Visa ၏ လေ့လာဆန်းစစ်ချက်မှ အာရှပစိဖိတ်ဒေသအတွင်း စမတ်ဖုန်းငွေပေးချေမှု ဆိုင်ရာ နည်းလမ်းများ အတွက် အခွင့်အလမ်းသစ်တွေ့ရှိ

COVID-19 ကာလအတွင်း အာရှပစိဖိတ်ဒေသတွင်းရှိ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများသည် ဒီဂျစ်တယ်ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာခဲ့သည်ကို တွေ့ရှိခဲ့ရသောကြောင့် အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ်စီးပွားရေးသို့ ပိုမိုကူးပြောင်းလာနိုင်ရေးအတွက် Tap to Phone စနစ်ဝန်ဆောင်မှု များကို အရှိန်မြှင့်တင်ရန် ငွေပေးချေမှုလုပ်ငန်းကဏ္ဍ တစ်ခုလုံးကို Visa မှ စဥ်ဆက်မပြတ် တိုက်တွန်းလျက် ရှိသည်။

Tap to Phone စနစ်ဖြင့်  ရောင်းချသူများအနေဖြင့် Visa ၏ Contactless ငွေပေးချေမှုများအတွက် သီးခြား ငွေလက်ခံစက် မလိုဘဲ  ကိုယ်ပိုင် Android NFC-enabled Smartphone များဖြင့် တိုက်ရိုက် လက်ခံရရှိနိုင်စေသည်။

Photo Source https://web.facebook.com/VisaMM/

Visa ၏ လေ့လာချက်အသစ်တစ်ခုတွင် အာရှပစိတ်ဖိတ်ဒေသတွင်း၌ Tap to Phone ငွေပေးချေမှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ဒေသတွင်းရှိ သုံးစွဲသူအများစု (၅၅ ရာခိုင်နှုန်း) သည် အဆိုပါ စနစ်ကို အသုံးပြုနိုင်ခြေ များသည်ဟု တွေ့ရှိရသည်။ သုံးစွဲသူ စိတ်ဝင်စားမှုတွင် မလေးရှားက (၆၄ ရာခိုင်နှုန်း) ဖြင့် အများဆုံး ဖြစ်ပြီး ထိုင်ဝမ်က (၆၂ ရာခိုင်နှုန်း)၊ ဟောင်ကောင်က (၆၂ ရာခိုင်နှုန်း) နှင့် အိန္ဒိယက (၅၅ ရာခိုင်နှုန်း) စသည်ဖြင့် အသီးသီး တွေ့ရှိရသည်။ ထို လေ့လာချက်တွင် အာရှပစိဖိတ်ဒေသတွင်းရှိ သုံးစွဲသူများ အနေဖြင့် Contactless  ငွေပေးချေခြင်းစနစ်နှင့် ရင်းနှီးပြီးသား ဖြစ်သောကြောင့် Tap to Phone ဝန်ဆောင်မှုများကို စတင်မိတ်ဆက်ပါက ကြိုက်နှစ်သက်ကြလိမ့်မည်ဟု ခန့်မှန်း အကြံပြုထားသည်။

“Tap to Phone ငွေပေးချေမှုက လုံခြုံရေးစနစ်တွေ ပါဝင်ပြီး တခြား ထိပြီး ပြုလုပ်ရတဲ့ ငွေပေးချေမှုတွေနဲ့ ဆင်တူ ပါတယ်။ ကတ်၊ ငွေပေးချေလို့ရတဲ့ Smart Device ဒါမှမဟုတ် ဖုန်း စတာတွေကို အရောင်းကောင်တာမှာရှိတဲ့ ငွေပေးချေမှု လက်ခံစက်တွေမှာ ထိပြီး သုံးရမယ့်အစား  ရောင်းချသူရဲ့ Smartphone မှာ ထိပြီး ငွေပေးချေမှု ပြုလုပ်ရုံပါပဲ။ ရောင်းချသူတွေအတွက်တော့ ငွေပေးချေမှု လက်ခံဖို့အတွက် စက်တွေအမျိုးမျိုး မလိုအပ်တော့ဘဲ ဒီဂျစ်တယ် ငွေပေးချေမှုတွေကို လက်ခံနိုင်မှာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ Tap to Phone စနစ်ဟာ ငွေကုန်ကြေးကျ သက်သာစွာနဲ့ Visa ငွေပေးချေမှုကို လက်ခံနိုင်ပြီး ဒီဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်မယ့် နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်” လို့ Visa ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဌဖြစ်သူ Chris Clark က ပြောကြားခဲ့ သည်။

Tap to Phone စနစ်သည် စီးပွားရေးလုပ်ငန်းများအတွက် ရောင်းဝယ်ဖောက်ကားမှု အခြေခံလိုအပ်ချက်တစ်ခုလုံးကို လွယ်ကူ သွားစေသည့်အပြင် သုံးစွဲသူများအတွက်လည်း အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါသည်။ သုံးစွဲသူများကို စစ်တမ်း ကောက်ယူခဲ့ရာ ၅၂ ရာခိုင်နှုန်းက သုံးစွဲရလွယ်ကူခြင်းသည် ၎င်းတို့ကို Tap to Phone စနစ်အား အသုံးပြုစေရန် လှုံ့ဆော် နိုင်သည့် အဓိက အကြောင်းပြချက် ဖြစ်သည်ဟု ဖော်ပြခဲ့ကြပြီး ၅၁ ရာခိုင်နှုန်းက အချိန်ကုန်သက်သာသောကြောင့်နှင့် ၅၀ ရာခိုင်နှုန်းက ငွေသားကိုင်ဆောင်စရာ မလိုသောကြောင့်ဟု ဖြေဆိုခဲ့ကြသည်။

သုံးစွဲသူ ၄၃ ရာခိုင်နှုန်းက လုံခြုံမှုသည် ၎င်းတို့အား Tap to Phone ငွေပေးချေမှုစနစ်ကို  ပြောင်းလဲအသုံးပြုရန် အားပေးသည့် အချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော် သုံးစွဲသူများကို လုံခြုံရေး စနစ်ပါဝင်မှုများနှင့် ပတ်သက်၍ ပညာပေးရန် ဒီဂျစ်တယ်ငွေပေးချေမှုနယ်ပယ်ရှိ လုပ်ငန်းများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု Visa မှ ယုံကြည်ထားသည်။ ကိုယ်ရေးကိုယ်တာ သို့မဟုတ် ဘဏ္ဍာရေးအချက်အလက်ဆုံးရှုံးခြင်းကို Tap to Phone ၏ အဓိက စိုးရိမ်ဖွယ်အချက်များအဖြစ် ထင်မြင်ကြောင်း ဖြေဆိုခဲ့ကြသည်။ Tap to Phone စနစ်တွင် Visa ၏ မြင့်မားသော လုံခြုံမှုဆိုင်ရာ ငွေပေးချေမှုစံနှုန်းအတိုင်း ဝယ်သူနှင့် ရောင်းသူနှစ်ဘက်လုံးအတွက် လုံခြုံရေးစနစ် အဆင့်ဆင့် ထားရှိထား သည်။ စနစ်တစ်ခုချင်းစီသည် လုံခြုံရေး ဆိုင်ရာဌာနမှ အသိအမှတ်ပြု အကဲဖြတ်ခြင်းအပါအဝင် အထူးကြပ်မတ် လက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို လက်ခံယူ ထာပြီးဖြစ်သည်။ ဤစနစ်များအားလုံးသည် PCI Security Standards Council မှ သတ်မှတ်ထုတ်ဝေထားသည့်  စံနှုန်းများနှင့်လည်း သေချာစစ်ဆေးထားပြီးဖြစ်သည်။

Photo Source https://web.facebook.com/VisaMM/

Visa သည် သုံးစွဲသူများအနေဖြင့် ဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်ဖွယ် အများဆုံးရှိသည့် နေရာများကိုလည်း လေ့လာခဲ့သည်။ ပါဝင်ဖြေကြားသူ ၅၉ ရာခိုင်နှုန်းသည် Convenience Store များကို ရွေးချယ်ခဲ့ကြပြီး လွယ်ကူလျင်မြန်သည့် ငွေပေးချေနိုင်မှု များကို လိုလားကြောင်း ဖြေကြားခဲ့သည်။ ပါဝင်ဖြေကြားသူ ထက်ဝက်ကျော် (၅၆ ရာခိုင်နှုန်း) ကမူ စားသောက်ဆိုင်များတွင် ထိုင်ရာကနေမထဘဲ ငွေပေးချေလိုကြောင်း ပြောကြားခဲ့သည်။ မုန့်စျေးတန်းများ၊ လမ်းဘေးစျေးဆိုင်များနှင့် အခြားဆိုင်ငယ် များသည် ပါဝင်ဖြေကြားသူ ၅၂ ရာခိုင်နှုန်း၏ ရွေးချယ်မှုဖြင့် တတိယ လူကြိုက်အများဆုံး ဖြစ်ခဲ့ကြသည်။

Visa သည် ယခုလက်ရှိတွင် စျေးကွက်အတွက် နည်းလမ်းသစ်များ ဖန်တီးပေးနိုင်ရန် ၎င်းမှ ထောက်ခံချက်ပေးထားသည့် နည်းပညာပံ့ပိုးသူ ၉ ဦး၊ ဝယ်ယူသူများ၊ ဘဏ္ဍာရေးနည်ပညာလုပ်ငန်းများ (Fintechs) နှင့် လက်တွဲလုပ်ဆောင်လျက်ရှိသည်။ Visa နှင့် ၎င်း၏ မိတ်ဖက်များမှ မလေးရှားနှင့် အိန္ဒိယတို့တွင် Tap-to-phone စနစ်ကို စတင်မိတ်ဆက်ခဲ့ပြီး လာမည့် လများအတွင်း အာရှပစိဖိတ်စျေးကွက်များတွင်လည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။