အက်တမ်(ATOM) မှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုရှိစေရေး ကတိပြုလုပ်ဆောင်ခြင်းအတွက် ISO 14001:2015 အသိအမှတ်ပြုလက်မှတ်ရရှိ

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) ၏ စီမံခန့်ခွဲရေးရုံးချုပ် မှ ရေရှည်တည်တံ့ခိုင်မြဲရေး ခရီးလမ်း တစ်လျှောက် ဆက်သွယ်ရေးလုပ်ငန်းလည်ပတ်မှုများအတွက် နိုင်ငံတကာအသိအမှတ်ပြု ISO 14001:2015 လက်မှတ်အား အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် ရယူနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးကြေညာလိုက်ပါသည်။ ယခုရရှိသော အောင်မြင်မှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန်နှင့် စိမ်းလန်းကြံ့ခိုင်သော အနာဂတ် မြန်မာနိုင်ငံ ဖန်တီးတည်ဆောက်ရာတွင် အက်တမ်(ATOM) ၏ အခန်းကဏ္ဍအား ရေရှည်တည်တံ့မှုကို ဦးစားပေးသော အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ပိုမို အားကောင်းလာစေပါသည်။

ISO 14001:2015 သည် ထိရောက်သော သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်အတွက် မူဘောင်များ ချမှတ်ပေးသော နိုင်ငံတကာအသိအမှတ်ပြု စံညွှန်းတစ်ခု ဖြစ်ပါသည်။ အဆိုပါ အသိအမှတ်ပြုလက်မှတ် ရရှိခြင်းသည် အက်တမ်(ATOM) ၏ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများ စီမံခန့်ခွဲခြင်း၊ ဘေးအန္တရာယ်များလျှော့ချခြင်း နှင့် လုပ်ငန်းလည်ပတ်မှုများ တစ်လျှောက် ရေရှည်တည်တံ့ခိုင်မြဲရေးအား စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းများအတွက် အားထုတ်ကြိုးပမ်းမှုကို ထင်ဟပ်စေပါသည်။

ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အဖွဲ့အစည်းအတွင်း လပေါင်းများစွာ တစိုက်မတ်မတ် ပြင်ဆင်ခဲ့ခြင်း များ နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းများ၏ ရလဒ်တစ်ခုလည်း ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး စနစ် ဖော်ဆောင်ရေး သီးသန့်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် သင်တန်းပေး၍ တရားဝင် ရုံးတွင်းဆိုင်ရာ စာရင်းစစ် အဖွဲ့များဖွဲ့စည်းခြင်းအပါအဝင် နောက်ဆုံးအဆင့်အတွက် ပြင်ဆင်ခြင်းများအထိ အဆင့်တိုင်းသည် စုပေါင်း အင်အားဖြင့် လုပ်ဆောင်ခဲ့ကြခြင်း၊ စည်းကမ်းလိုက်နာကြခြင်း နှင့် ဝန်ထမ်းများအားလုံး အသင်း အဖွဲ့စိတ်ဖြင့် ဆောင်ရွက်ခြင်းများကြောင့် နောက်ဆုံးပန်းတိုင်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ အက်တမ်(ATOM) ၏ စဉ်ဆက်မပြတ်တိုးတက်ရေး နှင့် တာဝန်ခွဲဝေလုပ်ဆောင်တတ်ခြင်း ဆိုသည့် ယဉ်ကျေးမှုကို အမှန်တကယ် ကိုယ်စားပြုနေခြင်းလည်း ဖြစ်ပါသည်။

“သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းဆိုတာက မှန်ကန်တဲ့ အလုပ်တစ်ခုဖြစ်ရုံတင်မကဘဲ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အနှစ်သာရကိုပါ ဖော်ဆောင်နိုင်တယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Ahmad Abdallah မှ ပြောကြားခဲ့ပါသည်။ “စွမ်းအင်နှင့် စွန့်ပစ် ပစ္စည်းများ လျှော့ချသုံးစွဲခြင်းကစလို့ စွမ်းအင်အသစ်များ ပြန်လည်စုဆောင်းခြင်း၊ စွမ်းအင်ချွေတာသော အဆောက်အဦးများတည်ဆောက်ခြင်းနဲ့ လူမှုဝန်းကျင်အတွက် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများအထိ လုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းက အရေးပါပါတယ်။ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ် (EMS) အသိအမှတ်ပြုလက်မှတ် ရရှိခြင်းက လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းနယ်ပယ်နဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းအတွင်းမှာပါ အပြုသဘောဆောင် ကောင်းမွန်ပြီး ရေရှည်အကျိုးသက်ရောက်မှုရှိစေဖို့ ခရီးလမ်းတစ်လျှောက် ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင် တစ်ခုလို့ ဆိုနိုင်ပါတယ်။”

Image: ATOM

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ်အား အကောင်အထည်ဖော်သည့်အနေဖြင့် အက်တမ်(ATOM) မှ ဆိုလာစွမ်းအင်အသုံးပြုခြင်း၊ စွမ်းအင်သစ်ပြန်လည်ရရှိအောင်ဆောင်ရွက်ခြင်း၊ ရေရှည်တည်မြဲသော ဆက်သွယ်ရေး အခြေခံ အဆောက်အဦးများတည်ဆောက်ခြင်း နှင့် အရင်းအမြစ်များအား စီမံခန့်ခွဲအသုံးပြုခြင်း များကို ရင်းနှီးမြုပ်နှံဆောင်ရွက်ခဲ့ပါသည်။ ဆိုလာပြားများ တပ်ဆင်ပြီး တစ်နှစ်လျှင် မှန်လုံအိမ်ဓာတ်ငွေ့ တန် ၁,၀၀၀ ထိ လျှော့ချခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုကို လျော့ကျစေရန်  ဆိုလာ farm များကိုလည်း စီစဉ် ဆောက်လုပ်ခဲ့ပါသည်။ ထို့အပြင် နေပြည်တော်၊ တပ်ကုန်းမြို့ ‘အောက်ဆင်သေ သစ်တောကြိုးဝိုင်း’ အတွင်း မြေ (၅) ဧကပေါ်တွင် သစ်ပင်များ ထပ်တိုးစိုက်ပျိုးနိုင်ရန် ငွေကျပ် (၁၅၇) သိန်းကျော် မတည်ကာ လှူဒါန်းခဲ့ပါသည်။ အရင်းအမြစ်များ အလေအလွင့် မရှိစေရန် အက်တမ်(ATOM) မှ စွမ်းအင်နှင့်ရေအသုံးပြုမှုလျှော့ချခြင်း၊ စက္ကူသုံးစွဲမှုလျှော့ချခြင်း နှင့် သဘာဝပတ်ဝန်းကျင်အတွက်ကောင်းမွန်သော သန့်ရှင်းရေးသုံးပစ္စည်းများ အစားထိုး အသုံးပြုခြင်း စသည့်  တိုင်းတာနိုင်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်လျက် ရှိပါသည်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်၏ စည်းမျဉ်းစည်းကမ်း များကို အပြည့်အဝလိုက်နာရန် အက်တမ်(ATOM) မှ ဝန်ထမ်းများ အတွက် awareness session များကိုလည်း ပုံမှန် ပြုလုပ်ပေးလျက်ရှိပါသည်။ လုပ်ငန်းအား ဟန်ချက် ညီညီလည်ပတ်နိုင်ခြင်း၊ ဝန်ထမ်းများ ချိတ်ဆက် လုပ်ဆောင်ကြခြင်း နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုများ အတွက် လုပ်ဆောင်နေခြင်းများသည် အက်တမ်(ATOM) ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်များ ဆောင်ရွက်ရေး ရည်မှန်းချက်ကို ထင်ဟပ်နေပါသည်။

“ရုံးမှာရှိတဲ့ဝန်ထမ်းတိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်မှာ အလွန်အရေးပါပါတယ်။ ဝန်ထမ်း တစ်ဦးချင်းစီက ရိုးရှင်းတဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး အမူအကျင့်တွေ လုပ်ဆောင်ပြီး၊ ဒီ လုပ်ဆောင်ချက်တွေရဲ့ သက်ရောက်မှုတွေကို အမှန်တကယ်နားလည်မယ်ဆိုရင် စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အင်အားကြီးမားပုံကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်က တစ်ဦး ချင်းစီရဲ့ အားထုတ်မှုကို အဓိပ္ပါယ်ရှိတဲ့ အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ဖွဲ့စည်း တည်ဆောက်ပုံတွေ၊ လမ်းညွှန်ချက်တွေနဲ့ လိုအပ်တဲ့ အရာများကို ပံ့ပိုးပေးပါတယ်။ ဒါက လုပ်ငန်းစဉ်တွေ အတိုင်းလိုက်လံလုပ်ဆောင်ခြင်းဆိုတာထက် ယဉ်ကျေးမှုတစ်ခုကိုဖော်ဆောင်နေတာဖြစ်ပါတယ်။ ဒီမှာဆိုရင် တစ်ဦးချင်းစီရဲ့လုပ်ဆောင်ချက်တွေက အရေးကြီးတယ်ဆိုတာ သိနိုင်မယ်။ လုပ်ဆောင်ချက်တိုင်းက နောက်ထပ်ခြေလှမ်းတွေအတွက် အားအင်ဖြစ်စေပြီးတော့ ရေရှည်အကျိုးသက်ရောက်မှုကောင်းတွေ ဖန်တီး တဲ့နေရာမှာ ဝန်ထမ်းတစ်ယောက်ချင်းစီက ပါဝင်လုပ်ဆောင်နေတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးအတူတူသာဆိုရင် ရေရှည်တည်တံ့တဲ့ပန်းတိုင်တွေဆီ အင်အား အပြည့်နဲ့ လျင်လျင်မြန်မြန် ရောက်ရှိနိုင်ပါတယ်” ဟု အက်တမ်(ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမှုဆောင် အရာရှိချုပ် ကိုဇာနည်ထွန်း မှ ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်ရေးဆွဲရာတွင် လုပ်ဆောင်ချက်များအား စောင့်ကြည့်ခြင်း၊ စာရင်းစစ် ကိစ္စများဆောင်ရွက်ခြင်း နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ နှင့် စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများ အတွက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ သဘာဝ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ် ကြောင့် အက်တမ်(ATOM) အနေဖြင့် အစဉ်မပြတ် လုပ်ငန်းလည်ပတ်မှုများ ပိုမိုထိရောက်မြန်ဆန်အောင် လုပ်ဆောင်နိုင်ခြင်း၊ မိတ်ဖက်များ၏ ယုံကြည်မှုကို ပိုမိုရရှိနိုင်ခြင်း နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသော လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်ခြင်း များကို ဖန်တီးပေးနိုင်ပြီး ကမ္ဘာကြီးအား ပိုမိုစိမ်းလန်းအောင် ကာကွယ်ပေးရင်း ပိုမိုကောင်းမွန်သော အနာဂတ်ဆီကို အရောက် လှမ်းနိုင်မှာဖြစ်ပါသည်။