မြန်မာကျောင်းသားကျောင်းသူများအတွက် အလုံးစုံ အမ်ဘီအေ ပညာသင်ဆုများကို ချီးမြှင့်သွားမယ့် Telenor

မြန်မာနိုင်ငံ၏ ပိုမိုမြင့်မားလာသော လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် မြန်မာ နိုင်ငံမှ လူငယ်များအတွက် အလုံးစုံ အမ်ဘီအေ ပညာသင်ဆုများအား ဒုတိယအကြိမ်မြောက် ထပ်မံ ပေးအပ်သွားမည် ဖြစ်သည်။ တယ်လီနောမြန်မာသည်Myanmar Metropolitan College (MMC) နှင့် ပူးပေါင်း၍ အရည်အချင်း မြင့်မားသော ကျောင်းသားကျောင်းသူများ အတွက် မဟာဗျူဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (အမ်ဘီအေ) သင်တန်းအား တက်ရောက်ရန် အလုံးစုံ ပညာသင်ဆုများအား ပေးအပ်သွားမည် ဖြစ်သည့်အပြင် အဆိုပါ ကျောင်းသားကျောင်းသူများသည် MMC နှင့် ချိတ်ဆက်ထားသည့် ဆွစ်ဇာလန်နိုင်ငံရှိ University of Business and International Studies မှ အသိအမှတ်ပြု ချီးမြှင့်သည့် အမ်ဘီအေဘွဲ့လက်မှတ်ကိုပါ တစ်ပါတည်း ရရှိသွားမည် ဖြစ်သည်။

တယ်လီနော အမ်ဘီအေ ပညာသင်ဆုအစီအစဉ်သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အခြေပြု စီးပွားရေး စနစ်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်များအား ဖန်တီးနိုင်ရန် တယ်လီနော မြန်မာမှ လုပ်ဆောင်လျက်ရှိသည့် စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ တက္ကသိုလ်တွင် အမှတ်ကောင်းကောင်းဖြင့် အောင့်မြင်ခဲ့ပြီး အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ် အသုံးချကာ စီးပွားရေးလုပ်ငန်း သို့မဟုတ် လူမှုရေးလုပ်ငန်း သို့မဟုတ် အများနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ တည်ထောင်ရာတွင် ပါဝင်လိုစိတ်ပြင်းပြသူ၊ ပညာအထောက်အပံ့ လိုအပ်သူ မြန်မာနိုင်ငံသား မည်သူမဆို တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်အား လျှောက်ထားနိုင်သည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်မည့် သင်တန်းအတွက် ပညာသင်ဆု အစီအစဉ်အား ဇွန်လ ၁၄ ရက်နေ့ မတိုင်မီ အွန်လိုင်းမှ လျှောက်ထား နိုင်မည် ဖြစ်သည်။


Photos Source- https://www.telenor.com.mm/

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံဟာ ဆက်သွယ်ချိတ်ဆက်မှုပိုင်းနဲ့ ဒစ်ဂျစ်တယ်ပိုင်း ကဏ္ဍတွေမှာ သိသိသာသာ ပိုမို တိုးတက်လာခဲ့ပါတယ်။ တယ်လီနောရဲ့ အကူအညီနဲ့အတူ မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အကောင်းမွန်ဆုံး မိုဘိုင်း အခြေခံ အဆောက်အအုံ တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သလို အနာဂတ်မှာ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ စီးပွားရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာစေနိုင်ဖို့ အတွက်လည်း အခွင့်အရေးကောင်း တစ်ရပ်ကို ပိုင်ဆိုင်လာနိုင်စေခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုမြင့်မားတဲ့ လုပ်သားအင်အားတစ်ခု လိုအပ်တယ်ဆိုတာ တယ်လီနော အနေနဲ့ သိရှိနားလည်ထားပြီး ကျွန်တော်တို့ရဲ့ အိုင်စီတီ စီမံခန့်ခွဲမှုအထူးပြု အမ်ဘီအေ ပညာသင်ဆုဟာ အားကောင်းတဲ့ ဒစ်ဂျစ်တယ် အသိုင်းအဝန်းတစ်ခု ပေါ်ပေါက်လာစေဖို့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်တဲ့ မြန်မာ နိုင်ငံရဲ့ အိုင်စီတီကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ သိသိသာသာ ကူညီထောက်ပံ့ပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Head of Business Sustainability and Special Projects of Telenor Myanmar ဖြစ်သူ ကိုမင်းသူက ပြောကြားသည်။

ပထမအကြိမ် အမ်ဘီအေ ပညာသင်ဆုအတွက် လျှောက်ထားသူပေါင်း ၄၀၀ ကျော် ရှိခဲ့ပြီး ၎င်းတို့အနက် မခိုင်ရတနာထွန်း၊ ကိုစိုးသီဟထွန်း၊ ကိုနေမျိုးဝင်း၊ မနန်းပြည့်ငြိမ်းသာနှင့် ကိုဟာရမ်သင်ကမ် တို့သည် ၂၀၁၈ ခုနှစ် အတွက် တယ်လီနော အမ်ဘီအေ ပညာသင်ဆုများအား ဆွတ်ခူးရရှိခဲ့ကြသည်။ အဆိုပါ ပထမအသုတ် အမ်ဘီအေ သင်တန်းသည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် ပြီးဆုံးမည်ဖြစ်ပြီး လာမည့် လေးနှစ် (၂၀၁၈ – ၂၀၂၁) အတွင်း ကျောင်းသားကျောင်းသူပေါင်း ၂၀ ကျော်အား တယ်လီနော အမ်ဘီအေ ပညာသင်ဆုများ ချီးမြှင့်ပေးသွားရန် ရည်ရွယ် ထားသည်။

“မြန်မာနိုင်ငံဟာ လျင်မြန်တဲ့နှုန်းနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့အပြင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေလည်း ပိုမိုဝင်ရောက်လာတဲ့ အတွက် ဒီလို ဒစ်ဂျစ်တယ် ကမ္ဘာကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့ အသိပညာ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုကို ကျွန်တော်တို့ အနေနဲ့ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး အဆင့်မြင့် ဒစ်ဂျစ်တယ် အသိပညာတွေ၊ ကျွမ်းကျင်မှုတွေကို လေ့လာဆည်းပူးနိုင်မယ့် အရမ်းအကျိုးရှိတဲ့ အထူးအခွင့်အရေးတစ်ရပ်ကို ပေးအပ်ခဲ့တဲ့ တယ်လီနောမြန်မာနဲ့ Myanmar Metropolitan College တို့ကို ကျွန်တော့်အနေနဲ့ အများကြီး ကျေးဇူး တင်ရှိပါတယ်။ မြန်မာနိုင်ငံက အခြား လူငယ်တွေကိုလည်း သူတို့ကိုယ်တိုင်အတွက်ရော၊ နိုင်ငံအတွက်ပါ အကျိုးရှိစေမယ့် ဒီ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု တယ်လီနော အမ်ဘီအေ ပညာသင်ဆု ဆွတ်ခူးရရှိခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်သူ ကိုစိုးသီဟထွန်းက ပြောကြားသည်။

ပညာသင်ဆုအား (https://bit.ly/2LButW5) မှတဆင့် လျှောက်ထားနိုင်စေရန် ဆောင်ရွက်ပေးထားသည့်အတွက် ကျောင်းသားကျောင်းသူများ အနေနှင့် ပိုမိုအဆင်ပြေ လွယ်ကူစွာ လျှောက်ထားနိုင်မည် ဖြစ်သည်။ ပညာသင်ဆုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား တယ်လီနောမြန်မာနှင့် Myanmar Metropolitan College တို့၏ Facebook စာမျက်နှာများတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

တယ်လီနောမြန်မာသည် လူမှုအကျိုးပြု စီမံကိန်းများစွာကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ စီမံကိန်းများအနက် တယ်လီနော၏ အလင်းအိမ် စင်တာ ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုသင်တန်းများမှ လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၁၅၆,၀၀၀ ကို စမတ်ဖုန်းနှင့် ကွန်ပြူတာကျွမ်းကျင်မှုများအား လေ့ကျင်သင်ကြားပေးနိုင်ခဲ့ပြီး ၎င်း၏ ဘေးကင်းသော အင်တာနက် အသုံးပြုနည်း သင်တန်းများ မှလည်း အစိုးရကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉၀,၀၀၀ ကျော် ကိုလည်း ဘေးကင်းလုံခြုံစွာ အင်တာနက် အသုံးပြုမှု သင်တန်းများကို ပို့ချသင်ကြားပေးနိုင်ခဲ့သည်။ ထို့အပြင် တယ်လီနောမြန်မာသည် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ ခန့်အား ကွန်ပြူတာအခြေခံ ကျွမ်းကျင်မှု နှင့် ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုခြင်းဆိုင်ရာ သင်တန်းများကို အခမဲ့သင်ကြားပေးမည့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းအား ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။