ဆုကြေး သိန်း ၅၀၀ ကျော်ရရှိမည့် PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်

မြန်မာ့လူငယ် Esports ကစားသမားများကို PUBG MOBILE ၏ အရှေ့တောင် အာရှဒေသအတွင်းတွင် အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခု ဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးအထိ သွားရောက်ယှဉ်ပြိုင်နိုင်ရန် ခေါ်ဆောင်သွားနိုင်မည့် စိတ်လှုပ်ရှားဖွယ် ပြည်တွင်းပြိုင်ပွဲ PUBG MOBILE Myanmar Championship 2020 Season 2 ကို စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကြီးကို MPT နှင့် Signature Streetwear တို့မှ Main Sponsor အဖြစ် ပံ့ပိုးကူညီပေးထားသည်။
PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် Online Registration ကို ဇူလိုင်လ ၃၁ နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် မည်သူမဆို သြဂုတ် ၁၁ ရက်နေ့အထိ စာရင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်နိုင်ကာ အသင်းပေါင်း ၁,၂၀၀ အထိ လက်ခံသွားမည်ဖြစ်သည်။ အဆိုပါ အသင်းပေါင်း ၁,၂၀၀ ကို အဖွဲ့ပေါင်း ၆၀ ဖြင့် ဖွဲ့စည်းကာ Online Qualifier အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်း Online Qualifier များကို သြဂုတ်လ ၁၅ ရက်နေ့မှ သြဂုတ် ၃၀ ရက်နေ့အထိ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL

အဆိုပါ Online Qualifier မှ အမှတ်အများဆုံး အသင်း ၁၆ သင်းသည် PUBG MOBILE Myanmar Championship 2020 Season 2 Finals သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ယင်း ပြိုင်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ပထမအပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုကြေးငွေပေါင်း ကျပ်သိန်း ၅၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။
PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ ထိပ်ဆုံး အသင်း (၄) သင်းသည် PMCO SEA Wildcard Finals အဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
PUBG MOBILE အနေဖြင့် PMPL (PUBG MOBILE Pro League) SEA Finals ကို တစ်နှစ်လျှင် (၂) ကြိမ် နွေဦးနှင့် ဆောင်းဦးရာသီတို့တွင် စီစဉ်ကျင်းပလေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အရှေ့တီမော၊ ဘရူနိုင်း၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများမှ ထိပ်တန်းကစားသမား၊ အသင်းများ ယှဉ်ပြိုင်ကြရသည့် ဂိမ်းပွဲကြီး တစ်ခုဖြစ်သည်။
PMCO SEA Wildcard Finals အဆင့်သည် ကိုယ်ပိုင် League မရှိသော မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ အရှေ့ တီမောနှင့် ကမ္ဘောဒီးယား အစရှိသော အရှေ့တောင်အာရှနိုင်ငံများ Online တွင် အချင်းချင်း ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ အနိုင်ရရှိသော မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် PMCO SEA Wildcard Finals အဆင့်တွင် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါ အဆင့်တွင် ထိပ်ဆုံး ရပ်တည်နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals သို့ တက်လှမ်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL

“ဒီတစ်ခေါက်မှာတော့ PUBG MOBILE ရဲ့ Myanmar Championship 2020 Season 2 ပွဲက အရင်ကထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမှာပါ။ PMPL SEA Final နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့အတွက် အဓိက အခွင့်အရေး ရရှိမှာဖြစ်ပြီး ကမ္ဘာအနှံ့က အကောင်းဆုံးအဖွဲ့တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Esports ကဏ္ဍမှာ တိုးတက်မှုနဲ့ ရှေ့လျှောက် အောင်မြင်မှုအလားအလာတွေ အများကြီး တွေ့ရတဲ့အတွက် ပိုမိုတိုးတက်ဖွံဖြိုးလာအောင် အစွမ်းကုန် ကူညီသွားမှာပါ။ ယှဉ်ပြိုင်မယ့် အသင်းအားလုံးကို ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပြိုင်ပွဲစဉ်ကို ကြည့်ရင်း အားလုံးပျော်ရွှင်နိုင်ကြဖို့လည်း မျှော်လင့်ပါတယ်” ဟု PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew Manugian မှပြောကြားသည်။
နိုင်ငံတကာတွင် လူကြိုက်အများဆုံး Esports ဂိမ်းတစ်ခုအဖြစ် ဦးဆောင်နေသော PUBG MOBILE သည် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍ၏ အလားအလာကောင်းသော တိုးတက်မှုများနှင့်အတူ မြန်မာလူငယ် ကစား သမားများ၏ အရည်အချင်းကို တွေ့မြင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာနိုင်ငံတွင် Esports အသိုက်အဝန်း တစ်ခု အခိုင်အမာဖြစ်တည်လာရန်၊ မြန်မာလူငယ်ကစားသမားများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးပြီး နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိ ခေါ်ဆောင်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် Online/Offline ဂိမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့လျက်ရှိသည်။
ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ https://www.fb.com/PUBGMOBILE.MM.OFFICIAL တွင်လည်း ဝင်ရောက်လေ့လာနိုင်သည်။