ကိုယ့်ပတ်ဝန်းကျင်က Air Quality ကိုစစ်ဆေးနိုင်တော့မဲ့ Google Maps

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေ လူနေမှုတွေနဲ့အတူ စက်ရုံ၊ အလုပ်ရုံနဲ့ မော်တော်ယာဉ်တွေ ကထွက်ရှိတဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှု ပြဿနာတွေက အမြဲမပြတ်ဖြစ်ပေါ်နေပါတယ်။ ညစ်ညမ်းလာတဲ့ လေထုကြောင့် သစ်ပင်တွေစိုက်ပျိုးကြတဲ့ Campaign တွေရှိလာသလို လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေ လျှော့ချတဲ့ Campaign တွေလည်းရှိပါသေးတယ်။ 

ကိုယ့်ပတ်ဝန်းကျင်က လေ့ထုညစ်ညမ်းမှုကိုတိုင်းတာပေးတဲ့ စက်ကရိယာတွေအပြင် ဖုန်း Application တွေလည်းရှိပါတယ်။ Google အနေနဲ့လည်း ရာသီဥတုတိုင်းတာမှတ်သားပေးတာတွေအပြင် Air Quality ကိုပါတိုင်းတာပေးမဲ့ စနစ်ကို Google Map ထဲမှာ ထည့်သွင်းပေးထားပြီဖြစ်ကြောင်း Google ရဲ့ ဂျွန်လ ၈ ရက်နေ့ Blog Post မှာဖော်ပြထားပါတယ်။ လေထုညစ်ညမ်းမှုကိုတိုင်းတာတဲ့ Air Quality Index (AQI) ကို သုညကနေ ၄၀၀+ အထိသတ်မှတ်ပေးထားပြီး နံပါတ်နည်းလေလေ လေထုညစ်ညမ်းမှု နည်းပါးလေလေပဲ ဖြစ်ပါတယ်။ Rating ကိုကြည့်ဖို့အတွက် Google Maps App ရဲ့ ညာဘက်အပေါ်ထောင့်က Layer Icon ကိုနှိပ်ပြီး Map Details မှာ Air Quality ကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။  

Photo Source Google

Google Maps မှာထည့်သွင်းထားတဲ့ လေထုညစ်ညမ်းမှုစနစ်ဟာ Environmental Protection Agency (EPA) လို အစိုးရအေဂျင်စီတွေက ရရှိတဲ့အချက်အလက်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Google Maps ရဲ့ Layer Icon ထဲမှာ လေထုညစ်ညမ်းမှုကို စစ်ဆေးနိုင်မဲ့ Air Quality အပြင်၊ တောမီးလောင်ကျွမ်းမှု စစ်ဆေးနိုင်မဲ့ Wildfire နဲ့ COVID-19 Info လိုအချက်အလက်စစ်ဆေးနိုင်တဲ့ လုပ်ဆောင်ချက်တွေပါ ပါဝင်ပါသေးတယ်။