အင်တာနက်ပြတ်တောက်မှုကာလအတွင်း အသုံးပြုရန်ကျန်ရှိနေသော ထောဘီလက်ကျန်များအား ဒေတာ (သို့) ထောဘီပမာဏများကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် MPT မှထည့်သွင်း

MPT ထောဘီ အစီအစဉ်ဝယ်ယူသုံးစွဲသူ များအနေဖြင့် မိုဘိုင်းအင်တာနက်ပြတ်တောက်မှုကာလအတွင်း အသုံးပြုရန်ကျန် ရှိနေသော ထောဘီလက်ကျန်ပမာဏများအပေါ်တွင် ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ဒေတာ (သို့) ထောဘီပမာဏ များကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် ထည့်သွင်းပေးပြီးဖြစ်ကြောင်း MPT မှထုတ်ပြန်ထားသည်။ *224#ကိုခေါ်ဆို၍ လက်ကျန်ပမာဏအား စစ်ဆေးနိုင်မည်လည်းဖြစ်သည်။
လက်ရှိတွင် လတ်တလောဖြစ်ပေါ်နေသော မိုဘိုင်းအင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် သုံးစွဲသူများအား ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ပြတ်တောက်မှုကာလအတွင်း အသုံးပြုရန်ကျန်ရှိနေသောဒေတာလက်ကျန်များကို ရက် ၃၀ သက်တမ်း ဖြင့်ဆက်လက်အသုံးပြုနိုင်စေရန် MPT မှ ထည့်သွင်းပေးပြီးဖြစ်ကြောင်း သိရသည်။

Photo Source https://www.facebook.com/mptofficialpage

ဒေတာလက်ကျန်ကိုသိရှိလိုပါက *224# ကိုခေါ်ဆို၍စစ်ဆေးနိုင်ပါသည်။အခြေအနေများကို ဆက်လက်စောင့်ကြည့်သွား မည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
MPT သုံးစွဲသူများအနေဖြင့် လက်ရှိတွင်လည်း မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေသည့် MPT Pay၊ KBZ Pay၊ CB Pay များ အပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်နိုင်သည့် အက်ပလီကေးရှင်း များ နှင့် Microsoft Office အက်ပလီကေးရှင်း များကို MPT ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီလည်းဖြစ်သည်။
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု များအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထား သည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြု ထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ KSGM သည် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။

Photo Source https://www.facebook.com/mptofficialpage

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန် ဆောင်ရွက် လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် https://www.mpt.com.mm သို့မဟုတ် https://www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။