မြန်မာနိုင်ငံသား သုံးစွဲသူ ထက်ဝက်ကျော်သည် Digital Banking ကို အသုံးပြုရန် စိတ်ဝင်စားကြ

ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa မှ ပြုလုပ် ခဲ့သည့် “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံသား သုံးစွဲသူ ထက်ဝက်ကျော် ၅၈ ရာခိုင်နှုန်းသည် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှ တစ်ဆင့် အရောင်းအဝယ် ပြုလုပ်ရန် စိတ်ဝင်စားကြောင်း တွေ့ရှိရသည်။
အဆိုပါ လေ့လာမှုတွင် မြန်မာနိုင်ငံသား သုံးစွဲသူ ထက်ဝက်နီးပါး (၄၃ ရာခိုင်နှုန်း) သည် ဇီဝဗေဒဆိုင်ရာ စိစစ်အတည်ပြုခြင်း (Biometric Authentication) ဖြင့် ငွေပေးချေ မှုပြုလုပ်ရန် စိတ်ဝင်စားကြောင်း တွေ့ရှိရသည်။
Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံသား သုံးစွဲသူတွေရဲ့ သဘောထားနှင့် အပြုအမူတွေဟာ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ပိုမိုသုံးစွဲဖို့ တဖြည်းဖြည်းခြင်း ပုံမှန်ပြောင်းလဲ လာနေတာကို ကျွန်မတို့ တွေ့ရှိခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီလေ့လာမှုစစ်တမ်းရဲ့ ရလဒ်တွေကနေ တူညီတဲ့ ဦးတည်ချက် အဖြစ် မြင်တွေ့ခဲ့ရတာကလည်း ကျွန်မတို့ကို ပိုပြီး အားတက်စေခဲ့ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတကာအတွေ့အကြုံအရ၊ မြန်မာနိုင်ငံဟာ ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်နေပြီး ငွေသားကိုင်တွယ်အသုံးပြုမှု မရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာရေး အနာဂတ်မျှော်မှန်းချက်ဟာလည်း လက်တွေ့အခြေအနေသို့ တဖြည်းဖြည်းနဲ့ ဦးတည်သွားနေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Photo Source https://web.facebook.com/VisaMM/

လေ့လာတွေ့ရှိချက်များအရ သုံးစွဲသူများ၏ လေးပုံတစ်ပုံကျော်ခန့် (၂၇ ရာခိုင်နှုန်း) သည် ဘဏ်အကောင့်များ အသုံးပြု နိုင်ခြင်း၊ ငွေလွှဲခြင်း၊ ဘေလ်များ ပေးဆောင်ခြင်းနှင့် အခြားအရာများကို ဘဏ်ခွဲများသို့ ကိုယ်တိုင်သွားရောက်ခြင်းနှင့် ငွေသား ကိုင်တွယ်အသုံးပြုရန် မလိုဘဲ ဆောင်ရွက်နိုင်သော အွန်လိုင်း သို့မဟုတ် မိုဘိုင်းဝန်ဆောင်မှုစသော Digital Banking များနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြောင်း တွေ့ရှိရသည်။ ဖြေဆိုသူများကို Digital Banking သို့ ပြောင်းလဲအသုံးပြုရန် ၎င်းတို့အား လှုံ့ဆော်သော ထိပ်တန်း အကြောင်းအရာများကို မေးမြန်းခဲ့ရာ ၄၀ ရာခိုင်နှုန်းသည် မြန်ဆန်မှုနှင့် အဆင်ပြေမှုများကြောင့် ဖြစ်ကြောင်း၊ ၃၂ ရာခိုင်နှုန်းသည် ဘဏ်ခွဲများ၌ တန်းစီစောင့်ဆိုင်း စရာ မလိုခြင်းကြောင့်ဖြစ်ကြောင်းနှင့် ၂၈ ရာခိုင်နှုန်းသည် နည်းပညာအသစ်ကို ကြိုးစားအသုံးပြုလိုခြင်းကြောင့်ဖြစ်ကြောင်း စသည်ဖြင့် ဖြေဆိုခဲ့ကြသည်။
မြန်မာနိုင်ငံသား သုံးစွဲသူများအနေဖြင့် Digital Bank များမှ ရရှိလိုသော ဝန်ဆောင်မှုများအနက်မှ ထိပ်တန်းဝန်ဆောင်မှု ငါးခုမှာ ဘေလ်များ ပေးဆောင်ခြင်း (၆၅ ရာခိုင်နှုန်း)၊ မိသားစုနှင့် သူငယ်ချင်းများသို့ ငွေလွှဲခြင်းများ (၅၆ ရာခိုင်နှုန်း)၊ ချေးငွေများရရှိခြင်း (၄၁ ရာခိုင်နှုန်း)၊ ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများ (၃၅ ရာခိုင်နှုန်း) နှင့် နိုင်ငံတကာငွေလွှဲခြင်းများ (၃၃ ရာခိုင်နှုန်း) တို့ ဖြစ်ကြောင်းတွေ့ရှိရသည်။
ဤလေ့လာမှုမှ မြန်မာနိုင်ငံသား သုံးစွဲသူများသည် လက်ရှိဖြစ်ပေါ်နေသော လက်ဗွေနှိပ်ခြင်း၊ အသံအသိအမှတ်ပြုခြင်း၊ မျက်နှာအသိအမှတ်ပြုခြင်းနှင့် မျက်လုံး Scan ဖတ်ခြင်း စသော နည်းလမ်းများ အသုံးပြုပြီး စစ်မှန်ကြောင်း အတည်ပြု၍ ငွေပေးချေမှုပြုလုပ်နိုင်သည့် Biometric ငွေပေးချေမှု နည်းပညာအပေါ် စိတ်ဝင်စားမှုရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။
လေ့လာမှုအရ မြန်မာနိုင်ငံသားသုံးစွဲသူများ၏ ထက်ဝက်နီးပါး (၄၃ ရာခိုင်နှုန်း) သည် ဤ ငွေပေးချေမှု နည်းလမ်းကို စိတ်ဝင် စားကြကြောင်း တွေ့ရှိရသည်။ အတိအကျဆိုရသော် Biometric နည်းလမ်းဖြင့် စစ်မှန်ကြောင်းအတည်ပြုခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှုကို Gen-X (အသက် ၄၀ မှ ၅၄ နှစ်) များသည် ၅၆ ရာခိုင်နှုန်းဖြင့် ပိုမိုစိတ်ဝင်စားခဲ့ပြီး Gen-Y (၂၅-၃၉ နှစ်) များသည် ၃၇ ရာခိုင်နှုန်း ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

Photo Source https://web.facebook.com/VisaMM/

Biometric ငွေပေးချေမှုစနစ်ကို စိတ်ဝင်စားစေသော အဓိက တွန်းအားပေးမူများထဲတွင် မြန်ဆန်မူ နှင့် အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မှုအပေါ် စိတ်ဝင်စားသူ ၃၄ ရာခိုင်နှုန်း၊ ဤငွေပေးချေမှုစနစ်နည်းလမ်းကို သိရှိလို၍ စမ်းသပ်အသုံးပြုသူ ၂၇ ရာခိုင်နှုန်း၊ ကဒ် သို့မဟုတ် ငွေသားသယ်ဆောင်ရန် မလိုအပ်တော့သည့် အဆင်ပြေမှုကြောင့် ၂၅ ရာခိုင်နှုန်း စသဖြင့် တွေ့ရသည်။ “အခြားတစ်ဖက်တွင်လည်း ဖြေဆိုထားသူများမှ အဆိုပါစနစ်အသုံးပြုရန်အတွက် အဓိက စိုးရိမ်ပူပန်စေသော အကြောင်းတရားများအဖြစ် Biometric ငွေပေးချေမှုစနစ်တွင် ထည့်သွင်းရသော ကိုယ်ရေးအချက်အလက်များအပေါ် သံသယရှိခြင်း (၃၂ ရာခိုင်နှုန်း) ၊ စနစ်ကိုထည့်သွင်းရာတွင် အခက်အခဲရှိခြင်း (၃၂ ရာခိုင်နှုန်း) နှင့် ယင်းငွေပေးချေမှုစနစ်ကို အသုံးပြုရာတွင် အပိုပေးဆောင်ရနိုင်သော အခကြေးငွေများအတွက်စိုးရိမ်ခြင်း (၂၃ ရာခိုင်နှုန်း) ဟူ၍ ဖြေဆိုခဲ့ကြသည်။”
‘’Visa အနေနဲ့ အထူးသဖြင့် ယခုလို မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးကာလအတွင်းမှာ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရရှိခြင်းဟာ အခွင့်ထူးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ဝယ်လိုအားတွေကို နားထောင်သိရှိနိုင်ဖို့ ဒီလေ့လာမှုကိုပြုလုပ်နိုင်ခြင်းနဲ ရှာဖွေတွေ့ရှိချက်တွေကိုလည်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အသုံးပြုနိုင်ရုံသာမက နိုင်ငံရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်တဲ့ အထောက်အကူများ ကဏ္ဍအတွင်းတီထွင်ဖော်ဆောင် ထောက်ပံ့ နိုင်ခြင်းအတွက် များစွာပဲ ဝမ်းသာမိပါတယ်”ဟု Ms. Wang က နိဂုံးချုပ်ပြောကြားခဲ့သည်။