ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုဆရာဖြစ်သင်တန်း ၂၀၁၉ သင်တန်းဆင်းပွဲကျင်းပ

မြန်မာပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT နှင့် NLD ပညာရေးကွန်ရက်တို့ပူးပေါင်းကာ ကွန်ပျုတာပညာ ကျွမ်းကျင်မှုဆရာဖြစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် မိုက်ခရိုဆော့ဖ်ကွန်ပျူတာ အက်ပလီကေးရှင်းများနှင့်အဆင့်မြင့်အိုင်တီနည်းပညာကျွမ်းကျင်မှုများကို ထိရောက်စွာသင်ကြားပို့ချနိုင်မည့် နည်းစနစ်ကောင်းများကို အဓိကထားသင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ၊ သင်တန်း သား စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ သင်တန်းသား၊ သင်တန်းသူများကိုလည်း နိုင်ငံတစ်ဝန်း ရှိ NLD ပညာရေးကွန်ရက် သင်တန်းကျောင်းများမှတစ်ဆင့် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး NLD ပညာရေးကွန်ရက် သင်တန်း ကျောင်းများတွင် အခြေခံကွန်ပျူတာသင်တန်းများ တက်ရောက်ခဲ့ပြီးကြသူများလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“အခြေခံကွန်ရက်ချိတ်ဆက်မှုတည်ဆောက်တာဟာ ဒီဂျစ်တယ်နည်းပညာအသုံးချမှု မြင့်လားလာဖို့နဲ့ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု ကွာဟချက်ကို လျှော့ချဖို့အတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ဒီပြဿနာကို အမှန်တကယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းအဖြစ် ကျွန်တော်တို့ MPT နဲ့အတူလက်တွဲပြီး မြန်မာ့လူမှုအသိုင်းအဝန်းတစ်ခုလုံးနဲ့ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေရဲ့ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟု NLD ပညာရေးကွန်ရက်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

Photo Source By Myanmar Tech Press

ကွန်ပျုတာပညာကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း စတင်ချိန်မှ နှစ်နှစ်အတွင်း သက်ဆိုင်ရာဒေသများတွင်နေထိုင်သည့် လူငယ် များအတွက် အရေးပါသော ကွန်ပျူတာနည်းပညာများကို သင်ကြားပို့ချပေးနိုင်မည့် သင်တန်းသား ၁၀၀ ကို မွေးထုတ်ပေးခဲ့ ပြီးဖြစ်ကြောင်းလည်းသိရသည်။
“ကျွန်တော်တို့ရဲ့ ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ အစီအစဉ်ဟာ ဒေသခံလူမှုအသိုက်အဝန်းကို ကောင်းကျိုးဖြစ်ထွန်း စေနိုင်ရုံသာမက လူငယ်လူရွယ်တွေအတွက် ဒီဂျစ်တယ်ပညာရပ်ကျွမ်းကျင်မှုတွေကို တိုးတက်စေမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်တော့မှာဖြစ်တဲ့အတွက် အထူးပဲဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါ့အပြင် ဒီနေ့မှာလည်း ကျွန်တော်တို့ရဲ့ အခုလို ဒီဂျစ်တယ်ပညာရေးအစီအစဉ်ကတစ်ဆင့် သင်တန်းပြီးစီးသွားသူတွေအမြောက်အများ ပေါ်ထွက် လာတာကို မြင်တွေ့ရခြင်းဟာ ဒီလိုကောင်းမွန်တဲ့အလားအလာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်အနာဂတ်မှာ မြန်မာ့လူမှု အသိုက်အဝန်းကို တိုးတက်စေမယ့် လူငယ်မျိုးဆက်သစ်တွေပိုပြီးတော့ အကျိုးအမြတ်ဖြစ်ထွန်းစေဖို့အတွက် ဒီသင်တန်းကို NLD ပညာရေးကွန်ရက်နဲ့အတူ လာမယ့်နှစ်မှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သတင်းကောင်းပါး ပြောကြားလိုပါ တယ်” ဟု MPT-KSGM JO ၏ လုပ်ငန်းလည်ပတ်မှုဌာနအရာရှိချုပ်ဖြစ်သူ Mr.Khichi Kasuya ကပြောကြားသည်။

Photo Source By Myanmar Tech Press

ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ အစီအစဉ်အား ပညာရေး၊ ကျန်းမာရေးနှင့်စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စ သည့် အဓိကမဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လူမှုအကျိုးပြုလုပ်ငန်းများ၏ တစ်စိတ်တစ် ပိုင်းအဖြစ် စတင်ခဲ့ခြင်းလည်းဖြစ်သည်။ MPT နှင့် NLD ပညာရေးကွန်ရက်တို့ပူးပေါင်းပြီး မြို့ပြမဟုတ်သည့် ဒေသများတွင် နေထိုင်သည့် လူငယ်များအား ပညာရေးနှင့်နည်းပညာပိုင်းတို့ လက်လှမ်းမှီစေရန် ရည်ရွယ်ချက်များဖြင့်ပြုလုပ်သည့် ယခုအစီ အစဉ်အား ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှ ကျောင်းသူ၊ ကျောင်းသားပေါင်း ငါးထောင်ကျော် ကို အခြေခံ ကွန်ပျူတာနည်းပညာ ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးခဲ့ပြီး ဖြစ်ကြောင်းလည်းသိရသည်။
“ကျွန်တော့်အနေနဲ့ ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ အစီအစဉ်ကနေ သင်တန်းပြီးဆုံးအောင်မြင်ခဲ့ပြီဖြစ်ပြီး IT နည်း ပညာရပ်နဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုကို ကျွန်တော်တို့ ရဲ့ လူ့ပတ်ဝန်းကျင်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် သူတို့ရဲ့ဘဝမှာ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်စေဖို့ ပြန်လည်မျှဝေပေးနိုင်တော့မှာဖြစ်လို့ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ကွန်ပျူတာပညာကျွမ်းကျင်မှုဆရာဖြစ်သင် တန်း တက်ရောက်ခဲ့သည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်သူရက ပြောကြားသည်။