Facebook ပေါ်မှ လိမ်လည်မှုများအား သတိပြု၊ စစ်ဆေး၊ တိုင်ကြားခြင်း

အွန်လိုင်းပေါ်က လိမ်လည်မှုတွေဆိုတာ အင်တာနက်သုံးတဲ့သူတိုင်းကို ခြိမ်းခြောက်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Facebook ပေါ်မှာတော့ လူတွေက အကောင့်အတုတွေ ဖွင့်ကြတဲ့အခါ (သို့) အသုံးပြုသူတွေ နှစ်သက်ထားတဲ့ Facebook အကောင့်တွေ၊ စာမျက်နှာတွေကို ခိုးယူဖို့ ကြိုးစားတဲ့အခါ လိမ်လည်မှုတွေ ဖြစ်လာပါတယ်။ လူလိမ်တွေက အဲဒီ့ အကောင့်အတု (သို့) စိတ်မချရတဲ့ အကောင့်တွေနဲ့ အသုံးပြုသူတွေကို လှည့်ဖျားပြီး ငွေကြေး (သို့) ကိုယ်ရေးအချက်အလက်တွေ ပေးဖို့ တောင်းဆိုကြပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံက Facebook လူမှုအသိုင်းအဝိုင်းကို လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး သတိပြုကြဖို့နဲ့ လိမ်လည်မှုမှာ ပါဝင်နေတဲ့ စာမျက်နှာတွေ၊ ပိုစ့်တွေကို တိုင်ကြားပေးဖို့ တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ Meta ကနေ သိရှိ၊ စစ်ဆေး၊ တိုင်ကြားဆိုတဲ့ ချဉ်းကပ်ပုံအတိုင်း သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေလိုက်ပါတယ်။  

လိမ်လည်မှုတွေကို သတိပြုနိုင်ဖို့ 

လိမ်လည်မှုတွေ (သို့) အယောင်ဆောင်သူတွေရဲ့ ပုံစံကို သတိပြုထားနိုင်မယ်ဆိုရင် သူတို့ရဲ့ သားကောင် မဖြစ်အောင် ရှောင်ရှားနိုင်မှာပါ။ ဒီလို သတိပြုနိုင်ဖို့ ဒီအချက်တွေကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ် –

  • အပြင်မှာ ကိုယ်နဲ့ မရင်းနှီးဘဲ ပိုက်ဆံတောင်းတဲ့သူတွေ။
  • အလုပ်တစ်ခုလျှောက်တဲ့အခါ အခကြေးငွေပေးဖို့ တောင်းတဲ့သူတွေ။
  • အတည်ပြုထားတဲ့ အပြာရောင်အမှန်ခြစ် မရှိတဲ့ စာမျက်နှာတွေက အဖွဲ့အစည်းအကြီးကြီးတစ်ခု (သို့) လူသိများတဲ့သူတစ်ယောက်ကို ကိုယ်စားပြုတယ်ဆိုပြီး တစ်ခုခုလုပ်ဖို့ တောင်းဆိုတာ။
  • Facebook ပေါ်မှာ အပြန်အလှန် စကားပြောနေရင်း သီးခြား အီးမေးလ်တစ်ခုလိုမျိုး လူအများ မမြင်နိုင် (သို့) လုံခြုံမှု မရှိနိုင်တဲ့ ပုံစံပြောင်းပြီး ဆက်သွယ်ခိုင်းတဲ့သူတွေ။
  • ဆုလက်ဆောင်တစ်ခု လက်ခံရယူဖို့ သူတို့ဆီကို ပိုက်ဆံ (သို့) လက်ဆောင်ကတ်တွေ ပို့ခိုင်းတဲ့သူတွေ။
  • ကိုယ့်သူငယ်ချင်း (သို့) ကိုယ့်ဆွေမျိုးတစ်ယောက် အရေးပေါ်ဖြစ်နေပြီဆိုပြီး တစ်ခုခု လုပ်ခိုင်းတဲ့သူတွေ။
  • သူတို့ဘယ်မှာ ရှိနေလဲဆိုတာကို နေရာလွှဲပြီး ဖော်ပြထားတဲ့သူတွေ။
  • စာလုံးပေါင်းနဲ့ သဒ္ဒါရေးသားပုံ ညံ့ဖျင်းတဲ့ မက်ဆေ့ချ် (သို့) ပိုစ့်တွေ။
  • ဆုကြီးတစ်ခု ရယူဖို့ တစ်နေရာကို ဝင်ရောက်ခိုင်းတဲ့သူတွေ (သို့) အကောင့်တွေ။

တကယ်လို့ ကမ်းလှမ်းချက် (သို့) အပေး၊ အယူတစ်ခုက မယုံနိုင်လောက်အောင် အရမ်းကောင်းလွန်းနေတယ်ဆိုရင် လိမ်လည်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့မရင်းနှီး၊ မယုံကြည်ရတဲ့ လူပုဂ္ဂိုလ်တွေ (သို့) အဖွဲ့အစည်းတွေကို ကိုယ်ရေးအချက်အလက်တွေ မပေးမိအောင် သတိထားရပါမယ်။  

လိမ်လည်မှုတွေကို စစ်ဆေးနိုင်ဖို့ 

လူလိမ်တွေ (သို့) အယောင်ဆောင်သူတွေက သူတို့ရဲ့ သားကောင်တွေကို ဖြားယောင်းတဲ့အခါ နည်းလမ်း တစ်ခုတည်းကိုပဲ အမြဲတမ်း သုံးနေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သံသယဖြစ်စရာ အကြောင်းအရာတစ်ခုအပေါ် စိတ်ထင့်နေတယ်ဆိုရင် အမြဲတမ်း စစ်ဆေး၊ အတည်ပြုရမှာ ဖြစ်ပါတယ်။

Facebook ရဲ့ အတည်ပြုပြီး အမှတ်အသားဖြစ်တဲ့ အပြာရောင်အမှန်ခြစ်ကို ရှာကြည့်ပါ။ ဒီအမှတ်အသားက အမှန်တကယ် တည်ထောင်ထားတဲ့ လုပ်ငန်းတစ်ခုဆိုတာ Facebook ကနေ တရားဝင် စစ်ဆေးပြီးသား စီးပွားရေးလုပ်ငန်း စာမျက်နှာ၊ ပရိုဖိုင် (သို့) လူသိများထင်ရှားသူဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

လိမ်လည်မှုတွေကို တိုင်ကြားနိုင်ဖို့ 

ကိုယ့်ရဲ့ သတင်းစဉ်မှာ မေးခွန်းထုတ်စရာ ပိုစ့်တွေကို သတိပြုမိတာဖြစ်ဖြစ် (သို့) Messenger မှာ သံသယဖြစ်စရာ လင့်ခ်/ကမ်းလှမ်းမှုတွေပါတဲ့ မက်ဆေ့ချ်တစ်ခု လက်ခံရရှိတာပဲဖြစ်ဖြစ် လူလိမ်တွေ (သို့) သံသယဖြစ်စရာ လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့မယ်ဆိုရင် ပိုစ့်တိုင်း၊ စာမျက်နှာတိုင်း၊ တိုက်ရိုက်ပို့တဲ့ မက်ဆေ့ချ်တိုင်းကို Facebook က စစ်ဆေးပေးနိုင်အောင် တိုင်ကြားလို့ရပါတယ်။

 

Facebook ပေါ်မှာ ပိုစ့်တစ်ခုကို တိုင်ကြားရန် –

၁။ တိုင်ကြားလိုတဲ့ ပိုစ့်ကိုသွားပါ

၂။ ပိုစ့်ရဲ့ အပေါ်ညာဘက်ထောင့်က “…” ကို နှိပ်ပါ

၃။ ပိုစ့်ကို တိုင်ကြားရန် ကို ရွေးချယ်ပါ

၄။ တိုင်ကြားမယ့် ကိစ္စကို အကောင်းဆုံး ဖော်ပြနိုင်မယ့် အချက်တစ်ခု ရွေးချယ်ပြီးရင် လမ်းညွှန်ချက်အတိုင်း ဆက်လက် လုပ်ဆောင်ပါ

 

Facebook ပေါ်မှာ ပရိုဖိုင်တစ်ခုကို တိုင်ကြားရန် –

၁။ တိုင်ကြားလိုတဲ့ ပရိုဖိုင်ကိုသွားပါ

၂။ မျက်နှာဖုံးပုံပေါ်က “မက်ဆေ့” ရဲ့ ဘေးမှာရှိတဲ့ “…” ကို နှိပ်ပါ

၃။ ပရိုဖိုင်ကို တိုင်ကြားရန် ကို ရွေးချယ်ပါ

၄။ တိုင်ကြားမယ့် ကိစ္စကို အကောင်းဆုံး ဖော်ပြနိုင်မယ့် အချက်တစ်ခု ရွေးချယ်ပြီးရင် လမ်းညွှန်ချက်အတိုင်း ဆက်လက် လုပ်ဆောင်ပါ

 

Messenger မှာ မက်ဆေ့ချ်တစ်ခုကို တိုင်ကြားရန် –

၁။ တိုင်ကြားလိုတဲ့ စကားဝိုင်းကို ဖွင့်ပါ

၂။ စကားဝိုင်းရဲ့ အပေါ်ညာဘက်ထောင့်မှာရှိတဲ့ “i” ကို နှိပ်ပါ

၃။ အောက်ကိုဆွဲချပြီး တိုင်ကြားရန် ကို ရွေးချယ်ပါ

၄။ တိုင်ကြားမယ့် ပြဿနာတစ်ခုကို  ရွေးချယ်ပြီးရင် လမ်းညွှန်ချက်အတိုင်း ဆက်လက် လုပ်ဆောင်ပါ

အကြောင်းအရာ ပုံစံအမျိုးမျိုးကို ဘယ်လိုတိုင်ကြားရမလဲဆိုတာ ဒီနေရာ မှာ ပိုမို လေ့လာနိုင်ပါတယ်။  

မြန်မာနိုင်ငံအတွက် ထုတ်လုပ်ထားတဲ့ Meta ရဲ့ လူမှုအသိုင်းအဝိုင်းအတွက် လက်စွဲစာအုပ် ကို https://myanmar.fb.com/br/digital-literacy/ မှာ ဝင်ပြီး ဒေါင်းလုတ် ရယူနိုင်ပါတယ်။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရရှိနိုင်တဲ့ လက်စွဲစာအုပ်ထဲမှာ လူမှုစံနှုန်းတွေနဲ့အတူ Facebook ၊ Messenger ၊ Instagram နဲ့ WhatsApp လုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို ဖော်ပြပေးထားပါတယ်။