ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်သော Health Care Application နှင့် Website များ

ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းမသွားနိုင်တဲ့ သူတွေ အနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေရယူနိုင်တဲ့ Application တွေနဲ့ Website တွေကိုတော့ သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေးကို တကူးတကကြီး ဂရုမစိုက်ရင်တောင် ဖြစ်ချင်ရာဖြစ် သတိလက်လွှတ်နေလို့တော့ မရပါဘူး။ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတာ၊ ဆိုးကျိုးဖြစ်စေတာတွေကို လေ့လာထားပြီး ရှောင်တာကလည်း ကျန်းမာရေးလိုက်စားခြင်းတစ်မျိုးပါပဲ။

အလုပ်အကိုင်ကြောင့်၊ ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့နေရာမှာနေရတာကြောင့်၊ ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါးလည်း မဟုတ်တဲ့အတွက် ဆေးရုံဆေးခန်းမသွားနိုင်တဲ့သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ ဗဟုသုတတွေကိုဖတ်ရှုနိုင်မယ့်အပြင်၊  ဆရာဝန်တွေနဲ့အတူ Online Consultation တွေပါ ပြုလုပ်နိုင်တဲ့ Application နဲ့ Website တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Photo Source Hello Sayar Won

(၁) Hello ဆရာဝန်

Hello ဆရာဝန် မှာ အမျိုးအသား၊ အမျိုးသမီး ကျန်းမာရေးကိစ္စတွေအပြင်၊ မျက်စိ၊ ဆီးချိုသွေးချို၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံးနှင့် သွေးကြော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဆောင်းပါးတွေအပြင် ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေပါ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ကျန်းမာရေး ဆောင်းပါးတွေအပြင် အသုံးပြုသူရဲ့ ကျန်းမာရေးကိုလည်း တွက်ချက်လို့ရပါသေးတယ်။

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ Hello ဆရာဝန်ရဲ့ Website ဖြစ်တဲ့ www.hellosayarwon.com မှာ ဝင်ရောက်လေ့လာနိုင်သလို Facebook Page www.facebook.com/hellosayarwon မှာလည်း ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ဖုန်းထဲမှာ Application ထည့်သွင်းထားချင်သူတွေအနေနဲ့လည်း Google Play Store မှာ Download ပြုလုပ်နိုင်ပါတယ်။       

Photo Source MyanCare

(၂) MyanCare

Hello ဆရာဝန်လိုပဲ ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူနိုင်တဲ့ Platform တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို MyanCare ရဲ့ Blog ထဲမှာဝင်ရောက်ဖတ်ရှုနိုင်သလို MyanCare ရဲ့ Pharmacy Store ကို Develop ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ MyanCare မှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုတွေအတွက် Package တွေရယူနိုင်မှာ ဖြစ်ပါတယ်။

အကြိမ်ရေအကန့်အသတ်မရှိ ဆရာဝန်တွေနဲ့ တိုက်ရိုက်မေးမြန်းနိုင်တဲ့ Unlimited Package၊ သားသားမီးမီးလေးတို့ရဲ့ ကျန်းမာရေးအတွက် မိသားစုဆရာဝန်တစ်ယောက်လို တိုင်ပင်ဆေးနွေးပေးမယ့် ရင်သွေးကျန်းမာရေး Call Center, Telenor Zay အသုံးပြုသူတွေအတွက် Unlimited Package Promotion, MyanCare နဲ့အတူ Branding တစ်ခု တည်ဆောက်ချင်သူတွေအတွက် Branding and Advertising Program အပြင် အိမ်တိုင်ရာရောက် Home HealthCare ဝန်ဆောင်မှုတွေကို လစဉ်ကြေးအမျိုးမျိုးနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အိမ်တိုင်ရာရောက် Home HealthCare ဝန်ဆောင်မှုတော့ လတ်တလောမရနိုင်သေးဘူးဖို့ website မှာဖော်ပြထားပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ MyanCare ရဲ့ Official Facebook Page www.facebook.com/Myancareapps နဲ့ myancare.org မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Android အသုံးပြုသူတွေအနေနဲ့ Google Play Store ကရယူနိုင်သလို iOS အသုံးပြုသူတွေအနေနဲ့လည်း App Store ကတစ်ဆင့် Download ပြုလုပ်နိုင်ပါတယ်။ 

Photo Source drmyanmar

(၃) drmyanmar.com

အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ Platform တွေလိုပဲ drmyanmar မှာလည်း ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ Platform တွေနဲ့မတူတဲ့အချက်ကတော့ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေရဲ့ နာမည်၊ ဆေးခန်းထိုင်ရက်၊ ဆေးခန်းအချိန်နဲ့ ရှိနေမယ့် ဆေးခန်းနဲ့ ဆေးရုံနာမည်တွေကိုပါ တစ်ခါတည်း ရှာဖွေနိုင်တာပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် ရန်ကုန်မြို့တွင်းက ဆေးခန်း၊ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊ အခမဲ့ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးဆိုင်ရာ ဆေးရုံဆေးခန်းအမျိုးမျိုးကို ရှာဖွေနိုင်တာပဲ ဖြစ်ပါတယ်။ ပြည်တွင်းကဆေးရုံတွေတင်မကပါဘူး ပြည်ပကလာရောက်ဖွင့်လှစ်တဲ့ ဆေးရုံတွေကိုလည်း ရှာဖွေနိုင်ပါတယ်။ ရှာဖွေလိုက်တဲ့ ဆေးရုံ၊ ဆေးခန်းလိပ်စာအပြင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုပါ အလွယ်တကူရရှိမှာ ဖြစ်ပါတယ်။ အရေးပေါ်ဆက်သွယ်ရမဘ့် ဖုန်းနံပါတ်တွေအပြင် ဆေးရုံ၊ ဆေးခန်းတွေရဲ့ ဝန်ဆောင်မှုကိုလည်း ရှာဖွေနိုင်တဲ့အတွက် အတော်လေးအသုံးတည့်တဲ့ website တစ်ခုလို့ ပြောနိုင်ပါတယ်။

drmyanmar ရဲ့ Official Facebook Page www.facebook.com/drmyanmarhealth/ နဲ့ drmyanmar.com website မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ Android အသုံးပြုသူတွေအနေနဲ့လည်း Google Play Store မှာ ဝင်ရောက် Download ပြုလုပ်နိုင်ပါတယ်။ 

Photo Source HOPE TeleCare Myanmar

(၄) HOPE TeleCare Myanmar

Helping Our People Everyday (HOPE) ဟာလည်း ဝန်ဆောင်မှုစုံလင်တဲ့ ကျန်းမာရေးအထောက်အပံ့ Platform ကောင်းတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ဗဟုသုတရစရာ ဆောင်းပါးအမျိုးမျိုးအပြင် အကုန်အကျသက်သာတဲ့ ဝန်ဆောင်မှုတွေကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ HOPE မှာဝင်ရောက်ချင်တဲ့ ဆရာဝန်တွေအနေနဲ့လည်း Healthcare Provider Section ကနေဝင်ရောက် လျှောက်ထားနိုင်ပါတယ်။ အသုံးပြုသူတွေအတွက်လည်း ကာကွယ်ဆေးအစီအစဉ်၊ ဆေးဆိုင်ဝန်ဆောင်မှုနှင့် ဓာတ်ခွဲခန်းဝန်ဆောင်မှုတွေကို ရယူနိုင်ပါသေးတယ်။

အသေးစိတ်အချက်အလက်တွေအတွက် HOPE ရဲ့ Official Facebook Page ဖြစ်တဲ့ www.facebook.com/hopetelecaremyanmar နဲ့ hope.com.mm website မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။ Android အသုံးပြုသူတွေအနေနဲ့ Google Play Store မှာ HOPE Telecare Myanmar Application ကို Download ပြုလုပ်နိုင်ပါတယ်။ 

Photo Source MyHealthcare

(၅) MyHealthcare

အင်တာနက်ကနေ ဆရာဝန်တွေနဲ့ ဆွေးနိုင်ရုံမက ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့ နောက်ထပ် Platform တစ်ခုကတော့ MyHealthcare ဖြစ်ပါတယ်။ COVID-19 ကာလအတွင်း လူနာပေါင်း ၅၇,၀၀၀ ကျော်အသုံးပြုခဲ့တဲ့ Platform တစ်ခုလို့လည်း ဖြစ်ပါတယ်။ MyHealthcare ရဲ့ အားသာချက်တစ်ချက်ကတော့ ဆရာဝန်တွေနဲ့ ၂၄ နာရီပတ်လုံး စာနဲ့ဖြစ်စေ၊ အသံနဲ့ဖြစ်စေ၊ Video နဲ့ဖြစ်စေ တိုက်ရိုက်ဆက်သွယ် ချိတ်ဆက် နိုင်တာပဲဖြစ်ပါတယ်။ တစ်လကို ၉၉၀၀ ကျပ်နဲ့ Premium တစ်လစာဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါတယ်။

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ MyHealthcare ရဲ့ Official Facebook page www.facebook.com/myhealthcare.com.mm နဲ့ myhealthcare.com.mm မှာဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ Download ပြုလုပ်လိုသူတွေအနေနဲ့ Google Play Store နဲ့ App Store တို့မှာလည်း ရယူနိုင်ပါတယ်။ MyHealthcare ရဲ့ Pharmacy marketplace website ကိုတော့ pharmacy.myhealthcare.com.mm နဲ့ Application အတွက် Google Play Store မှာ ရယူနိုင်ပါတယ်။