ငွေထုတ်ရာတွင်အခကြေးငွေ ပိုမိုပေးဆောင်ရသည့် အဖြစ်အပျက်များကို Wave Money မှ စစ်ဆေးအရေးယူသွားမည်ဟု ထုတ်ပြန်

ငွေထုတ်ရာတွင်အခကြေးငွေ ပိုမိုပေးဆောင်ရသည့် အဖြစ်အပျက်များကို Wave Money မှ စစ်ဆေးအရေးယူသွားမည်ဟု Wave Money မှထုတ်ပြန်လိုက်သည်။
Wave Money သည် ဖေဖော်ဝါရီလမှစ၍ စိန်ခေါ်မှုများစွာရှိနေသည့် အခြေအနေတွင် အခက်အခဲများရှိသော်လည်း ဝန်ဆောင်မှုပေးလျက်ရှိပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိခြင်း၊ အကန့်အသတ်မရှိ မိုဘိုင်းလ် အင်တာနက် ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်ရရှိသော အင်တာနက်ဝန်ဆောင်မှုများ၊ အင်တာနက်ချိတ်ဆက်မှု မတည်ငြိမ်ခြင်း နှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုအပေါ်တွင် အဟန့်အတားများ စွာရှိခဲ့ပြီး သန်းပေါင်းများစွာသော သုံးစွဲသူများထံသို့ ဝန်ဆောင်မှုပေးရာတွင် အခက်အခဲများစွာ ကြုံတွေ့ရလျက်ရှိကြောင်း Wave Money မှထုတ်ပြန်ထားသည်။

Photo Source https://www.facebook.com/WaveMoney

ကိုယ်စားလှယ်ကြီးများအနေဖြင့် Wave Money ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုများပေးရာတွင် အခက်အခဲအသီးသီး ကြုံတွေ့နေရကြောင်း သိရှိရပြီး အများစုမှာ ငွေစက္ကူပြတ်လပ်မှု အခက်အခဲနှင့် Wave Money ဆိုင်များတွင် ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုပမာဏများ များပြားလာခြင်းတို့ကို ရင်ဆိုင်နေကြရကြောင်း၊ သတင်းပို့တိုင်ကြားမှုများအရ အချို့သော ကိုယ်စားလှယ်များသည် ဝန်ဆောင်ခနှုန်းထားများအား ပိုမိုကောက်ခံလျက်ရှိကြောင်း သိရှိရကြောင်း ထုတ်ပြန်ထားသည်။
Wave Money အနေဖြင့် ယခုလိုအခြေအနေမျိုးတွင် ကိုယ်စားလှယ်ကြီးများ၏ အခက်အခဲများကို နားလည်သော်လည်း Wave Money ဝန်ဆောင်မှုအတွက် ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အခကြေးငွေ ပိုမိုပေးဆောင်ရသည့် အဖြစ်အပျက်များကို Wave Money မှ စစ်ဆေးအရေး ယူသွားမည်ဖြစ်ပြီး ယခုကဲ့သို့ အခြေအနေမျိုးတွင် သုံးစွဲသူများအပေါ် အခွင့်ကောင်းယူခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ပြီး မမှန်မကန်ပြုမူခြင်းများကို သင့်လျော်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက် သွားမည်ဟု ထုတ်ပြန်ထားသည်။

Photo Source https://www.facebook.com/WaveMoney

Wave Money သည် ယခုကဲ့သို့ ခက်ခဲသော အခြေအနေမျိုး၌ပင် မိတ်ဖက်ကိုယ်စားလှယ်ကြီးများနှင့်အတူ သန်းပေါင်းများစွာသော သုံးစွဲသူများအား အရေးပါသော ဝန်ဆောင်မှုကို ပုံမှန်အတိုင်း ပြန်လည် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်းဆုံးကြိုးစားလျက်ရှိကြောင်း၊ Wave Money ၏ ဝန်ဆောင်မှုပလက်ဖောင်း သို့မဟုတ် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက Call Center (900 / တယ်လီနော) နှင့် (09790009000 / အခြားအော်ပရေတာများ) သို့ အချိန်မရွေးဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
WavePay သုံးစွဲသူများအနေဖြင့်လည်း PIN နံပါတ်၊ OTP နံပါတ်၊ လျှို့ဝှက်နံပါတ်နှင့် အခြားကိုယ်ပိုင်အချက်အလက်များ အား မည်သူ့ကိုမှ မပြောပြပေးရန်ရန်၊ Wave Money customer service ဝန်ထမ်းများသည်လည်း သုံးစွဲသူတို့၏အချက် အလက်များနှင့်တစ်ဦးတည်းသာသိသင့်သော အချက်အလက်များအား မေးမြန်းခြင်းမရှိပါကြောင်းထုတ်ပြန်ထားသည်။ Wave Money သုံးစွဲသူများကိုလည်း တရားဝင် channel များမှသာ ဆက်သွယ်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။
Wave Money သည် ၂၀၂၀ ခုနှစ် ကိုဗစ် – ၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်းတွင်လည်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၁၂ ထရီလီယံ( အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ) အထိ ငွေလွှဲ၊ ငွေထုတ်မှုများပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ် ဝန်ဆောင်ခအဖြစ်လည်း မြန်မာကျပ်ငွေ ၈၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆၅ မီလီယံ) အထိ ပေးအပ်ခဲ့သည်။ ထိုကာလ အတွင်း Wave Money ငွေလွဲ၊ ငွေထုတ် ဝန်ဆောင်မှုအား လစဉ် ၃.၉ သန်းကျော်ရှိခဲ့ပြီး WavePay အသုံးပြုသူ လစဉ်အသုံး ပြုသူ ၁.၅ သန်းကျော် ရှိခဲ့ကြောင်းသိရသည်။