အူရီဒူးမြန်မာက ဘိုကလေးမြို့နယ် ဆင်ကွင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျပ်သိန်းတစ်‌ထောင်လှူဒါန်း

အူရီဒူးမြန်မာက ကလေးငယ်ပေါင်း ၂၀၀ ဝန်းကျင် ပညာသင်ယူလေ့လာရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဆင်ကွင်းကျေးရွာရှိ အောင်မြေချမ်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျပ်သိန်းတစ်ထောင် လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုသည် သုံးစွဲသူများမှ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုမှုပြုလုပ်သည့်အခါ ၁ မိနစ် ပြောဆိုမှုတိုင်းအတွက် အူရီဒူးမြန်မာ၏ ဝင်ငွေထဲမှ ၁ ကျပ်စီ လှူဒါန်းပေးသည့် “အူရီဒူးကလှူနေမှာ ၁မိနစ်ပြောတိုင်း၁ကျပ်ပါ” လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်မှတစ်ဆင့် လှူဒါန်းခဲ့သော ၄၂ ခုမြောက် ကျောင်းဆောင်သစ်ဖြစ်ပါသည်။

Image: ooredoo

အောင်မြေချမ်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အနီးအနားရပ်ရွာဝန်းကျင်မှ ကျောင်းသား ကျောင်းသူဦးရေ ၂၀၀ ဝန်းကျင် လာရောက်ပညာသင်ကြားလျက်ရှိပါသည်။ အဆိုပါကျောင်းမရှိခင် ယခင်က ကလေးငယ်များအနေဖြင့် ပညာသင်ကြားရန်အတွက် ၎င်းတို့နေထိုင်ရာ ဆင်ကွင်းကျေးရွာမှ လှေဖြင့် အသွားအပြန်အချိန် ၂ နာရီကြာ သွားရောက်ရသည့် ကြံခင်းရွာတွင်သာ သင်ယူလေ့လာခဲ့ရပါသည်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ မြွေအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမှ ဘေးကင်းလုံခြုံကာ စာပေတတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် အောင်မြေချမ်းသာဘုန်းတော်ကြီးသင်ပညာကျောင်းကို  ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကေသရ၏ ဦးဆောင်မှုနှင့် ရပ်ရွာ မိဘ၊ ဒကာ၊ ဒကာမများ၏ ဝိုင်းဝန်းပံ့ပိုးမှုတို့ဖြင့် တစ်နိုင်တစ်ပိုင် အစပြုခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါတွင် အောင်မြေချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဘွဲ့ရသည်အထိ ဆက်လက်လေ့လာသင်ယူသွားနိုင်သည့် ကျောင်းသူကျောင်းသားများစွာ မွေးထုတ်ပေးလျက် ရှိပါသည်။

Image: ooredoo

အောင်မြေချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကေသရက “အရင်တုန်းကဆိုရင် ကလေးတွေက တစ်ဖက်ရွာကို လယ်ကန်သင်းရိုးတွေဖြတ်ပြီး ကျောင်းတက်ခဲ့ရ‌တော့ သူတို့အတွက် မြွေအန္တရာယ်နဲ့ သွားလာရေးအခက်အခဲများခဲ့တာကြောင့် ၂၀၁၂ ခုနှစ်က စပြီး စာသင်လို့ရအောင် ဒီကျောင်းကိုစပြီး တည်ထောင်ခဲ့တာပါ။ ဦးဇင်းတို့ကျောင်းမှာတော့ မူလတန်းကနေ အထက်တန်းထိ ပညာသင်ကြားပေးနေပါတယ်။  စာသင်ကြားတဲ့အခါမှာလည်း နေရာအခက်အခဲရှိတဲ့အတွက် အခန်းကန့်ထားလို့မရတော့ ကလေးတွေအနေနဲ့ အာရုံပျံ့လွင့်မှုတွေများပြီး အတန်းတွေကိုတစ်ပြိုင်တည်း စာသင်လို့မရခဲ့ပါဘူး။ ပြီးတော့ မိုးရာသီဆိုမိုးပက်တာတွေခံရပြီး မိုးရေစိုစိုနဲ့ ကလေးတွေစာသင်ကြားခဲ့ရ                           ပါတယ်။ ယခုလို အူရီဒူးမြန်မာက စာသင်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းပေးတဲ့အတွက် ကလေးတွေအနေနဲ့ မိုးလုံလေလုံနဲ့ကောင်းမွန်စွာပညာသင်ယူလို့ရတော့မှာပါ။ လိုချင်တဲ့ ပညာရေးပန်းတိုင် ရောက်နိုင်ဖို့အတွက် အထောက်အပံ့ကောင်းတွေရရှိလို့ မိဘတွေအနေနဲ့ရော ဦးဇင်းတို့ အနေနဲ့ပါ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်“ ဟု မိန့်ကြားခဲ့ပါသည်။

“ရပ်ရွာနယ်ပယ်အသီးသီးက လူမှုဘဝရပ်တည်ရေးအခက်အခဲရှိတဲ့ မိသားစုတွေအနေနဲ့ သူတို့ကလေးငယ်တွေ ရဲ့ပညာရေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို မှီခိုနေရပါတယ်။ ဆရာတော်ကြီးတွေ ဦးစီးဆောင်ရွက်နေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကလည်း လိုအပ်တဲ့ ကလေးငယ်တွေကို ဖေးမကြည့်ရှုစောင့်ရှောက်ဖို့နဲ့ အခမဲ့ပညာသင်ကြားပေးနိုင်ဖို့  အလှူဒါနတွေအပေါ် အဓိကအမှီပြုနေရပါ တယ်။ ဒါ့ကြောင့် အူရီဒူးမှလိုအပ်နေတဲ့လူမှုအသိုင်းအဝိုင်းတွေက ကလေးငယ်တွေရဲ့ပညာရေးကို ပံ့ပိုး                 ပေးနိုင်ဖို့ အရေးပါတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံ တွေကို ပံ့ပိုးလှူဒါန်းပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ပြီးလည်း မြန်မာပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ ဆက်လက်ပြီး ထိထိ‌ရောက်‌ရောက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။

Image: ooredoo

မြန်မာနိုင်ငံတစ်ဝန်းရှိ ပံ့ပိုးမှုများလိုအပ်နေသော လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်‌ရေးကို အဓိကပံ့ပိုးကူညီရန် ရည်ရွယ်ထားသည့် အူရီဒူးမြန်မာ၏ “မိနစ်များများပြောလေ၊ အူရီဒူးကများများလှူပေးလေ” အစီအစဥ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၎င်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် “အူရီဒူးက လှူနေမှာ ၁မိနစ်ပြောတိုင်း ၁ကျပ်ပါ” အစီအစဥ်အဖြစ် ပြန်လည်မိတ်ဆက်ခဲ့ပါသည်။ ယခုလှူဒါန်းမှုအပါအဝင် အူရီဒူးမြန်မာမှ စာသင်ကျောင်းဆောင်ပေါင်း ၄၂ ခု ကို လှူဒါန်းထားပြီးဖြစ်ပါသည်။

It is constantly supporting the education and social development of the people of Burma