ဘတ္ထရီသက်တမ်းကြာကြာခံအောင် ဘယ်လို အားသွင်းကြမလဲ?

Laptop, Phone နဲ့ Tablet တွေမှာ ကြာရှည်အသုံးခံတဲ့ ဘတ္ထရီတွေထည့်သွင်းထားကြပေမယ့် ကြာရှည်ခံတဲ့ အချိန်ခြင်းကတော့ မတူကြပါဘူး။ ဘတ္ထရီရဲ့ Charging Level, အပူချိန်နဲ့ အားသွင်းပုံ အသုံးပြုပုံ ပေါ်မူတည်ပြီး ပြောင်းလဲ တတ်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုတဲ့ Device ကို ရေရှည် အသုံးပြုလိုသူတွေအတွက် ဘတ္ထရီကို ဂရုစိုက်အသုံးပြုဖို့အတွက် အရေးကြီးပါတယ်။ ကြာရှည်အသုံးခံတဲ့ ဘတ္ထရီဖြစ်ဖို့အတွက် သိထားသင့်တဲ့ အားသွင်းနည်းစနစ်တွေကို မျှဝေပေးလိုက်ပါတယ်။

Laptop ကိုအချိန်ပြည့် အားသွင်းထားသင့်လား?

အချိန်ပြည့် အားသွင်းထားသင့်လားဆိုတာကတော့ အမေးအများဆုံး မေးခွန်းတစ်ခုဖြစ်ပါတယ်။ အဖြေကတော့ အချိန်ပြည့်အားမသွင်းထားသင့်ပါဘူး။ ၄၀% နဲ့ ၈၀% အထိပဲ အားသွင်းထားသင့်ပါတယ်။ ဘတ္ထရီ ၄၀% အောက် ကျသွားမှ အားသွင်းတာကလည်း အကော်ငးဆုံးပါပဲ။ ဆက်တိုက်အားသွင်းထားတာမျိုးက ဘတ္ထရီ အပူချိန် လွန်ကဲစေပြီး ကြာရှည်အသုံးခံမှုကို ထိခိုက်စေနိုင်ပါတယ်။ နောက်ဆုံးပေါ် Laptop တွေမှာတော့ ဘတ္ထရီ ၁၀၀ ရာခိုင်နှုန်းပြည့်တာနဲ့ Power Supply ကိုဖြတ်တောက်ပစ်တဲ့ နည်းပညာကိုတော့ ထည့်သွင်း ပေးထားကြပါတယ်။ အကယ်၍ဆက်ပြီး အားသွင်းထားမည်ဆိုရင်လည်း အပူချိန်မတက်လာဖို့ ဂရုစိုက်ရပါမယ်။ 

အားကုန်သွားတဲ့အထိ အသုံးပြုပြီးမှ အားသွင်းသင့်သလား?

ဒါကလည်း နောက်ထပ် အမေးအများဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ်။ အားလုံးဝကုန်တဲ့အထိ အသုံးပြု လိုက်တာက ဘတ္ထရီတွေရဲ့ Charge Cycle ကို ထိခိုက်စေနိုင်ပါတယ်။ အချိန်ပြည့်အားသွင်းတာမျိုးက ဘတ္ထရီကို လုံးဝကြီးထိခိုက်စေတာမျိုးမဟုတ်ပေမယ့် Charge Cycle ကိုလည်ပတ်ဖို့အတွက် လိုအပ်တဲ့ အားပမာဏ မရှိရင်တော့ ဘတ္ထရီသက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အားလုံးဝကုန်သွားတဲ့အထိ အသုံး မပြုသင့်ပါဘူး။ ဘတ္ထရီအား ၄၀ နဲ့ ၈၀ ရာခိုင်နှုန်းကြားမှာထိန်းထားတာက အကောင်းဆုံးပါပဲ။

Cooling fan အသုံးပြုခြင်း

အသုံးပြုတာများလာတဲ့အတွက် အပူချိန်မြင့်တက်လာတာတွေက အမြဲဖြစ်ပါတယ်။ Laptop တွေမှာပါဝင်တဲ့ Cooling fan အလုပ်လုပ်ဖို့နဲ့ External Cooling Fan အသုံးပြုခြင်းကလည်း ဘတ္ထရီသက်တမ်းကို ထိန်းသိမ်း နိုင်ဖို့အတွက် လိုအပ်ပါတယ်။  Laptop တွေဟာ size ကိုလည်း အသေးနိုင်ဆုံးဖြစ်အောင်ပြုလုပ်ထားတဲ့အတွက် လေဝင်လေထွက်နည်းစေတဲ့ ပေါင်ပေါ်တင်သုံးတာ ခေါင်းအုံးပေါ်တင်သုံးတာတွေကိုလည်း မပြုလုပ်သင့်ပါဘူး။

Battery Health

Apple ရဲ့ Product တွေမှာတော့ Battery Health စစ်ဆေးနိုင်တဲ့ စနစ်ပါဝင်တဲ့အတွက် Battery Heath ရာခိုင်နှုန်းကို စစ်ဆေးနိုင်ပါတယ်။ Battery Health 80% အောက်ကိုရောက်ရှိတာနဲ့ Battery အသစ်ကို အစားထိုးပြောင်းလဲလိုက်သင့်ပါတယ်။

အပေါ်မှာဖော်ပြထားတဲ့အချက်တွေအပြင် အားသွင်းတဲ့ လျှပ်စစ် Voltage ပမာဏကိုလည်း ဂရုစိုက်သင့်ပါတယ်။ Voltage မြင့်နေတာ၊ နိမ့်နေတာနဲ့ အတက်အကျမငြိမ်တာကလည်း Battery သက်တမ်းကိုထိခိုက်နိုင်ပါတယ်။ ဘတ္ထရီတွေမှာ အပူချိန်ကအရေးကြီးတဲ့အတွက် အပူချိန် ၃၀ ဒီဂရီဆဲလ်ဆီးရပ်စ် ထက်ကျော်ရင် အန္တရာယ်နိုင်တဲ့ အတွက် ဂရုပြုသင့်ပါတယ်။