မကြာခင်ဖယ်ရှားခံရတော့မယ့် Facebook Profile ကအချက်အလက်များ

ဒီဇင်ဘာလကစတင်ပြီး အချက်အလက်လေးခုကို Profile ကနေဖယ်ရှားတော့မှာဖြစ်ကြောင်း Facebook အနေနဲ့အသုံးပြုသူတွေကို သတိပေးနေပြီ ဖြစ်ပါတယ်။ မကြာခင်ဖယ်ရှားခံရမယ့်အချက်တွေကတော့ Religious View, Political View, Address နဲ့ interested In တွေပဲဖြစ်ပါတယ်။ Facebook အသုံးပြုသူတွေရဲ့ Personal Profile မှာ ထည့်သွင်းဖော်ပြနိုင်တဲ့အချက်တွေဖြစ်ပြီးမကြာခင်မှာတော့ ဖယ်ရှားခံရတော့မှာ ဖြစ်ပါတယ်။ ဖယ်ရှားခံရမယ့်အချက်အလက်တွေကို ထည့်သွင်းထားသူတွေအနေနဲ့ Facebook ကဖယ်ရှားမယ့်အကြောင်း သတိပေးစာပေးပို့မှာဖြစ်ပါတယ်။ Profile မှာကျန်ရှိတဲ့ Contact နဲ့ အခြားအချက်အလက်တွေကတော့ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဖယ်ရှားမယ့်အကြောင်းကို Social Media Consultant တစ်ယောက်ဖြစ်သူ Matt Navarra က သူ့ရဲ့ Twitter Account ကနေ ဒီဇင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ဖယ်ရှားတော့မယ့်အကြောင်းကို tweet ပြုလုပ်ခဲ့ချိန်ကစပြီး Facebook အသုံးပြုသူတွေ ပိုမိုသိရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း “Facebook ကိုပိုမိုအသုံးပြုလို့ကောင်းအောင် အလွယ်တကူအသုံးပြုနိုင်အောင် အကောင်းဆုံးပြုလုပ်လျက်ရှိပြီး Profile ထဲက Interested In, Religious Views, Political Views နဲ့ Address လိုအချက်အလက်တွေကိုတော့ ဖြုတ်ချနေပါတယ်” ဆိုပြီး TechCrunch ကိုပြောထားပါသေးတယ်။

Facebook အနေနဲ့ လက်ရှိကာလနဲ့ နှိုင်းယှဉ်ပြီးအသုံးမတည့်တဲ့ လုပ်ဆောင်ချက်တွေကို ဖြုတ်လိုက်တာဖြစ်ပြီး အခုဖြုတ်လိုက်တဲ့အချက်အလက်တွေဟာလည်း အခြား Social Media Platform တွေမှာ ပါဝင်ခြင်းမရှိပါဘူး။ Instagram နဲ့အခြား Social Media Platform တွေဟာဆိုရင်လည်း ကိုယ်ရေးအချက်အလက် နည်းနည်းလောက်ပဲ ဖော်ပြပြီး နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ ကိုယ်ပိုင်အမြင်လို အခြားအချက်တွေကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။