ChatGPT 101: နေ့စဉ်ဘဝမှာ ChatGPT ကို ဘယ်လိုအသုံးပြုချကြမလဲ?

ဒီနှစ်တွေအတောအတွင်းမှာတင် AI ရဲ့အသုံးဝင်မှု အရေးပါမှုတွေက တစ်စတစ်စတိုးတက်လာပါတယ်။ ဒီလို တိုးတက်လာတဲ့ ရလာဒ်တွေအတွက်လည်း ChatGPT နဲ့ Midjourney လို AI Tool တွေကိုကြည့်ပြီး အဓိက သိနိုင်မှာ ဖြစ်ပါတယ်။

Chatbot တစ်ခုဖြစ်တဲ့ ChatGPT ဟာ နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ မေးလ်တွေ၊ အက်ဆေးရေးသားတာ၊ Code တွေစစ်ဆေးပေးတာတွေကို ပြုလုပ်ပေးနိုင်သလို ကိုယ့်အတွက် Suggestion ကောင်းတွေပေးနိုင်တဲ့ Tool တစ်ခု ဆိုလည်း မမှားပါဘူး။ ChatGPT ကိုအသုံးပြုပြီး ကိုယ်စိတ်ကူးနိုင်သလောက်ကို လုပ်နိုင်တယ်ဆိုပေမယ့် ဒီလို Tool တစ်ခုကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့ နည်းလမ်းကိုတော့ သိထားဖို့လိုပါသေးတယ်။ ဒီလိုသိထားနိုင်ဖို့အတွက် ChatGPT နဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အနှစ်ချုပ်ခြင်း

ထွက်ရှိလာတဲ့ စီးပွားရေး၊ နည်းပညာနဲ့ စာအုပ်မျိုးစုံကို တစ်အုပ်လုံးဖတ်ဖို့လည်း အချိန်မရှိဘူးဆိုသူတွေအတွက် ChatGPT ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် ChatGPT မှာ “summarize the Paris Apartment by Lucy Foley” ဆိုပြီး ကိုယ်သိချင်တဲ့ စာအုပ်နဲ့ စာရေးစရာနာမည်ကို ရိုက်နှိပ်လိုက်ရုံပါပဲ။

ပုံမှာဖော်ပြပေးထားတဲ့အတိုင်း ChatGPT အနေနဲ့ စာအုပ်ရဲ့ အနှစ်ချုပ်ကို ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် စာအုပ်တစ်အုပ်လုံးကို အစအဆုံဖတ်ရတာထက်စာရင်တော့ အချိန်ကုန်လည်းသက်သာမယ် စာအုပ် အကြောင်းအရာ ကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ ChatGPT ကအချိန်တိုအတွင်းဖော်ပြပေးတဲ့ အနှစ်ချုပ်ကိုဖတ်ပြီး စာအုပ်ကိုအချိန်ပေးဖတ်မလား မဖတ်ဘူးလား၊ ဝယ်မလား မဝယ်ဘူးလားဆိုပြီးလည်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

(၂) အကြံပြုပေးခြင်း

ရွေးချယ်စရာ များပြားတဲ့ဒီလိုခေတ်ကြီးမှာ ဘာကိစ္စပဲဖြစ်ဖြစ် အကောင်းဆုံး၊ ကိုယ်နဲ့ အသင့်တော်ဆုံး ဆိုတာတွေကိုပဲ လိုချင်ကြ ရွေးချယ်ချင်ကြတာပါ။ ဥပမာ အကောင်းဆုံး Personal Development နဲ့သက်ဆိုင်တဲ့ စာအုပ် ၅ အုပ်ကို Recommend လုပ်စေချင်တယ်ဆိုရင် “Recommend 5 best books on personal development” လို့ရိုက်ပြီး ပို့လိုက်တာနဲ့ ChatGPT က အကောင်းဆုံး ၅ အုပ်ကို ရွေးထုတ်ပေးမှာ ဖြစ်ပါတယ်။

ပုံမှာဖော်ပြထားတဲ့အတိုင်း ကိုယ်သိချင်တဲ့ Recommendation တွေကို အချိန်တိုအတွင်းသိနိုင်တဲ့အတွက် စာအုပ်၊ ဇာတ်ကားနဲ့ အခြားအကြောင်းအရာတွေကိုလည်း ကိုယ်ရွေးချယ်ရလွယ်ကူအောင် ChatGPT ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) Content ဖန်တီးခြင်း

Content များဖန်တီးခြင်းက ဒီနေ့ခေတ်ရဲ့ အသုံးအဝင်ဆုံး Skill တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဘယ်လို Content မျိုးတွေကိုပဲ ဖန်တီးဖန်တီး စိတ်ဝင်စားစရာ၊ ဆွဲဆောင်မှုရှိတဲ့ ဆောင်းစဉ်တွေဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ ဥပမာ YouTube မှာတင်ဖို့ အကောင်းဆုံး ခေါင်းစဉ် ၁၀ ခုကို ရွေးခိုင်းတော့မယ်ဆိုရင် “I want to publish top 10 best platforms to make money online video. Suggest 10 catchy names for this video title” လို့ရိုက်လိုက်ရုံပါပဲ။ အချိန်ပိုင်းအတွင်းမှာပဲ ChatGPT ကအသင့်တော်ဆုံး ရွေးချယ်စရာ ခေါင်းစဉ် ၁၀ ခုကို ချက်ချင်းပြသပေးမှာ ဖြစ်ပါတယ်။

(၄) Personal Development

တစ်ကယ့်လက်တွေ့ဘဝအကြောင်းအရာတွေကို ဖတ်ရှုရတာသဘောကျသူတွေ၊ ဇာတ်လမ်း ဇာတ်ကြောင်း အရှည်ကြီးကိုလည်း ဖတ်ရတာငြီးငွေ့သူတွေအတွက် ChatGPT ကတစ်ထောင့်တစ်နေရာကနေ အသုံးဝင် နေပြန်ပါသေးတယ်။ ChatGPT ကိုအသုံးပြုပြီး ကိုယ်သိချင်တဲ့ အောင်မြင်နေတဲ့ပုဂ္ဂိုလ်ရဲ့ အကြောင်းအရာတွေကို အနှစ်ချုပ်ပြုလုပ်ခိုင်းပြီး ဖတ်ရှုလို့ရပါတယ်။ “Tell me the true story of Steve Jobs, The Apple founder to motive me” လို့ရိုက်ချပြီး ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

(၅) ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို ရှင်းပြစေခိုင်းခြင်း

နားလည်ဖို့ခက်ခဲတဲ့အကြောင်းအရာတွေ၊ အရေးကြီးတဲ့အချိန်မျိုးမှာ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို နားလည်ရလွယ်ကူစေဖို့အတွက် ChatGPT ကို နေ့စဉ်ဘဝမှာ အသုံးချနိုင်ဦးမှာ ဖြစ်ပါတယ်။ အသုံးပြုသူဟာ Programmer ဖြစ်ဖြစ်၊ Marketing နယ်ပယ်က Marketer ပဲဖြစ်ဖြစ်၊ စူးစမ်းလိုစိတ်အပြည့်နဲ့ ကျောင်းသားတစ်ယောက်ပဲ ဖြစ်ဖြစ် သိလိုတဲ့အကြောင်းအရာကို မေးမြန်းစူးစမ်းနိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေနားလည်လွယ်အောင်လည်း မေးမြန်းဖော်ပြပေးနိုင်တဲ့အတွက် အတော်လေးအဆင်ပြေတဲ့ လုပ်ဆောင်နိုင်စွမ်းတစ်ခုလို့တောင် ပြောနိုင်ပါသေးတယ်။ ဥပမာ ခေတ်စားနေတဲ့ NFT တွေအကြောင်းကို ၅ နှစ်အရွယ်ကလေးနားလည်အောင် ရှင်းပြစေချင်တယ်ဆိုပါစို့။ “Explain NFT like I’m 5” လို့ရိုက်လိုက်တာနဲ့ ChatGPT ဘက်က ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

(၆) အရေးအသားစွမ်းရည်ကို တိုးတက်အောင် ပြုလုပ်ခြင်း

အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို တိုးတက်အောင် ဘယ်လိုလုပ်ရမလဲမသိ ဖြစ်နေသူတွေအတွက် ChatGPT က လည်း သင့်ကို တိုးတက်အောင်ကူညီပေးမယ့် Assistant တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ကိုယ့်အရေးအသားနဲ့ ပက်သက်ပြီး စိတ်တိုင်းမကျဘူး၊ ယုံကြည်ချက်မရှိဘူးဆိုသူတွေအတွက် ChatGPT ကို အသုံးပြုနိုင်ပါတယ်။ တိုးတက်လာအောင်လေ့လာတဲ့နေရာတွေမှာပဲ အသုံးပြုပြီး Cheat ဖြစ်စေမယ့်နည်းလမ်းမျိုးနဲ့ အသုံးမပြုကြဖို့ ကိုတော့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ အရေးအသားကို formal ကျကျရေးသားချင်တယ်ဆိုရင် “Rewrite this sentence more formally: “I want to apply for the content writer position. Does the job offer still open? လို့ ပေးပို့လိုက်တာနဲ့ ChatGPT က အချိန်တိုအတွင်း Formal ဆန်ဆန်ရေးသားထားတဲ့ အရေးအသားနဲ့ ပြန်လည်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ChatGPT ဟာ AI Language Model တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်အချက်အလက်တွေကိုပဲ အခြေပြုလေ့ကျင့် ပေးထားတဲ့အတွက် အရမ်း Update ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ် အကြောင်းအရာတွေကိုတော့ ပြန်လည် ဖြေဆိုနိုင်ခြင်း ရှိဦးမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် နေ့စဉ်ဘဝနဲ့ ဆက်စပ်တဲ့ မေးခွန်း အမေးအဖြေ၊ ဘာသာစကား၊ အရေးအသားအတွက် Assistant အယောက်အနေနဲ့ ကူညီပေးနိုင်သလို Research, Recommendations, Productivity နဲ့ Entertainment ပိုင်းတွေအပြင် အခြားအကြောင်းအရာမျိုးစုံမှာ ChatGPT ရဲ့ အကူအညီတွေကို ရရှိနိုင်ပါတယ်။