တစ်လ ဒေါ်လာ ၂၀ ကျသင့်မယ့် Twitter ရဲ့ Verified Account အစီအစဉ်

Twitter Company ကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ အီလွန်မတ်စ်က ဝယ်ယူပြီးတဲ့နောက်မှာပဲ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့ Twitter ရဲ့ Subscription စနစ်ကို ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။

အရင်က Twitter ကုမ္ပဏီရဲ့ Subscription ဟာ တစ်လကို ၄.၉၉ ဒေါ်လာနဲ့ အခြားထပ်ဆောင်းထည့်ထားတဲ့ Feature တွေကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Twitter Blue Subscription ဆိုတဲ့ Blue Mark ပါဝင်မယ့် Subscription ကို တစ်လ ၁၉.၉၉ ဒေါ်လာနဲ့ ရောင်းချဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ Blue Mark ဆိုတာကတော့ အသုံးပြုသူရဲ့ Profile ဘေးမှာ၊ နာမည်ဘေးမှာ၊ ကောမန့်နဲ့ Post တွေဘေးက အမှန်ခြစ်သင်္ကေတကို ဆိုလိုတာဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ဒီအသုံးပြုသူကို ကုမ္ပဏီဘက်က အသိအမှတ်ပြုထားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။ လက်ရှိအစီအစဉ်တွေအရတော့ Verified ဖြစ်နေတဲ့ လက်ရှိ Twitter အသုံးပြုသူတွေဟာ ရက် ၉၀ အတွင်း Subscribe မပြုလုပ်ရင်တော့ သူတို့ရဲ့ Blue Checkmark ဟာ ပျောက်ကွယ်သွားမယ်လို့ သိရပါတယ်။ 

Twitter ကိုဝယ်ယူလိုက်တဲ့ အီလွန်မတ်စ် ဟာလည်း Twitter ရဲ့ Verified Account နဲ့ Bots တွေကို ပြန်လည်ပြင်ဆင်ချင်တယ်လို့ ပြောခဲ့ပြီး အခုလက်ရှိမှာလည်း ပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုလည်း အောက်တိုဘာလ ၃၁ ရက်နေ့က Tweet ထားပါသေးတယ်။

Twitter ရဲ့ Twitter Blue Subscription ဟာ လွန်ခဲ့တဲ့ တစ်နှစ်ဝန်းကျင်က စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး  ad-free article တွေကို ကြည့်ရှုနိုင်ဖို့အတွက် စတင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ undo tweet, ad တွေမပါဝင်ခြင်း၊ publish ပြုလုပ်လိုက်တဲ့ Tweet ကို ပြင်ဆင်တာတွေနဲ့ Bookmark တွေကို Folder အနေနဲ့ ပြင်ဆင်တာ၊ Pin Conversation အပြင် ၁၀ မိနစ်နှင့် အထက် ဗီဒီယိုဖိုင်တွေကို တင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ စတင်ခဲ့တဲ့အချိန်ကတော့ တစ်လကို ၂.၉၉ ဒေါ်လာနဲ့ ရောင်းချပေးခဲ့ပြီး ၄.၉၉ ဒေါ်လာ ထိ ဈေးတက်သွားခဲ့တာလည်း ဖြစ်ပါတယ်။