Ongo နှင့် Carlsberg တို့ပူးပေါင်း၍ အရောင်းဆိုင်များတွင် ငွေပေးချေမှုကို Digital စနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်မည်

Carlsberg ရောင်းချသူများ၏ ငွေပေးချေမှုများကို ထိရောက်လုံခြုံသည့််နည်းလမ်းဖြင့်စုစည်းကာ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲကောက်ခံခြင်းစနစ်ကို Ongo နှင့် Carlsberg တို့ပူးပေါင်းကာ စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်ဦးဆောင် ဘီယာချက်စက်ရုံတစ်ခုဖြစ်သည့် Carlsberg နှင့် မြန်မာနိုင်ငံဈေးကွက်ဦးဆောင် B2B Digital ငွေ ပေးချေခြင်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် Ongo တို့က Carlsberg ရောင်းချသူများအတွက် ရိုးရှင်းလျန်မြန်ပြီး စိတ်ချရသည့် ငွေပေးချေမှုနည်းစနစ်များ ပံ့ပိုးကူညီရန် စာချုပ်ချုပ်ဆိုခဲ့ပြီးလည်းဖြစ်သည်။

Photo Source – https://ongo.com.mm/my/company

Ongo က Carlsberg နှင့် ၎င်း၏ ဝယ်ယူအားပေးသူများအကြား ငွေသားအသုံးပြုမှုကို ရပ်ဆိုင်းကာ ငွေပေးချေမှုများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးခြင်းဖြင့် Carlsberg ကို ငွေသားကိုင်တွယ်မှုဆိုင်ရာ ကုန်ကျစရိတ်များအတွက် အချိန်မကုန်စေဘဲ အမှန်တကယ်အရေးကြီးသောကိစ္စရပ်ဖြစ်သည့် ဝယ်ယူအား ပေးသူများ၏ စိတ်ကျေနပ်စေခြင်းအပေါ် ပိုမိုအာရုံစိုက်စေနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။
“ကျွန်တော်တို့ Carlsberg Myanmar က ထုတ်ကုန်တွေရဲ့အရည်အသွေးမြင့်မားမှုတစ်ခုတည်းကိုတင် ဂုဏ်ယူတာ မဟုတ်ပါဘူး။ တန်ဖိုးထားရတဲ့ရောင်းချသူတွေနဲ့ကြားက ဆက်ဆံရေးအရည်အသွေးအတွက်လည်း ဂုဏ်ယူပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်မှုက ငွေသားကိုင်တွယ်သုံးစွဲမှုရဲ့ ကုန်ကျစရိတ်တွေကိုလျှော့ချပေးနိုင်ပြီး ကျွန်တော်တို့နဲ့ရောင်းချသူ တွေကြားက ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ်တွေအားလုံးကိုပိုပြီး တိုးတက်ထိရောက်လာစေနိုင်မှာဖြစ်လို့ Ongo နဲ့ ပူးတွဲလုပ် ဆောင်ရတာအတွက် တကယ်စိတ်လှုပ်ရှားမိပါတယ်”ဟု မြန်မာနိုင်ငံရှိ Carlsberg ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Christoph Vavrik မှ ပြောကြားသည်။

Photo Source – https://www.facebook.com/ongoemoney/

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် Carlsberg သည် နိုင်ငံတွင်းဈေးကွက်တွင် သိသာထင်ရှားစွာ ကြီးထွားလာခဲ့ပြီး ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်းမှ ဝယ်ယူအားပေးသူပေါင်း (၃၇၀၀) ကျော်အတွက် ဝန်ဆောင်မှုပေးလျက် ရှိသည်။ ရောင်းချသူများနှင့် Carlsberg တို့အကြား ငွေပေးချေမှုများကို ပိုမို ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ရောင်းချသူတစ်ဦးချင်းစီ၏ သတင်းအချက်အလက်အသေး စိတ်ကို အချိန်နှင့်တပြေးညီရရှိနိုင်မည်ဖြစ်ပြီး ငွေပေးချေမှု တိုင်းကို မြန်ဆန်လုံခြုံစေကာ စားသုံးသူများနှင့်ပိုမိုထိထိရောက်ရောက် ချိတ်ဆက်နိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတစ်ခုမှတစ်ခုသို့ ဒစ်ဂျစ်တယ်ငွေပေးချေဝန်ဆောင်မှု ဈေးကွက်ကို ဦးဆောင်နေသည့် Ongo သည် စီးပွားရေးလုပ်ငန်း ၁၃၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ Ongo ၏ ဝန်ဆောင်မှုအပေါ် ကျေနပ်သဘောကျသည့် သုံးစွဲသူကော်ပိုရိတ်လုပ်ငန်းစာရင်းမှာ နေ့စဉ်နှင့်အမျှ တိုးပွားနေပြီး အဆိုပါစာရင်းတွင် Carlsberg ကိုလည်း ထည့််သွင်းနိုင်ခဲ့သည်။ ငွေကြေးကောက်ခံခြင်းနှင့် ငွေပေးချေခြင်းဝန်ဆောင်မှုများအပြင် Ongo သည် Carlsberg ကဲ့သို့သော ၎င်းတို့၏ သုံးစွဲသူကော်ပိုရိတ် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ငွေပေးချေမှု အချက်အလက်များ နှင့် အဆိုပါအချက်အလက်များကို အသုံးပြုထားသည့် ဈေးကွက်ချဲ့ထွင်မှုနည်းစနစ်များကိုလည်း ပံ့ပိုးပေးမည် ဖြစ်ပါသည်။

Photo Source – https://ongo.com.mm/my/company

“နိုင်ငံတွင်းဈေးကွက်ဦးဆောင်လုပ်ငန်းအမျိုးမျိုးနဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်နေရတာကို Ongo အနေနဲ့ ဂုဏ်ယူပါတယ်။ အခုလို Carlsberg နဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်အသစ်တစ်ခုရတာကလည်း အဲ့ဒီလို ဂုဏ်ယူစရာတွေထဲက တစ်ခု ပါပဲ။ Ongo နဲ့ Carlsberg တို့ကြားက မိတ်ဖက်လုပ်ဆောင်မှုက စိတ်လှုပ်ရှားစရာကောင်းတဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်ပြီး တော့ ကျွန်တော်တို့ Ongo အနေနဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်နိုင်လာစေဖို့ ဆက် လက်ကူညီပေးသွားမှာဖြစ်သလို ရိုးရှင်း၊ မြန်ဆန်ပြီးလုံခြုံတဲ့ ငွေပေးချေမှုနည်းလမ်းတွေ လည်း ထောက်ပံ့ပေးသွားမှာပါ” ဟု Ongo ၏ CEO ဖြစ်သူ Allen Gilstrap ကပြောကြားသည်။
ဈေးကွက်ဦးဆောင်သူဖြစ်သည့် Ongo သည် စီးပွားရေးလုပ်ငန်းတစ်ခုမှတစ်ခုအကြား ဒစ်ဂျစ်တယ်ငွေပေးချေမှုမိတ်ဖက် လုပ်ဆောင်မှုများအပြင် အရောင်းဆိုင်/ရောင်းချသူ ၂၆,၀၀၀ကျော်၊ အသုံးပြုသူ ငါးသိန်းကျော်နှင့်လုပ်ငန်းဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ် ၅၅ မြို့သို့ ကွန်ယက်ဖြန့် ကျက်ထားခဲ့ပြီးလည်းဖြစ်သည်။
Ongo သည် Ronoc Myanmar Limited ၏ အမှတ်တံဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဈေးကွက်ဦးဆောင် B2B ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများမှ တစ်ခုဖြစ်သည်။ Ongo သည် မြန်မာနိုင်ငံမှ မြို့ပေါင်း ၅၅ မြို့တွင် ကိုယ်စားလှယ်ဝန်ထမ်းပေါင်း (၁၈၀၀) ဖြင့် သုံးစွဲသူကော်ပိုရိတ်လုပ်ငန်းပေါင်း ၁၃၀၊ ရောင်းချသူ/အရောင်းဆိုင် (၂၆၀၀၀) နှင့် အသုံးပြုသူ ငါးသိန်းကျော်တို့အတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။
Myanmar Carlsberg Company Ltd (MCCL) သည် Carlsberg Group (ပိုင်ဆိုင်မှု ၅၁%) နှင့် Myanmar Golden Star (ပိုင်ဆိုင်မှု ၄၉%) တို့အကြား နှစ်ဦးအကျိုးတူပူးပေါင်းဆောင်ရွက်ထားသည့် ကုမ္ပဏီ ဖြစ်သည်။
Carlsberg သည် ၂၀၁၅ ခုနှစ်၊ မေလ၊ ၇ ရက်နေ့တွင် ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ကီလို ၈၀ အကွာ ပဲခူးမြို့တွင် ဘီယာစက်ရုံသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ၎င်းသည် မြန်မာနိုင်ငံတွင်း နိုင်ငံတကာမှ ပထမဆုံး ဘီယာချက်စက်ရုံတစ်ခုဖြစ်ပြီး Carlsberg သည် နိုင်ငံတကာ အမှတ်တံဆိပ်များဖြစ်သော “Carlsberg” နှင့် “Tuborg” တို့အပြင် နိုင်ငံတွင်း၌ ဖန်တီးချက်လုပ်သော “YOMA” နှင့် “Black Eagle” ဟူသော ဘီယာနှစ်မျိုးကိုလည်း ချက်လုပ်လျက်ရှိသည်။