်အတွက် ရည်ရွယ်၍ Glacier အမှတ်တံဆိပ် ရေခဲသေတ္တာ (chest freezer) အသစ် (၆) လုံးကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အဆင်ပြေလွယ်ကူစွာ ပညာသင်ကြားနိုင်မှု  ကျောင်းတွင် အစဉ်အမြဲ လျှပ်စစ်ဓာတ်အားရရှိစေနိုင်ရန် ရည်ရွယ်၍ (၁) နှစ်/လည်ပတ်ချိန် နာရီပေါင်း (၁,၀၀၀) အာမခံသက်တမ်းရှိသည့် Super SAK-30 မော်ဒယ်အမျိုးအစား 30KVA single-phase အားရှိ ဒီဇယ်မီးစက်တစ်လုံးကို ပံ့ပိုးလှူဒါန်းခဲ့သည်။ ယခုလက်ရှိ ကျောင်း၌ အသုံးပြုနေလျက်ရှိသောမီးစက်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ထုတ်လွှင့်ပေးနိုင်ခြင်းမရှိခြင်းကြောင့် အဆိုပါမီးစက်အား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ပညာရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့် အက်တမ် (ATOM) ရဲ့ကတိကဝတ်နဲ့အညီ ကျောင်းသားကျောင်းသူတွေအတွက် အလားအလာကောင်းတွေ ယူဆောင်လာပေးနိုင်တဲ့ သင်ကြားရေးပတ်ဝန်းကျင်ကောင်းတွေကို ကျွန်တော်တို့ အမြဲဖန်တီး ပုံဖော်ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့ အခုလိုလှူဒါန်းမှုနဲ့ Madrasah Arabia Anwarul-Uloom ကျောင်းရဲ့လိုအပ်ချက်တွေကို ပံ့ပိုးဖြည့်ဆည်းပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ဝမ်းမြောက်မိပါတယ်။ အခုလှူဒါန်းခဲ့တဲ့ ပရိဘောဂတွေ၊ ရေခဲသေတ္တာတွေနဲ့ လျှပ်စစ်ဓာတ်အား အမြဲပံ့ပိုးပေးနိုင်တဲ့ မီးစက်တို့ဟာဆိုရင် ကျောင်းလုပ်ငန်းလည်ပတ်မှုတွေကိုပဲ အထောက်အကူပြုတာတစ်ခုတည်းမဟုတ်ဘဲ ကျောင်းသားကျောင်းသူတွေရဲ့ ရည်မှန်းချက်အိမ်မက်တွေဆီကို အရောက်လှမ်းနိုင်ဖို့ကြိုးစားတဲ့နေရာမှာ အနှောင့်အယှက်မရှိ စာသေချာသင်ကြားနိုင်အောင် ကူညီပံ့ပိုးပေးနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ပိုမိုတောက်ပတဲ့အနာဂတ်တွေကို ဆောင်ကြဉ်းပေးလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က‌ ဝေမျှပြောကြားခဲ့သည်။

Madrasah Arabia Anwarul-Uloom အစ္စလာမ်ဘာသာဝင်မိဘမဲ့ကလေးများ ပရဟိတ ယဉ်ကျေးလိမ္မာသင်တန်းကျောင်း ဥက္ကဋ္ဌဖြစ်သူဦးမောင်ရွှေက “အခုလိုမျိုး အက်တမ် (ATOM) ရဲ့ သဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းမှုဟာ ကျွန်တော်တို့အနေနဲ့ ဝမ်းလည်းသာ၊ ကျေးဇူးလည်းတင်မိပါတယ်။ လှူဒါန်းထားတဲ့ပစ္စည်းတွေက ကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အမှန်တကယ် အသုံးဝင်ရုံတင်မကဘဲ သူတို့လေးတွေကို လက်တွေ့အားပေးကူညီရာလည်းရောက်ပါတယ်။ လှူဒါန်းပစ္စည်းတွေဖြစ်တဲ့ ပရိဘောဂတွေက သေသေချာချာပြုလုပ်ထားတဲ့အပြင် ပစ္စည်းများများ ဆန့်ပြီး သိမ်းဆည်းလို့ရသလို ရေခဲသေတ္တာတွေဆိုရင်လည်း အစားအသောက်တွေကို စိတ်ချလက်ချ သိုလှောင်ထားနိုင်လို့ ကျွန်တော်တို့ကျောင်းအတွက် လွယ်ကူအဆင်ပြေစေပါတယ်။ နောက်ပြီးတော့  လှူဒါန်းမှုမှာပါဝင်တဲ့ ဒီဇယ်မီးစက်ကြောင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ အေးအေးဆေးဆေး စာလေ့လာလို့ရပြီး ကျွန်တော်တို့ကျောင်းရဲ့ နိစ္စဓူဝကိစ္စအဝဝကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Image: ATOM

အက်တမ် (ATOM) အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၉) လကြာသက်တမ်းတစ်လျှောက်တွင် လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများ စသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက်များနှင့်အညီ စုစုပေါင်း မြန်မာငွေကျပ် (၂,၂၇၄) သန်းကို ပံ့ပိုးကူညီပေးခဲ့သည်။ ထိုကဲ့သို့သော အစပျိုးလုပ်ဆောင်မှုများသည် မြန်မာပြည်သူပြည်သား (၃၄၆,၅၂၀) ဦးရေ၏ လူနေမှုဘဝများကို ကောင်းကျိုးများသက်ရောက်စေခဲ့သည်။

 

လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍအောက်တွင် အက်တမ် (ATOM) သည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ကျောင်းသားကျောင်းသူဦးရေ (၂,၆၀၃) ကျော် ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ပြီး မိဘမဲ့ကလေးဂေဟာ (၈) ကျောင်း၏ သင်ကြားမှုပတ်ဝန်းကျင်အခြေအနေများကို အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းစဉ်များအတွက် ထောက်ပံ့လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုများမှတစ်ဆင့် ဘေးကင်းပြီး အရည်အသွေးပြည့်ဝသော သင်ကြားရေးပတ်ဝန်းကျင်ကောင်းများကို ရရှိစေရန် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် အနာဂတ်အလားအလာကောင်းများကို အပြည့်အဝ‌ရရှိပိုင်ဆိုင်စေပါသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အက်တမ် (ATOM) သည် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ (မ.ခ.မ.မ) ကို အမြင်အာရုံချို့ယွင်းနေသော လူငယ်များအတွက် ပညာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်နိုင်ရန် မျက်မမြင်ပုံနှိပ်စက်နှင့် ပုံနှိပ်စာရွက်များ လှူဒါန်းခဲ့သည်။

ရှေ့လျှောက်တွင်လည်း အက်တမ် (ATOM) က “မျှဝေခံစား အက်တမ်၏နှလုံးသား” အမှတ်တံဆိပ်ဆောင်ပုဒ်အောက်၌ အရည်အသွေးပြည့်ဝသော ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိစေရန်အတွက် ကုမ္ပဏီအနေဖြင့် အစီအစဉ်များ ရေးဆွဲလျက်ရှိပြီး လိုအပ်ချက်ရှိသော လူမှုအသိုင်းအဝိုင်းများအပေါ် အကျိုးသက်ရောက်မှုကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုများကိုလည်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။