Viber မှ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ အထောက်အကူဖြစ်စေရန် Experience Myanmar Viber ချန်နယ်အား မိတ်ဆက်

Rakuten Viber သည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ပိုမိုမြင့်မားလာစေရန်အတွက် ထိပ်တန်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း Flymya နှင့် ပူးပေါင်း၍ Experience Myanmar Viber ချန်နယ်အား မိတ်ဆက်ခဲ့ကြောင်းသိရသည်။
အသစ် ပါဝင်လာသည့် Chatbot ဝန်ဆောင်မှု နှင့်အတူ Experience Myanmar Viber ချန်နယ်သည် မြန်မာနိုင်ငံအတွင်း ခရီးသွားလာခြင်းနှင့် ပတ်သက်၍ အသုံးပြုသူများ ရရှိလိုသည့် ဝန်ဆောင်မှုများအားလုံးကို တစ်နေရာတည်းတွင် သိရှိစီစဉ်နိုင်ရန် ကူညီ ပံ့ပိုးပေးသွားမည် ဖြစ်သည်။
အခမဲ့ အသုံးပြုနိုင်သည့်အပြင် ကမ္ဘာတဝန်းရှိ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် လိုအပ်သည့် ခရီးသွား ဝန်ဆောင်မှုများအား ၎င်း၏ ပလက်ဖောင်းမှတဆင့် ချိတ်ဆက်ကူညီပေးလျက်ရှိသည်။ အလားတူပင် မြန်မာနိုင်ငံ တွင်လည်း ခရီးသွားကဏ္ဍအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ ခရီးသွားလာမှုနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအား တစ်နေရာတည်းတွင် လွယ်ကူစွာ ရရှိနိုင်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် Viber ချန်နယ်နှင့် Chatbot တို့အား Flymya နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Photo Source https://www.facebook.com/viber

မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအားလုံးအား Viber ဂေဟစနစ် တစ်ခုတည်းအတွင်းမှ ရယူ အသုံးပြုနိုင်စေရန် လုပ်ဆောင်လိုက်သည့်အတွက် အသုံးပြုသူများအတွက်လည်း ယခင်ကထက် များစွာ အဆင်ပြေ လွယ်ကူသွားမည် ဖြစ်သည်။
သုံးစွဲသူများအနေနှင့် အဆိုပါ Viber ချန်နယ်မှတဆင့် ခရီးသွားလာမှုနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများ၊ အကြောင်းအရာများကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည့် အပြင် Experience Myanmar Bot မှတဆင့်လည်း ဝန်ဆောင်မှု ပေးအပ်သည့် အေးဂျင့်များနှင့် တွေ့ဆုံဆွေးနွေးသွား နိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းပြည်ပ လေယာဉ် ခရီးစဉ်များအား booking ပြုလုပ်ခြင်း၊ ဘတ်စ်ကား လက်မှတ်များဝယ်ယူခြင်းနှင့် နေထိုင်မည့်ကာလအလိုက် ဟိုတယ် Reservation ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။
အလားတူပင် အသုံးပြုသူများ အနေနှင့် ခရီးစဉ်နှင့်ပတ်သက်သည့် အရေးကြီးသော သတင်း အချက်အလက်နှင့် အကြောင်းအရာများ ကိုလည်း ချန်နယ်တွင် ရှာဖွေသိရှိနိုင်မည် ဖြစ်သည်။ ယခုနှစ် အစောပိုင်းကတည်းက စတင်ခဲ့သည့် Experience Myanmar Viber ချန်နယ်မှတဆင့် သုံးစွဲသူများသည် နေ့စဉ်ခရီးသွားဆိုင်ရာသတင်းများ၊ မဖြစ်မနေ သွားရောက်သင့်သည့်နေရာများ၊ ခရီးသွားဆိုင်ရာ စစ်တမ်းများ (Polls)၊ ညဏ်စမ်းပဟေဠိများ (Quizzes) နှင့် အထူးသီးသန့်ခရီးသွားပက်ကေ့ချ်များ၊ အထူးပရိုမိုးရှင်းများကို သိရှိရယူသွားနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/viber

လက်ရှိ သုံးစွဲသူပေါင်း ၅ သိန်းကျော် ရှိနေပြီ ဖြစ်သည့် Experience Myanmar ချန်နယ်မှတဆင့် သုံးစွဲသူများ အနေနှင့် နေ့စဉ် ခရီးသွားလာမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဘွတ်ကင်ပြုလုပ်မှုများအတွက် အထူး ခံစားခွင့်များနှင့် 24/7 Customer Service ဝန်ဆောင်မှုများကို ရရှိသွားနိုင်မည် ဖြစ်သည်။ အလားတူပင် Experience Myanmar ၏ Chatbot ကိုလည်း သြဂုတ်လ (၂၉) ရက်နေ့တွင် စတင်မိတ်ဆက်ခဲပြီး ဖြစ်သည့်အတွက် ခရီးသွားများ အနေနှင့် ခရီးသွားရာသီမတိုင်ခင်တွင်ပင် ၎င်းတို့၏ ခရီးစဉ်များကို အခက်အခဲမရှိ စနစ်တကျ စီစဉ်သွားနိုင်မည် ဖြစ်ကြောင်းသိရသည်။