ASEAN Entrepreneur Award ဆုကို ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင် အရာရှိချုပ်မှ လက်ခံရရှိ

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်မာလင်း နန်းခမ်းနောင့်သည် ‘စွမ်းရည်မြင့်မား အမျိုးသမီးများ (Empowering Women)’ ခေါင်းစဉ်ဖြင့် ASEAN Entrepreneur Award ဆု ပေးအပ်ချီးမြှင့်ခံခဲ့ရကြောင်းသိရသည်။
အဆိုပါဆုကို တောင်ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာဆီယံ အတွင်းဝန်များအဖွဲ့တို့က ပံ့ပိုးပေးခဲ့ပြီး မာလင်းသည် ပြည်သူအားလုံး ပါဝင်အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ် မြှင့်တင်ရေးနှင့် ကမ္ဘောဇဘဏ်တွင် ဆောင်ရွက် လျက်ရှိသော ကျား၊မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များအတွင်း သူမ၏ ထူးချွန်ပြောင်မြောက်သော ပါဝင်ကြိုးပမ်း မှုများအတွက် ၂၀၂၀ ခုနှစ်၏ အာရှဒေသအတွင်း ထိပ်တန်း စီးပွားရေးဦးဆောင်သူများအနက် တစ်ဦးအပါအဝင်အဖြစ် အသိ အမှတ်ပြု ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ချိန်မှစ၍ မာလင်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဘဏ်ဦးဆောင်သည့် မိုဘိုင်းပိုက်ဆံအိတ် KBZPay ကို စတင် မိတ်ဆက်နိုင်ရေး အပါအဝင် ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးတွင် ဦးဆောင်စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၂၀၁၈ ခုနှစ် တွင် စတင်မိတ်ဆက်ခဲ့သော KBZPay သည် လက်ရှိ အသုံးပြုသူ (၆) သန်း၊ အရောင်းကုန်ဆိုင်နှင့် ကိုယ်စားလှယ်ပေါင်း (၂၉၀,၀၀၀) ကျော်ရှိပြီး ထိုအထဲတွင် (၅၂ ရာခိုင်နှုနန်း) သော စီးပွားရေးလုပ်ငန်းများကို အမျိုးသမီးများမှ ဦးဆောင် လုပ်ကိုင်လျက်ရှိသည်။ KBZPay ပလက်ဖောင်းသည် အသုံးပြုသူများအား မြန်မာနိုင်ငံတစ်ဝန်းရှိ အသေးစားလုပ်ငန်းရှင်များ၊ e-commerce ကုမ္ပဏီများ၊ e-gov ဝန်ဆောင်မှုများ၊ ပညာရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် လွယ်ကူလျှင်မြန်စွာ ချိတ်ဆက်ပေးလျက် ရှိပါသည်။

Photo Source https://bit.ly/3bXjQqp

“ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဇဘဏ် အဖွဲ့သားတွေအားလုံးကိုယ်စား ဒီဂုဏ်ပြုဆုကို လက်ခံရရှိတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီပေးနေတာတွေ၊ ကျွန်မတို့နိုင်ငံကို ဒစ်ဂျစ်တယ်ခေတ်မှာ ရှေ့တန်းကနေ ဦးဆောင်နိုင်ဖို့ အလေးထား ဆောင်ရွက်နေတာတွေကို အာဆီယံ အသိုက်အဝန်းရဲ့ အောင်မြင်မှု မှတ်ကျောက်တစ်ခုအဖြစ် အသိအမှတ်ပြု ခံရတဲ့အတွက် တစ်ကယ့်ကို အားတက်စရာပါပဲ။ အာရှဒေသရဲ့ နောက်ဆုံး စီးပွားရေးဥပစာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ပိုမို ကျယ်ပြန့်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့ ခိုင်မာအားကောင်းတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုဆိုင်ရာ ပလက်ဖောင်းတွေကို အသုံးချပြီး စီးပွားရေးစနစ်ကြီး တစ်ခုလုံးကို တမဟုန်ချင်း တိုးတက်ပြောင်းလဲသွားစေနိုင်တဲ့ အလားအလာကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒီအချိန်မှာ KBZPay ကလည်း မြန်မာနိုင်ငံက အသုံးပြုသူ သန်းပေါင်းများစွာကို သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် နေ့စဉ်သုံး ဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချမှုအပြည့်နဲ့ အလွယ်တကူ ချိတ်ဆက်နိုင်အောင် ဆောင်ရွက်ပေးနေတဲ့အပြင် သူတို့ရဲ့ ငွေကြေးစီမံဆောင်ရွက်တဲ့ ပုံစံကိုလည်း ပြောင်းလဲပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်မာလင်း နန်းခမ်းနောင့်က ပြောသည်။
ယနေ့အထိ KBZPay ပလက်ဖောင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော ငွေလွှဲလုပ်ဆောင်ချက်များ၏ ပမာဏမှာ အမေရိကန်ဒေါ်လာ (၉) သန်းကျော် ရှိနေပြီဖြစ်ပြီး သန်းပေါင်းများစွာသော ပြည်သူများအား ငွေကြေးဆိုင်ရာနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ်အဖြစ် ရယူထိတွေ့နိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မကြာသေးမီကပင် KBZPay ပလက်ဖောင်းမှ ဈေးဝယ်ချေးငွေနှင့် ကိုယ်ပိုင်ချေးငွေများ၊ ဒစ်ဂျစ်တယ် အသက်အာမခံနှင့် KBZPay ပလက်ဖောင်း ကို အသုံးပြုပြီး ပရဟိတ အဖွဲ့အစည်းများကို လှူဒါန်းနိုင်မည့် ‘အလှူဒါန’ လုပ်ဆောင်ချက်များကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ပလက်ဖောင်းအသုံးပြုမှု ပိုမို များပြားလာစေရန် မြှင့်တင်ပေးနိုင်ခဲ့သည်။
မာလင်းသည် ကမ္ဘောဇဘဏ်၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အသွင်ကူးပြောင်းမှုအတွက်လည်း ဉီးဆောင်လျက်ရှိပြီး ကြီးမားသည့် အဖွဲ့အစည်းများအတွက် ဝန်ဆောင်မှုပေးနိုင်သည့် Wholesale Banking ဆိုင်ရာ ဌာနခွဲတစ်ခုကို စတင်ဖွဲ့ စည်းခဲ့သည်။ သူမ အစပြုခဲ့သော လမ်းကြောင်းဖြင့် ကမ္ဘောဇဘဏ်တွင် လုပ်ငန်းရှင်တစ်ဦးကဲ့သို့ တွေးခေါ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ဝန်ထမ်းများ မွေးထုတ်ပေးနိုင်သော လုပ်ငန်းခွင်တစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ အဆိုပါ ဝန်ထမ်း၊ အဖွဲ့များသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် ဘဏ်လုပ်ငန်း နယ်ပယ်အတွက် မည်သည့်အတိုင်း အတာအထိသာ ဖြစ်နိုင်ခြေရှိသည်ဟူသော ကန့်သတ်ချက်များကို ကျော်လွန်နိုင်ရန် အဘက်ဘက်မှ ပူးပေါင်းလုပ်ကိုင်ကြပြီး အမြန်ဆုံး တိုးတက်စေမည့် နည်းဗျုဟာများကို ဝိုင်းဝန်းရှာဖွေကာ နောက်ဆုံးပေါ် ဘဏ်ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို အတူတကွ ပူးပေါင်းဖန်တီးရေးဆွဲ ကြပါသည်။

Photo Source https://bit.ly/3bXjQqp

၂၀၂၀ ခုနှစ်အတွက် ASEAN Entrepreneur Award ကို အာဆီယံ-ကိုရီးယား စင်တာနှင့် Maekyung Media တို့ ပူးပေါင်းစီစဉ်ကျင်းပပြီး အာဆီယံဒေသအတွင်းရှိ ထူးချွန်ထက်မြက်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များအား ပေးအပ်ချီးမြှင့်သည့် ဆုပေးပွဲတစ်ခု ဖြစ်ပါသည်။ ယခင်နှစ်များအတွင်း ဆုရရှိခဲ့ကြသည့် အာဆီယံဒေသအတွင်းရှိ နိုင်ငံအသီးသီးမှ ထူးချွန်သူများနှင့် ဆန်းသစ်တီထွင်မှုကို ဦးစားပေးသည့် စီးပွားရေးလုပ်ငန်းများမှာ GO-JEK တည်ထောင်သူ Nadiem Makarim ၊ TH Group ၏ Chairwoman ဖြစ်သူ Thai Huong နှင့် Traveloka ၏ CEO ဖြစ်သူ Ferry Unardi အစရှိသူတို့ ဖြစ်သည်။
ဆုပေးပွဲကျင်းပရေး အဖွဲ့အစည်းများနှင့် တောင်ကိုရီးယား၏ အာဆီယံမစ်ရှင်အဖွဲ့တို့ အသေးစိတ် တိုင်ပင် ဆွေးနွေးအပြီးတွင် ယခုနှစ်အတွက် ဆုများကို စက်တင်ဘာလ ၁၆ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်မည့် 21st World Knowledge Forum အတွင်း ပေးအပ်သွားမည် ဖြစ်ပါသည်။ ASEAN Entrepreneur Award အစီအစဉ်ကို အာဆီယံနှင့် ကိုရီးယားနိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ပိုမို ခိုင်မာစေရန် ရည်ရွယ်ကျင်းပခဲ့ရာ ယခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။