“World Robot Games (Myanmar) 2020” ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်အသင်း၏ ဦးဆောင်မှုဖြင့် Clash of Robots Team (COR ) နှင့် ပူးပေါင်း၍ ကျင်းပသော World Robot Games (Myanmar) ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄ – ၂၅ – ၂၆) ၌ Conference Hall, Main Building, MICT Park တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Photo source – http://bit.ly/2srd60Z

World Robot Game သည် Microcontroller Board များကို အသုံးပြုတည်ဆောင်ထားသော Robot များဖြင့် ယှဉ်ပြိုင်ကစားရမည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။ World Robot Game ကို ၂၀၁၄ ခုနှစ်၌ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် အင်ဒိုနီးရှားမှ ပွဲစီစဉ်သူများ ဆွေးနွေးတိုင်ပင်ကြပြီး ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နှစ်အလိုက် ကျင်းပခဲ့သော ပြိုင်ပွဲများကို ၂၀၁၅ ခုနှစ် (အင်ဒိုနီးရှားနိုင်ငံ)၊ ၂၀၁၆ ခုနှစ် (အင်ဒိုနီးရှားနိုင်ငံ)၊ ၂၀၁၇ ခုနှစ် (စင်္ကာပူနိုင်ငံ)၊ ၂၀၁၈ ခုနှစ် (ထိုင်းနိုင်ငံ)၊ ၂၀၁၉ ခုနှစ် (ထိုင်းနိုင်ငံ) တို့မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။

Game အမျိုးအစားမှာ တစ်မျိုးတည်းမဟုတ်ဘဲ Junior, Senior, Master ဟု အကန့်အသတ်ဖြင့် Sumo, Rugby, Line Tracing စသည်တို့ကို အခြေခံသည့် ကစားနည်းပေါင်း ၁၀ မျိုးကျော်ကို ပါဝင်ယှဉ်ပြိင်ရခြင်း ဖြစ်ပါသည်။

Photo source – Myanmar Tech Press

World Robot Game (Myanmar) ပြိုင်ပွဲရည်ရွယ်ချက်မှာ ကျောင်းသားကျောင်းသူများ၏ နည်းပညာ တီထွင်ဆန်းသစ်မှုများ၊ ကျောင်းတွင်း အဖွဲ့အစည်း Team Work လုပ်ဆောင်မှုများ၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံနည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ ဝေဖန်ဆန်းစစ်ခြင်း၊ ပူးပေါင်းဆောင်ရွက် ဖလှယ်မှုများအား ပြိုင်ပွဲမှတစ်ဆင့် လက်ဆင့်ကမ်းပြန့်ပွားနိုင်စေရန် ဖြစ်ပါသည်။ ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ သိပ္ပံနှင့် နည်းပညာ အသစ်အဆန်းများအား လေ့လာသူများ၊ ICT ဆိုင်ရာသင်တန်းကျောင်းများ၊ ပညာရေးနယ်ပယ်မှ သင်တန်းကျောင်းများနှင့် အစိုးရပညာရေးဆိုင်ရာကျောင်းများ၏ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ၌ အနိုင်ရရှိသည့် အသင်းများအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိင်ရန် ထောက်ပံ့မှုများ ရရှိမည်ဖြစ်ကြောင်းလဲ သိရသည်။

ပြည်တွင်းအဆင့်ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များအနေဖြင့် အသက် ၁၀ နှစ်မှစတင်ပြီး Junior Level နှင့် Senior Level တို့ဖြင့် Rugby Robot (Senior Level – University), On-Water Robot (Senior Level – University), and Line Tracing (Junior Level – Primary, Secondary, High School) စသည့်ပြိုင်ပွဲအမျိုးအစားများ ပါဝင်မည် ဖြစ်ပါသည်။

Photo source – Myanmar Tech Press

“၂၀၁၉ ခုနှစ် သြဂုတ်လတုန်းက နိုင်ငံတကာပြိုင်ပွဲမှာ ကျွန်တော်တို့သွားရောက်ယှဉ်ပြိုင်ခဲ့ပါ တယ်။ မြန်မာပြည်က သွားပြိုင်တာ (၈) ယောက်ပေါ့။ သူများနိုင်ငံတွေက လာပြိုင်တဲ့အထဲမှာ ၁၀ နှစ် ကနေ ၁၂ အရွယ်အထိ ကလေးတွေပါဝင်နေတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံရဲ့ ထောက်ပံ့ ပေးနိုင်မှုကိုလည်းသဘောကျခဲ့မိပါတယ်။ မိဘတွေကလည်း လာအားပေးတာကို တွေ့ရတယ်။ လာရောက်ယှဉ်ပြိုင်တဲ့အထဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စတဲ့သူ့အဆင့်အလိုက် ထည့်သွင်းယှဉ်ပြိုင်စေတာပါ။ ခုပြိုင်မယ့် ပြိုင်ပွဲအတွက် ဆုကြေးကိုတော့ ကျွန်တော်ကြိုမပြော သေးပါဘူး။ အနားကပ်လာမှပဲ အားလုံးသိအောင်ကြေငြာပေးမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း အတွင်းရေးမှူးမှ ပြောကြားသည်။

World Robot Games (Myanmar) 2020 ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် စိတ်ဝင်စားသည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာပုံစံ၊ စည်းကမ်းချက်များကို MCPA Website www.mcpamyanmar.org နှင့် Facebook link https://www.facebook.com/corMyanmar/ နှင့် www.facebook.com/World.Robot.Games.Myanmar/ တွင် Download ရယူပြီး လျှောက်ထားနိုင်ပါသည်။ ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထားပြီး MCPA ရုံး၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park – ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၀၆၅၊ ၀၉-၇၆၀၈၉၆၀၃၀၊ ၀၉-၄၄၃၉၃၆၅၈၅ သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ Email – office@mcpamyanmar.org သို့လည်းကောင်း ပေးပို့လျှောက်ထား နိုင်ပါသည်။