အူရီဒူးမြန်မာမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးရန် Internship Program ၂၀၂၄ ကို စတင်

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတစ်ဝှမ်းမှ အလားအလာရှိသည့် လူငယ်များကို လုပ်ငန်းခွင် အတွေ့အကြုံများရရှိစေရန်နှင့် ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင် အနာဂတ်ခေါင်းဆောင်များအဖြစ် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ Internship Program ၂၀၂၄ ကို စတင်ဖော်ဆောင်လိုက်ပါသည်။ စိတ်ပါဝင်စားသူ လူငယ်များအနေဖြင့် အူရီဒူးမြန်မာ၏ ဌာနကြီးများဖြစ်သော နည်းပညာ၊ အရောင်းနှင့်ဖြန့်ချိရေး၊ ဘဏ္ဍာရေး၊ သုံးစွဲသူဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှု (B2B)၊ Marketing၊ Digital နှင့် Corporate Communications ဌာနများတွင် ဝင်ရောက်လေ့လာလုပ်ကိုင်ရန် လျှောက်ထားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် အရည်အချင်းပြည့်မီသော အလုပ်သင်လူငယ်များအနေဖြင့် Apprenticeship အစီအစဥ်တွင် ဆက်လက်ပါ၀င်နိုင်ပြီး တစ်နှစ်စာချုပ်ဖြင့် ဆက်လက်အလုပ်လုပ်ကိုင်ရန် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။

အလုပ်သင်လူငယ်များသည် အူရီဒူးမြန်မာ၏ ၃ လတာကြာမြင့်မည့် Internship အစီအစဉ်ဖြင့် တန်ဖိုးမဖြတ်နိုင်သော လုပ်ငန်းအတွေ့အကြုံများကို ရရှိရုံသာမက တစ်နှစ်တာကြာမြင့်မည့် Apprenticeship အစီအစဥ်ကို ဆက်လက်လျှောက်ထားပြီး မိမိတို့၏လုပ်ငန်းကျွမ်းကျင်မှုအား ပိုမိုမြှင့်တင်နိုင်မည့်အပြင် အူရီဒူးမြန်မာ၌ အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက်လျှောက်ထား နိုင်မည်ဖြစ်သည်။ ယမန်နှစ်က ဆောင်ရွက်ခဲ့သည့် အူရီဒူးမြန်မာ၏  Internship Program ၂၀၂၃ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှောက်ထားသူပေါင်း (၈၆၀)ကျော် ရှိခဲ့ပြီး စည်းမျဉ်းသတ်မှတ်ချက် များနှင့်အညီ အသေးစိတ်စိစစ်ပြီးနောက် (၃၉) ဦးကို သုံးလ အလုပ်သင်အဖြစ် ရွေးချယ်ခဲ့ပါသည်။ ၎င်းတို့ထဲမှ (၂၆) ဦးမှာ တစ်နှစ်တာ Apprenticeship အစီအစဥ်တွင် ပါဝင်ခွင့်ရရှိခဲ့ကာ စွမ်း‌ဆောင်ရည်အပေါ်မူတည်၍ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ဒုတိယနှစ်တွင် ၎င်းတို့ အထူးပြုထားသည့် လုပ်ငန်းနယ်ပယ်တွင် အမြဲတမ်း၀န်ထမ်းရာထူး နေရာအတွက် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က “အူရီဒူးမြန်မာရဲ့ Internship Program နဲ့အတူ ဆက်လက်ဆောင်ရွက်တဲ့ Apprenticeship Program တွေဟာ ဆက်သွယ်ရေးနယ်ပယ်ရဲ့ အနာဂတ်ကို ဖော်ဆောင်သွားမယ့် မြန်မာလူငယ်တွေကို ပြုစုပျိုးထောင်လေ့ကျင်ပေးနိုင်ဖို့ အူရီဒူးရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။ ပုံမှန် အလုပ်သင်အစီအစဉ်တွေနဲ့မတူဘဲ စိတ်အားထက်သန်တဲ့ လူငယ်တွေအနေနဲ့ လုပ်ငန်းအတွေ့အကြုံ တွေကို ရရှိနိုင်မည်ဖြစ်ရုံသာမက မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်မှုကို ဆက်လက်မြှင့်တင်ဖို့နဲ့ စဉ်ဆက်မပြတ် အလုပ်အကိုင် အခွင့်အလမ်းတွေရရှိနိုင်ဖို့ နောက်ဆက်တွဲ Apprenticeship ကိုပါ ဆောင်ရွက်ပေးထားပါတယ်” ဟု ပြောကြားသည်။ Mr. Jeremiah က ဆက်လက်ပြီး “ဒီအစီအစဥ်က မျိုးဆက်သစ်ခေါင်းဆောင်တွေ‌ ပေါ်ထွက်လာဖို့ အလားအလာကောင်းတွေ ပေးစွမ်းနိုင်မယ့်အပြင် ကျွမ်းကျင်ပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ လုပ်သားအင်အားကို ပြုစုပျိုးထောင်ပေးပြီး ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

Image: ooredoo

Internship Program ၂၀၂၄ ၏ လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့အထိ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် သုံးလ Internship အစီအစဥ်ကို သြဂုတ်လတွင် စတင်ရမည်ဖြစ်ပါသည်။ Internship Program ၂၀၂၄ ကို စိတ်ပါ၀င်စားသူများအနေဖြင့် ဖော်ပြပါလင့် – https://internship2024.ooredoo.com.mm/ (သို့) အူရီဒူးမြန်မာ၏ ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။

Internship Program ၂၀၂၄ အတွက် အရည်အချင်းသတ်မှတ်ချက်များ

အလုပ်သင်လျှောက်ထားရန်အတွက် လိုအပ်သည့်အရည်အချင်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရပါမည်။
  • GPA 3.5နှင့်အထက် သို့မဟုတ် ဘာသာရပ်များတွင် ရမှတ် ၈၀% နှင့်အထက် ရရှိထားသည့် ဘွဲ့ရပြီးခါစ သို့မဟုတ် နောက်ဆုံးနှစ် ကျောင်းသား ဖြစ်ရပါမည်။
  • အစီအစဉ်စတင်ချိန်တွင် အသက် ၂၅ နှစ် အောက် ဖြစ်ရပါမည်။
  • ဆက်သွယ်‌ရေးလုပ်ငန်းတွင် အသက်မွေးဝမ်းကြောင်းပြုရန် စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။
  • ဆက်သွယ်ဆက်ဆံရေးကောင်းမွန်၍ တာဝန်ယူစိတ်ရှိကာ ဦးဆောင်ရန် အလားအလာ ရှိရမည်။
  • အသင်းအဖွဲ့ဖြင့် လုပ်ဆောင်နိုင်ရပါမည်။
  • Englishဘာသာစကားဖြင့် ရေးနိုင်/ပြောနိုင်ရပါမည်။

အူရီဒူးမြန်မာ၏ Internship Program သည် လူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများရရှိရန်၊ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွင်း ဆက်သွယ်ဆက်ဆံ‌ရေးများတည်ဆောက်ရန် အစရှိသည့် တန်ဖိုးရှိသော အခွင့်အလမ်းများပေးရန် ဖန်တီးထားသော သုံးလတာကြာမြင့်မည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အဆိုပါ အစီအစဥ်မှတစ်ဆင့် အူရီဒူးမြန်မာသည် အလုပ်သင်လူငယ်များအတွက် ဆက်သွယ်ရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေခံဗဟုသုတများကို အလုပ်ခွင်သင်တန်းများ၊ စာသင်ခန်းတွင်း လေ့ကျင့်မှုများ၊ နည်းပြနှင့် လမ်းညွှန်မှုများ ပေါင်းစပ်ကာ အကျွမ်းတ၀င် သိရှိနားလည်အောင် ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။ ၂၀၂၃ခုနှစ်အထိ အူရီဒူးမြန်မာသည် လူငယ်များကို ၎င်းတို့ စိတ်အားထက်သန်သော လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံများရရှိစေရန် အလုပ်သင်အစီအစဉ် (၃) ခုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

Internship Program ၂၀၂၄ နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အူရီဒူးမြန်မာ၏ ဆိုရှယ်မီဒီယာ Channels များတွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။