မိုဘိုင်းပိုက်ဆံအိတ် ရာစုသစ်တွင် အရေးပါလာသော ဆိုက်ဘာလုံခြုံရေးနယ်ပယ်နှင့် တစ်ကိုယ်ရေ ဒစ်ဂျစ်တယ်အသုံးချမှု အလေ့အထများ

ဒီနေ့ခေတ်ကြီးမှာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အလွှာအသီးသီးက လူတိုင်း ကိုယ့်ရဲ့ ငွေရေးကြေးရေး ကိစ္စတွေ ဆောင်ရွက်ဖို့၊ ဈေးဆိုင်တွေမှာ လိုအပ်တာတွေဝယ်ဖို့၊ ငွေချေဖို့နဲ့ အချင်းချင်းငွေလွှဲပေးဖို့ ဖုန်းတွေကို အဓိက အသုံးပြုလာကြပါပြီ။ မိုဘိုင်း ပိုက်ဆံဆိုတာ မရှိသေးတဲ့ နှစ်ကာလတွေမှာ ဒီလို နိစ္စဓူဝ အလုပ်လေးတွေ ပြီးမြောက်ဖို့ အတော်လေး အချိန်ကုန်ခံ ခဲ့ကြရတာပေါ့။ အဲ့ဒီ့တုန်းက မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းနယ်ပယ်ရဲ့ အခြေခံအဆောက်အအုံပိုင်းမှာလည်း အကန့်အသတ် ရှိနေခဲ့တဲ့အတွက် ဒီအကျိုးဆက်အနေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ငွေရေးကြေးရေး ဝန်ဆောင်မှုနယ်ပယ်နဲ့ အချိတ်အဆက် မရှိတော့လောက်အောင် ဝေးကွာသွားစေခဲ့ပါတယ်။
ဒီ့နောက်မှာတော့ မိုဘိုင်းပိုက်ဆံအိတ်တွေက မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုမှာ ခေတ်သစ်တစ်ခုကို ရောက်လာပြီဆိုတဲ့ အရိပ်အယောင် ပြခဲ့ပါတယ်။ ဒီမိုဘိုင်းအက်ပလီကေးရှင်းတွေကို ကျွန်တော်တို့ရဲ့ ရှိပြီးသား ဘဏ်ခွဲကွန်ရက်တွေရဲ့ အင်အားနဲ့ပူးပေါင်းပြီး အဆင့်မြင့်ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေကို ပြည်သူတွေရဲ့ လက်ထဲ ကို ထည့်ပေးနိုင်အောင် ကြိုးပမ်းနေရင်းက ကျွန်တော်တို့နိုင်ငံအတွက် အဓိက လိုအပ်နေတဲ့ အားလုံးပါဝင် အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ် ပေါ်ပေါက်ရေး ပန်းတိုင်နဲ့ နီးကပ်လာအောင် ကူညီပေးနေပါတယ်။
ဒီနယ်ပယ်ရဲ့ တိုးတက်ပြောင်းလဲလာမှုကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတွေကို ဘယ်လိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် အကျိုးရှိရှိ အသုံးပြုလာနေကြတယ်ဆိုတာကို လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားကို တွေ့မြင်နေရပါပြီ။ KBZPay စတင်မိတ်ဆက်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး နိုင်ငံရဲ့ ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ငွေကျပ် (၇ ဒဿမ ၉) ထရီလီယံ ပမာဏရှိတဲ့ ငွေကြေးလုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

Photo Source https://web.facebook.com/KBZPay

အဲ့ဒီ့အချိန်ကစလို့ တိုးတက်မှုနှုန်း အားပျော့သွားတယ်ဆိုတဲ့ အရိပ်အယောင် လုံးဝ မရှိဘဲ ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ သြဂုတ်လ ၁၃ ရက်နေ့အတွင်းမှာတင် KBZPay ကနေ ငွေကျပ် (၄ ဒဿမ ၉) ထရီလီယံ ပမာဏရှိတဲ့ ငွေကြေး လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၉ တစ်နှစ်လုံးမှာ ဆောင်ရွက်ခဲ့တဲ့ ငွေကြေးလုပ်ဆောင်ချက် ပမာဏထက် (၇၅ ရာခိုင်နှုန်း) အထိ မြင့်တက်သွားခဲ့တာပါ။ ဒီ တိုးတက်မှုရလဒ်တွေရဲ့ တစ်စိတ်တစ်ဒေသကတော့ ကိုဗစ်-၁၉ ကြောင့် အသွားအလာ ကန့်သတ်တားမြစ်ထားပြီး အိမ်တွင်းနေထိုင်ကြဖို့ ကာကွယ်ရေး စီမံချက်တွေ ထုတ်ပြန်ခဲ့တာကြောင့်လည်းဖြစ်သလို ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်ရဲ့ တိုးတက်မှုလမ်းကြောင်း ပိုပြီး ကြီးမားကျယ်ပြန့်လာပြီဆိုတာကိုလည်း ထင်ဟပ်ပြသနေပါတယ်။
၂၀၂၀ ခုနှစ်၊ ဧပြီလကစပြီး မှတ်ပုံတင်ထားတဲ့ KBZPay အသုံးပြုသူအချင်းချင်း အခမဲ့၊ ချက်ချင်း၊ အချိန်မရွေး ငွေလွှဲပြောင်းလို့ရအောင် ဝန်ဆောင်မှုတွေ တိုးမြှင့်ပေးခဲ့တဲ့နောက်ပိုင်း အခုလို ငွေလွှဲတဲ့ အရေအတွက် (၈၇%) အထိ ထိုးတက်သွားပြီး ငွေလွှဲပြောင်းတဲ့ ပမာဏကလည်း (၁၆၂ ရာခိုင်နှုန်း) အထိ စံချိန်တင် မြင့်တက်သွားခဲ့တာပါ။ ဒီလိုအံ့သြစရာ ကိန်းဂဏန်းရလဒ်တွေကိုကြည့်ရင် ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ဖို့ မိုဘိုင်းဖုန်းတစ်လုံးကို သုံးလာတဲ့ အလေ့အထဟာ မြန်မာနိုင်ငံက ပြည်သူတော်တော်များများကြားမှာ ပျံ့နှံ့လာပြီလို့ ပြောနိုင်ပါတယ်။
စိတ်မကောင်းစရာ အကျိုးဆက်တစ်ခုကတော့ ဒီတိုးတက်ပြောင်းလဲလာမှုတွေရဲ့ နောက်ကွယ်မှာ မိုဘိုင်းပိုက်ဆံအိတ် အက်ပလီကေးရှင်းတွေကို ပစ်မှတ်ထားနေကြတဲ့ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ချင်သူတွေရဲ့ အရေအတွက်ကလည်း မြင့် တက်လာတာပါပဲ။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ တစ်ယောက်ယောက် အယောင်ဆောင်ပြီး လိမ်လည်တဲ့ဖြစ်ရပ်တွေ၊ စကားဝှက် အခိုးခံရတဲ့ ဖြစ်ရပ်တွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလာတာ တွေ့နေရပါတယ်။
ဒါဆိုရင် မိုဘိုင်းပိုက်ဆံအိတ်တွေကို ဘယ်လို စိတ်ချလက်ချ သုံးလို့ရနိုင်မှာလဲ။ အရင်ဆုံး စဉ်းစားရမယ့်အချက်က မိုဘိုင်းပိုက်ဆံအိတ်တွေမှာ ပျောက်ဆုံးတာ၊ အခိုးခံရတာတွေက အနည်းဆုံး ဖြစ်နိုင်ခြေ ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့် ပုံမှန် ပိုက်ဆံအိတ်ထက်တော့ ပိုပြီး လုံခြုံစိတ်ချရပါတယ်။ ပြီးတော့ ကိုယ့်ရဲ့မိုဘိုင်းပိုက်ဆံအိတ်ကို တစ်ယောက်ယောက်က ဝင်သုံးလို့ရမယ့် တစ်ခုတည်းသော နည်းလမ်းက ကိုယ်ကိုယ်တိုင် PIN နံပါတ်ပေးလိုက်မိတာ၊ ဒါမှမဟုတ် ကိုယ့်ဖုန်း ကိုဝင်လို့ရမယ့် အချက်အလက်နဲ့ SMS ကနေပို့ပေးတဲ့ တစ်ခါသုံး စကားဝှက်ကို ပေးလိုက်မိတာပဲ ဖြစ်ပါတယ်။

Photo Source https://web.facebook.com/KBZPay

သတင်းကောင်းတစ်ခုကတော့ ကျွန်တော်တို့ဘက်ကလည်း နည်းပညာ အဆင့်မြှင့်တင်မှုတွေနဲ့အတူ မိုဘိုင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ပေးနေတဲ့အတွက် KBZPay လိုမျိုး မြန်မာနိုင်ငံက မိုဘိုင်းပိုက်ဆံအိတ်တွေဟာ တစ်ဖြည်းဖြည်း လုံခြုံရေး ပိုကောင်းလာမှာ အသေအချာပါပဲ။ ၂၀၁၈ ခုနှစ်၊ KBZPay စတင်မိတ်ဆက်ချိန်ကတည်းက ကျွန်တော်တို့အတွက် အဓိက ဦးစားပေးနေရာမှာ ထိပ်ဆုံးက အမြဲရှိနေတဲ့ အရာကတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အသုံးပြုသူ (၆) သန်းရဲ့ ငွေကြေးရေးကြေး လုံခြုံမှု စိတ်ချရဖို့ပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေကို ကာကွယ်ပေးနိုင်မယ့် လုပ်ငန်းနယ်ပယ်အတွင်း ပထမဦးဆုံးသော လုံခြုံရေးလုပ်ဆောင်ချက်တွေ အများကြီး မိတ်ဆက်ပေးခဲ့တာကိုကြည့်ရင် လူလိမ်တွေနဲ့ မသမာသူတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ ကျွန်တော်တို့ ဘယ်လို ကြိုးစားဆောင်ရွက်ခဲ့ရလဲ ဆိုတာ တွေ့နိုင်ပါတယ်။
မိုဘိုင်းပိုက်ဆံအိတ် စာရင်းပေးသွင်းတဲ့ လုပ်ငန်းအဆင့်မှာ မျက်နှာသွင်ပြင် မှတ်သားအတည်ပြုတဲ့ နည်းပညာကို ထည့်သွင်းအသုံးပြုခဲ့တာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်က ပထမဦးဆုံးပါပဲ။ ပြီးတော့ ဖုန်းနံပါတ်တစ်ခု ရိုက်ထည့်လိုက်တဲ့အခါ ကိုယ်ငွေလွှဲရမယ့်သူ ဟုတ်၊ မဟုတ်ဆိုတဲ့ နာမည်ကို ပြပေးနိုင်တဲ့ မိုဘိုင်းပိုက်ဆံအိတ်ဆိုရင်လည်း ကျွန်တော်တို့ တစ်ခုပဲ ရှိပါသေးတယ်။ ဒီလို လုံခြုံရေးပိုင်းမှာ အလွှာတစ်ခု ထပ်ဖြည့်ပေးထားတဲ့အတွက် ငွေတွေကို လွှဲချင်တဲ့သူဆီ မှန်မှန်ကန်ကန် တိတိကျကျ လွဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။
အကောင့်တွေအကုန်လုံးကို PIN နံပါတ်တစ်ခုနဲ့ ကာကွယ်ထားပြီး အသုံးပြုသူတွေဟာ အက်ပလီကေးရှင်းထဲက ငွေကြေးလုပ်ဆောင်ချက်တွေကို ပြန်ပြီး ခြေရာခံလို့ရပါတယ်။ ဒါတွေအားလုံးအပြင် အသုံးပြုသူတစ်ယောက်ဟာ မိုဘိုင်းဖုန်းအသစ်တစ်လုံးကနေ ဝင်ရောက်မယ်ဆိုရင် မဝင်ခင်မှာ တစ်ခါသုံး စကားဝှက်တစ်ခုကို မဖြစ်မနေထုတ်ပေး ပါတယ်။
ကျွန်တော်တို့ရဲ့ လုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ KBZPay ကိုယ်စားလှယ်နဲ့ အရောင်းကုန်ဆိုင်ပေါင်း (၂၉၀,၀၀၀) ကို လက်ဆင့်ကမ်း မျှဝေပေးနေပါတယ်။ အရောင်းကုန်ဆိုင် အားလုံးဟာ ကျွန်တော်တို့ရဲ့ သေသေချာချာ စစ်ဆေးကြပ်မတ်ထားတဲ့ စာရင်းသွင်းတဲ့ လုပ်ငန်းစဉ်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး အသုံးပြုသူတွေဟာ သူတို့ ငွေပို့ပေးမယ့် ကိုယ်စားလှယ် ဒါမှမဟုတ် နာမည်ကို အက်ပလီကေးရှင်းထဲကနေ QR ကုဒ်ကို ဖတ်ပြီး စစ်ဆေးအတည်ပြုလို့ရပါတယ်။ ဒီလုပ်ဆောင်ချက်နဲ့ ငွေပေးချေရာမှာ နေရာမှန်ကို ရောက်ရှိသွားဖို့ တိကျသေချာမှု ရှိစေပါတယ်။
ကျွန်တော်ကတော့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သိနားလည်မှုဆိုတဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခု ပါဝင်တဲ့ ဒစ်ဂျစ်တယ် တတ်မြောက်ကျွမ်းကျင်မှုရှိမှသာလျှင် အားလုံးပါဝင်အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခုကို နည်းလမ်းတကျ မှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်လက်ခံထားတာပါ။ ဒီယုံကြည်ချက်ကို အရင်းခံပြီး မိုဘိုင်းပိုက်ဆံ အရေးပါလာတဲ့ ရာစုသစ်ကြီးမှာ ကျွန်တော်တို့ အသုံးပြုသူတွေရဲ့ ငွေရေးကြေးရေး လုံခြုံမှုအတွက် အသိပညာ လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစားဆောင်ရွက် နေတာပါပဲ။
ဒါက COVID-19 ကာလတလျှောက်နဲ့ ကပ်ရောဂါ အလွန်ကာလတွေမှာ ပြည်သူတွေနဲ့ သူတို့ရဲ့ ငွေကြေးတွေကို အွန်လိုင်းမှာသာမက အွန်လိုင်းပြင်ပမှာပါ လုံခြုံစိတ်ချနိုင်အောင် ကြိုးပမ်းသွားမယ်ဆိုတဲ့ ကမ္ဘောဇဘဏ်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ပန်းတိုင်နဲ့လည်း ထပ်တူကျနေပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ဝန်ထမ်းပေါင်း (၁၈,၀၀၀) က အသုံးပြုသူ ထောင်ပေါင်းများစွာနဲ့ အပတ်စဉ်တွေ့ဆုံပြီး KBZPay ကို လုံခြုံစိတ်ချမှု အပြည့်နဲ့ အကောင်းဆုံး ဘယ်လိုအသုံးချရမလဲ၊ သူတို့ရဲ့ ငွေကြေးတွေကို ဘယ်လိုကာကွယ်မလဲဆိုတာ လမ်းညွှန်ပြသပေးနေပါ တယ်။

Photo Source https://web.facebook.com/KBZPay

KBZPay အသုံးပြုပုံနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုတော့ လူမှုကွန်ရက် စာမျက်နှာမှာ အဆက်မပြတ် မျှဝေပေးနေပြီး KBZPay ဗားရှင်းအသစ် ၃.၀ မှာလည်း ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပြီး ကောင်းမွန်တဲ့ တစ်ကိုယ်ရေ ဒစ်ဂျစ်တယ်အသုံးချမှု အလေ့အထကောင်းရဲ့ အရေးပါပုံကို ပိုပြီး လေးနက်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီအကြောင်းအရာတွေထဲမှာ အသုံးပြုသူတွေအနေနဲ့ သူတို့အကောင့်ရဲ့ PIN နံပါတ်၊ တစ်ခါသုံး လျှို့ဝှက်ကုဒ်၊ ဒါမှမဟုတ် အကောင့်နဲ့ဆိုင်တဲ့ ဘယ်လိုအချက်အလက်ကိုဖြစ်ဖြစ် တခြား ဘယ်သူ့ကိုမှ မပေးမိစေဖို့ တိုက်တွန်း သတိပေးထားတာတွေ ပါဝင်ပါတယ်။ ကိုယ့်ဖုန်းကို သူများမကြည့်နိုင်အောင် လော့ခ်ချရာမှာ သုံးထားတဲ့ စကားဝှက်တွေကို ဘယ်သူကိုမှ မပြောသလိုမျိုး ကိုယ့်အကောင့်နဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြား ဘယ်သူ့ကိုမှ မပြောပြမိအောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဖုန်းအသုံးပြုသူတစ်ဦးအနေနဲ့ ကိုယ်ဒေါင်းလုဒ်လုပ်လိုက်တဲ့ အက်ပလီကေးရှင်းတစ်ခုဟာ ယုံကြည်ရတဲ့ ရင်းမြစ်တစ်ခုကနေရတာ ဟုတ်ရဲ့လားဆိုတာကိုပါ တစ်ခါတည်း စစ်ဆေး ကြည့်ဖို့ တိုက်တွန်းသတိပေးနေပါတယ်။
ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အသုံးပြုသူတွေကို ကာကွယ်သွားရမယ့် လုပ်ငန်းစဉ်ကတော့ ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ KBZPay က မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူတွေကို ပစ်မှတ်ထားနေတဲ့ မသမာသူတွေရဲ့ရန်ကနေ ကြိုတင်ရင်ဆိုင်ကာကွယ်ထားနိုင်အောင် ကြိုးပမ်းအားထုတ်ရင်း ဒီဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်ရဲ့ ငွေရေးကြေးရေး လုံခြုံမှုဆိုင်ရာစံနှုန်းကို အမြဲတမ်း အမြင့်ဆုံးရောက်နိုင်ဖို့ ဦးဆောင်လုပ်ကိုင်သွားပါမယ်။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပြီးပြည့်စုံအောင် ရုပ်လုံးပေါ်လာဖို့အတွက် ငွေကြေးလုံခြုံမှုဆိုင်ရာအခန်းကဏ္ဍရဲ့ အရေးပါမှုကို ကျွန်တော်တို့ လျှော့တွက်လို့ မရပါဘူး။ အခုလက်ရှိ ဒီအခန်း ကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ငွေရေးကြေးရေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်ကြီးရဲ့ အရေးပါတဲ့ တိုးတက်မှုနဲ့ ဘေးကင်းလုံခြုံမှုတွေကို တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနိုင်မယ်လို့ ယုံကြည်နေမိ ပါတယ်။
Source – ကမ္ဘောဇဘဏ်၏ Unsecured Consumer Lending နှင့် KBZPay ၏ Head ဖြစ်သူ Chong Ho Yoon တို့၏ ရေးသားမှု