Google နှင့် Ooredoo တို့မှ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ မြန်မာပြည်အနှံ့ Digital ကျင့်ဝတ်သင်တန်းများပို့ချမည်

Google နှင့် Ooredoo တို့မှ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နိုင်ငံတဝန်းဒစ်ဂျစ်တယ်ဗဟုသုတ တိုးပွားစေရေးအတွက် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သော ဒစ်ဂျစ်တယ်ကျင့်ဝတ်သင်တန်းအစီအစဉ်များအား မြန်မာနိုင်ငံတဝန်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်အထမအဆင့်တွင် ပညာရေးကောလိပ် ၂၅ ခုနှင့် ဆရာအတတ်သင်ကျောင်း ၂၅ ကျောင်းတွင်ဦးစွာသင် တန်းပို့ချသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတဝန်းရှိ ဆရာ၊ ဆရာမ ၃၀၀ ဦးခန့်အား သင်တန်းပို့ချပေးသွားနိုင်ရန် ရည်ရွယ်ထားပြီး အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှတဆင့် မြန်မာနိုင်ငံတဝန်းရှိ ဆရာ၊ ဆရာမများနှင့်ကျောင်းသူကျောင်းသား များအတွက် အရေးပါသော ကျွမ်းကျင်မှုနယ်ပယ် နှစ်ခုတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်လုပ်ဆောင်သွား မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

နည်းပညာပိုင်းဆိုင်ရာများကို ဆရာ၊ ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများ၏ ဘဝပိုမိုတိုးတက်လာစေရန် ကူညီဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဗဟုသုတများနှင့် နိုင်ငံသားတိုင်းလိုက်နာကျင့်သုံးသင့်သော ဒစ်ဂျစ်တယ်ကျင့်ဝတ်များအား သင်ကြားလေ့လာရခြင်းမှတဆင့် အင်တာနက်အားလူတိုင်းအတွက် ပိုမိုကောင်းမွန်သည့်နေ ရာတစ်ခုဖြစ်လာစေရန် ကူညီသွားနိုငမည်ဟု Google မှသုံးသပ်ဖော်ပြထားသည်။ အလားတူပင် Ooredoo အနေဖြင့်လည်း ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ ကျွမ်းကျင်မှုများအားပိုမိုမြင့်မားကောင်းမွန်လာစေရန်နှင့် အဆိုပါကျွမ်း ကျင်မှုများအား တာဝန်သိစွာ အသုံးပြုတတ်စေရန် ပံ့ပိုးကူညီပေးသွားရန် ရည်ရွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Photo Source By Myanmar Tech Press

“Ooredoo ဟာ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ကဏ္ဍဖော်ဆောင်မှုကို ဦးဆောင်လျက်ရှိပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံရဲ့ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကိုလည်း ကူညီပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဒစ်ဂျစ်တယ်ကွန်ရက် ထဲမှာ နေထိုင်လုပ်ကိုက်လျက်ရှိပြီး ဒစ်ဂျစ်တယ်ဗဟုသုတတိုးပွားရေးဟာ အင်တာနက်စွမ်းအားနဲ့ ဒစ်ဂျစ်တယ်အကြောင်းအ ရာတွေကို အသုံးချနိုင်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Google နဲ့ပူးပေါင်းပြီး ကလေးငယ်တွေ အနေနဲ့ အင်တာနက်ကို ကျယ်ကျယ်ပျံ့ပျံ့စနစ်တကျနဲ့ တာဝန်သိသိအသုံးပြုနိုင်ဖို့အတွက် တိုက်တွန်းတဲ့အနေနဲ့ ကျောင်း တွေမှာ ဒစ်ဂျစ်တယ်ဗဟုသုတနဲ့ပတ်သက်ပြီး သင်ကြားပေးတာဖြစ်ပါတယ်”ဟု Ooredoo Myanmar ၏ အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ Mr.Rajeev Sethi မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

အဆိုပါသင်တန်းများပို့ချမှုတွင်လည်း Ooredoo Myanmar မှ အင်တာနက်ချိတ်ဆက်အသုံးပြုမှုအဆင်ပြေစေရန်အတွက် Computer Laptop စုစုပေါင်း အလုံး ၃၀၀ ကိုလည်း ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
“မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အင်တာနက်ကို ၂၄ နာရီ အချိန်မရွေးအသုံးပြုလာနိုင်တဲ့ ဒီနေ့ခေတ်မှာ ဒစ်ဂျစ်တယ်ပိုင်း ဆိုင်ရာဗဟုသုတတွေ ပိုမိုတိုးပွာလာရေးဟာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက် အရေးအပါဆုံး အချက်တစ်ချက်ဖြစ်လာပါ တယ်။ လူငယ်တွေကို လက်တွေ့ဘဝမှာသာမက အွန်လိုင်းပေါ်မှာပါ ကိုယ်ချင်းစာစိတ်နဲ့ တာဝန်ယူလိုစိတ်ရှိပြီး တစ်ဦးနဲ့တစ် ဦး အချင်းချင်းစာနာနားလည်စိတ်နဲ့ ကူညီနေထိုင်တတ်အောင် သင်ကြားပေးဖို့က အလွန်အရေးကြီးပါတယ်။ အခုသင်တန်း အစီအစဉ်ဟာ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာလုံခြုံရေး၊ နောက်ပြီး အပြန်အလှန်လေးစားမှုနဲ့ပတ်သက်တဲ့ အဓိပ္ပာယ်ပြည့်ဝစေတဲ့ စ ကားဝိုင်းတွေကို မိမိတို့ရဲ့အိမ်မှာရော၊ ကျောင်းမှာပါမက အခြားနေရာတွေမှာပါ ပြန်လည်ပြောဆို ဆွေးနွေးဝေမျှပေးသွားနိုင်ဖို့ ဦးဆောင်လမ်းညွှန်ပေးသွားနိုင်မယ်လို့ ကျွန်မတို့အနေနဲ့မျှော်လင့်ပါတယ်”ဟု Google ၏ Head of Industry for Technology and Telco ဖြစ်သူ Su Ann Lim က ပြောကြားသည်။
အဆိုပါအစီအစဉ်အားပြုလုပ်ရခြင်းကြောင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတဝန်းမှ လူငယ်များ၏ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ ပိုမိုမြင့်မားလာစေရန်နှင့်အင်တာနက်အသုံးပြုရာတွင် တာဝန်ယူမှုရှိရှိဖြင့် အသုံးပြုတတ်စေရန် အကူအညီဖြစ်စေမည်ဟု Ooredoo နှင့် Google တို့မှမျှော်လင့်ထားသည်။