အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် MPT ၏ အင်တာနက်ဝန်ဆောင်မှုများ နှေးကွေးခဲ့မှုအား ပြန်လည်ကောင်းမွန်ရေးအတွက် အမြန်ဆုံးပြုပြင်

ဧပြီလ ၂၀ ရက် ၀၀:၃၃ နာရီ မှ စတင်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသော SEA-ME-WE5 ရေအောက်ကေဘယ်လ် ဆက်ကြောင်းသည် အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်တွင် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် MPT မှ ပေးအပ်လျက်ရှိသည့်   မိုဘိုင်း၊ FTTH နှင့် ဆက်စပ် အင်တာနက် ဝန်ဆောင်မှုများမှာ အမြန်နှုန်းများ နှေးကွေးမှုဖြစ်ပေါ်လျက်ရှိပါသည်။

အဆိုပါ ချို့ယွင်းလျက်ရှိသည့် ပင်လယ်ရေအောက်ကေဘယ်လ်အား အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ ပြုပြင်နေစဉ်ကာလအတွင်း  သုံးစွဲသူများ အဆင်ပြေစေရန်အတွက်  MPT အနေဖြင့် ဆက်ကြောင်းသစ်များ ထပ်မံတိုးချဲ့ချိတ်ဆက်၍  အင်တာနက်မြန်နှုန်းများမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တိုးတက်မှု အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။ သည်းခံစောင့်ဆိုင်းပေးမှု အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၁ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။  မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။